Saturday, March 4, 2017

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား/သူ များအတွက် သတိပြုရမည့်အချက် (၁၀) ချက်



(၁) စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူတိုင်း မိမိကိုယ်ကို ယုံကြည်မှုရှိရပါမည်။ သို့မှသာ ရလဒ်ကောင်းများကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှု အားကောင်းလာအောင် အောက်ပါလေ့ကျင့်ခန်းများကိုပြုလုပ် နိုင်ပါသည်။

(က) အတိတ်က အောင်မြင်ခဲ့သော စာမေးပွဲ/အချိန်/ဖြစ်ရပ်များကို ပြန်လည်တွေးကာ အောင်စိတ်မွေးရပါမည်။
(ခ) ငါ ဒီစာမေးပွဲကို အောင်ကိုအောင်ရမယ်၊ ငါ လုပ်ကို လုပ်နိုင်တယ် အစရှိတဲ့ အားရှိစေမည့် စကားများကို မိမိကိုယ်ကို ပြောပေးပါ။
(ဂ) ဘုရားရှိခိုး ၀တ်ပြုခြင်း။ (ဘာသာခြားများအနေဖြင့် မိမိကိုးကွယ်ရာဘာသာကို ၀တ်ပြုနိုင်ပါတယ်)

(၂) စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူတိုင်း စိတ်ကြည်လင်နေသင့်ပါသည်။ စာမေးပွဲ အကြောင်းတွေး ပြီး စိုးရိမ်ပူပန်မနေသင့်ပါ။ ကျွန်တော်တို့၏ ဦးနှောက်မှတ်ဉာဏ်သည် စိတ်တည်ငြိမ်သောအခါတွင် မိမိတို့ ကျက်မှတ်ထားသော စာများကို ပိုပြီးမှတ်မိလွယ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှုမျိုး မဖြစ်ရလေ အောင်/စိတ်တည်ငြိမ်မှုရလေအောင် စာမေးပွဲခန်းသို့ နာရီဝက်ထက်ပိုပြီး စောရောက်အောင် သွားသင့်ပါသည်။ စာမေးပွဲဖြေဆိုသည့် ခန်းမထဲရောက်လျှင် ရောက်ချင်း စိတ်ကို အတတ် နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားပါ။ ပထမဦးစွာ မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များ၊ ဆရာသမားများအတွက် မေတ္တာပို့ ဆုတောင်းပါ။

(၃) စာမေးပွဲဖြေဆိုခါနီးမှ စာကို အသည်းအသန် မကျက်သင့်။ စာမေးပွဲ ဖြေဆိုမည့်နံနက်တွင် ကျောင်းသား/သူတိုင်း စိတ်သက်တောင့်သက်သာ/ကြည်လင်နေသင့်ပါသည်။ သူငယ်ချင်းများနှင့် ပျော်ရွှင်စရာအကြောင်းများကို ပြောဆိုကာ ရယ်မောနေသင့်ပါသည်။ သူတစ်ပါးပြောသော ကောလဟလ စာမေးပွဲ မေးခွန်းများကို နားယောင် မနေသင့်ပါ။ ထို့အပြင် စာမေးပွဲဖြေဆိုခါနီးမှ ကျက်မှတ်သောစာများသည် မှတ်မိရန် မလွယ်ကူတော့ပါ။

(၄) ဘာသာရပ်တိုင်းအတွက် မေးခွန်းများကို ဖြေဆိုရာတွင် မေးခွန်းနံပါတ်စဉ်အလိုက် ဖြေဆိုဖို့ မကြိုးစားပါနှင့်။ စာဖြေသည့် မေးခွန်းသည် အမှန်ကန်ဆုံးဖြစ်ရန် လိုအပ်သည်။ အမှားများနိုင်သည့် မေးခွန်းမျိုး၊ စဉ်းစားရန် ခက်သည့် မေးခွန်းမျိုးကို နောက်ဆုံးမှဖြေရန်။ သတ်မှတ်ချိန်မကုန်ခင် အပုဒ်စေ့အောင် ဖြေပါ။

