Wednesday, March 8, 2017

ဝဋ်ကြွေးတွေဒီလိုကျေခွင့်ရှိရင်ဒီဘ၀မှာအကုန်ကျေပါစေ


 ဝဋ်ကြွေးရှိသမျှ ကျေပါစေ…

တစ်ခါတုန်းက ရွာတစ်ရွာမှာ… လင်မယားနှစ်ယောက်ရှိပါတယ်… အမျိုးသားဟာ သိပ်ကိုကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ အတွက် တစ်နေ့ တစ်နေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ်ပါတယ်။

သူအလုပ်က ပြန်လာပြီဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ်ရှာရမလဲဆိုတာပဲ တွေးနေတတ်ပါတယ်… အပြစ်ကလေး တစ်စုံတစ်ရာတွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာပါပဲ…။

အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရပါတယ်… သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားရှာပါတယ်၊ တစ်အိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ်၊ တစ်ခြံလုံး အမှိုက်တွေရှင်း၊ ထမင်း ဟင်းတွေကိုလည်း အဆင်သင့် ခူးခပ်ပေးထားပါတယ်… သို့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး…။

သူပြန်မလာခင် စောစောလေး ထမင်း ကြိုခူးထားမိရင်လည်း “ဒီလောက် အကြာကြီးက ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့၊ တစ်နေကုန် ပင်ပန်းနေတာ ဒီထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ” ဆိုပြီး ထမင်း ပန်းကန်ကို မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာပါပဲ…။

သူပြန်လာခါနီ်းမှ အပြေးအလွှား ထမင်းခူးထားပြန်တော့လည်း “ယောက်ကျားက မောမောပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီးစားပြီး ငါ့ကို သေစေချင်လို့လား” ဆိုပြီး ရိုက်ပြန်တာပါပဲ။

အမျိုးသမီးခမျာလည်း ထိုအမျိုးသားက ဘယ်လောက်ပဲ ရိုက်ရိုက် သံယောဇဉ်ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှတာမို့ ဆုတ်လည်း ဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာပါပဲ…။

ပတ်ဝန်းကျင်ကတောင် မခံမရပ်နိုင်အောင် ဖြစ်ကြရပါတယ်။“ဒီလောက် နှိပ်စက်နေတဲ့ ယောက်ကျား နင်ထားခဲ့ပါတော့လား” ဆိုလည်း မထားခဲ့နိုင်ပါဘူး..သူမ မပြတ်နိုင်ပါဘူး… ဒါနဲ့ နောက်ဆုံး ကြံရာမရတော့တဲ့အခါ… ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးကို အကျိုး အကြောင်းသွားပြီး လျှောက်ရရှာပါတယ်…။

* နောက်ဆုံးတော့လည်း အားကိုးရာက သံဃာရတနာပါပဲ…*

အကြောင်းစုံကို သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ်…။

“ဒကာမရဲ့ ယောက်ကျားက ဘယ်အချိန်တွေမှာ အရိုက်များတတ်သလဲ”

“ရိုက်တာတော့ အချိန်တိုင်းလိုလိုပါပဲ ဘုရား၊ သို့ပေမယ့် သူထမင်းစားခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား”
ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး…

“ရော့… နင့်ယောင်္ကျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက်” ဒီလိုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွားပါတော့တယ်။အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိနားမလည်သော်လည်း “အကြောင်းတော့ ရှိမှာပဲ” ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ပါတယ်။

ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုင်း သူ့ယောက်ကျား ထမင်း စားခါနီးလို့ အပြစ်တစ်ခုခုရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပေးထားလိုက်တယ်၊ အမျိုးသားကလည်း အနားမှာ အစဉ်သင့်ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာပါပဲ။

ဒီလိုနဲ့ တစ်လလောက် ကြာလာတဲ့ အခါမှာ… အမျိုးသားရဲ့ ရိုက်ပုတ်နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်းသွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ပါဘူး။အမျိုးသမီးက စမ်းသပ်ကြည့်ပါတယ် … ထမင်းကို စားလို့ လုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေးကြည့်တယ်၊ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ပါဘူး…။

ဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသားကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလျှောက်ထားတဲ့ အခါမှာတော့…

ဆရာတော်ကြီးက မိန့်ပါတယ်…

“အဲဒါ ဝဋ်ကြွေးကြေအောင် လုပ်ပေးလိုက်တာ”…တဲ့။

ဆရာတော်ကြီး ဆက်ပြီး မိန့်တာက …

“တို့ဘုရားရှင် လက်ထက်တော်တုန်းကလည်း ဒီလိုပဲ ဒကာတို့ ၊ ဒကာမတို့ … အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယားဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ … အတိတ်က နွားရှင်ဖြစ်ခဲ့စဉ်က နေ့စဉ်ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က ခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော်မူခဲ့တယ်… တုတ်တစ်ချောင်းနဲ့ တစ်ချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့၊

အုန်းလက်ရိုး တံမြက်စည်းက တစ်ချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တစ်ချက်ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကြေပါတယ်… ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီးလျှောက်ထားတော့ ဘုရားပေးတဲ့ နည်းလေး အတိုင်းပဲ ပေးလိုက်တာပါ…။

“ကဲ…ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော်ရွှင်ရွှင် နေကြပေရော့”ဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွားပါတော့တယ်…။

ကဲ စာဖတ်ပရိသတ်လည်းပဲ ဒီနည်းလေးကို နည်းယူပြီး သုံးကြမယ်ဆိုရင်တော့…

* တစ်ခါတစ်ရံ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင်ခံရတဲ့ အခါ… အပြစ်ပြန်ပြီး မတင်ပါနဲ့ … ဝဋ်ကြွေး မကျေဖြစ်ပါလိမ့်မယ်… များများလေးသာ တင်ပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေလိမ့်မယ်။

* ကိုယ်တန်ဘိုးအထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရပါလိမ့်မယ်… ပြန်မပြောပါနဲ့… ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်… များများလေးသာ ပြောပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်…။

* ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာမျိုးလည်း ကြုံရပါလိမ့်မယ်… ကျေးဇူးရှိလို့ ကျေးစွတ်တယ်လို့ မပြောလိုက်ပါနဲ့… ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်… များများလေးသာ စော်ကားပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်….။

မေတ္တာဖြင့် …စေတနာပန်းခင်း ဆရာတော်  မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ဗဟုသုတ