(၅) စာဖြေသူတိုင်းသည် စာမေးပွဲနီးလေလေ စိုးရိတ်စိတ်လွန်ကဲလေလေဖြစ်ပြီး အအိပ်ပျက်၊ အစားပျက် ဖြစ်တတ် သည်။ စာဖြေသူတို့၏ နေ့စဉ်အသုံးပြုရသော စဉ်းစားဉာဏ်၊ မှတ်ဉာဏ်တို့သည် အိပ်ရေး၀၀အိပ်ခြင်းနှင့် လုံးဝ ပတ်သက်နေပေသည်။ အိပ်ရေးပျက်လျှင် ကိုယ်ခံစွမ်းအားများ လျော့ကျကာ ကျန်းမာရေးထိခိုက်နိုင်သည်။ အိပ်ရေးပျက်လျှင် ကျက်မှတ်ထားသောစာများ ဦးနှောက်ထဲမှ ပေါ်ထွက်မလာခြင်း၊ စဉ်းစားရခက်ခဲခြင်းမျိုးကိုရင်ဆိုင်ကြုံတွေ့ရနိုင်သည်။

(၆) စာဖြေသူသည် မိမိအတွက်ခက်သော မေးခွန်းနှင့် ရင်ဆိုင်ရလျှင် စိတ်ကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ထားကာ အစွမ်းကုန် အကောင်းဆုံးကြိုးစားဖြေဆိုသင့်ပေသည်။

(၇) အချိန်စော၍ မေးခွန်းအားလုံး ဖြေဆိုပြီးနေလျှင် စာမေးပွဲခန်းမထဲတွင် အဖြေလွှာများအား အကြိမ်ကြိမ်စစ်ဆေး နေသင့်ပါသည်။ သတ်မှတ်ချိန်မတိုင်မီ အချိန်စော စာမေးပွဲခန်းထဲမှ ထွက်လာခြင်းမျိုးသည် မိမိ၏ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခြင်းပင် ဖြစ်ပါသည်။

(၈) ဘာသာရပ်တစ်ခုခု ဖြေဆိုပြီးတိုင်း တစ်ဦးနှင့်တစ်ဦး အဖြေတိုက်ခြင်း၊ အဖြေညှိခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။ အချို့သော စာမေးပွဲမေးခွန်းတို့၏ အဖြေများသည် တစ်ခုထက်မက ဖြစ်နိုင်ပေရာ မိမိအဖြေမှားလျှင် စိတ်ဓာတ် ရေးရာ ကျဆင်းမည်။ မိမိအဖြေမှန်လျှင် ပျော်ရွှင်မှုလွန်ကဲ၍ ကျန်ဘာသာရပ်များတွင် အနှောင့်အယှက် ဖြစ်နိုင် သည်။

(၉) စာဖြေသူသည် ဖြတ်လမ်းအလွယ်လိုက်ကာ အနီးကပ်ခန့်မှန်း မေးခွန်းများကို ယုံစားပြီး စာမေးပွဲဖြေဆိုမည်ဆိုပါက တစ်နှစ်ပတ်လုံး ရင်းနှီးမြှုပ်နှံခဲ့သော အချိန်နှင့်ငွေသည် အချည်းအနှီးဖြစ်သွားနိုင်သည်။

(၁၀) မေးခွန်းထုတ်သူတိုင်းသည် ပုံမှန်စာကြည့်သူတိုင်းကို အောင်မှတ်ဖိုး အလွယ်တကူပေးထားတတ်ပါသည်။ မိမိက ဉာဏ်ကိုလွှာသုံး၍ ကြိုးစားဖြေဆိုပါက ဘာသာရပ်တိုင်းကို အလွယ်တကူ ဖြေဆိုအောင်မြင်နိုင်ပါသည်။ စာသင် နှစ်စကတည်းက စနစ်တကျ ကြိုတင်ပြင်ဆင်ထားခဲ့သော ၀ီရိယရှင်တိုင်းသည် မိမိဖြေဆိုမည့် စာမေးပွဲတိုင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဘာသာစုံဂုဏ်ထူးများစွာနှင့် အောင်မြင်မည်မှာ လုံးဝအသေအချာပင်။

“အားလုံး ထူးချွန်အောင်မြင်နိုင်ကြပါစေ”

 အရှေ့မိုးကောင်းကင် အဆင့်မြင့်ဘော်ဒါ မှ ကူးယူဖော်ပြသည်။
www.ibestmagazine.com

#Education