Saturday, March 4, 2017

ကလေးတွေ ဘာကြောင့် စောစောအိပ်သင့်သလဲ





 ကျမတို့ အရှေ့တိုင်းကလေးတွေဟာ အနောက်နိုင်ငံက ကလေးတွေလို စောစောအိပ်တတ်တဲ့ အလေ့မရှိကြပါဘူး။ ဒီမှာတော့ ည ၇နာရီဆိုရင် ကလေးတွေ အိပ်ဖို့ ပြင်ကြရပါတယ်။ အရှေ့တိုင်းက ကလေးတွေကတော့ ၁၀နာရီဆိုလည်း မအိပ်သေး ၁၁နာရီဆိုလည်း ဆော့ကောင်းတုန်းပါ။ ၇နာရီ ၈နာရီ ကလေးဘာကြောင့် အိပ်သင့်သလဲဆိုတာလေး ပြောပြမယ်နော်။

ကလေးတွေအတွက် အိပ်ရေးဝဝအိပ်ရခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ တစ်နှစ်အောက်အရွယ်ကတည်းက စောစောအိပ်စေတဲ့ အကျင့်ကို ပျိုးထောင်ထားပေးသင့်ပါတယ်။ ပထမဆုံး အိပ်ရေးဝတဲ့ကလေးဟာ လန်းဆန်းတယ်။ စိတ်ကြည်လင်တဲ့အတွက် သင်ကြားရလွယ်စေတယ်။ ဂျီကျသောင်းကျန်းတဲ့အချိန် သိသိသာသာ လျော့ကျသွားမယ်။

လန်းဆန်းတက်ကြွနေတဲ့အတွက် အိပ်ချင်မူးတူး ဟိုတိုက်ဒီတိုက် ထိခိုက်ဒဏ်ရာရတာတွေ နည်းသွားမယ်။ တစ်ခုခုသင်ကြားတဲ့အချိန်မှာ အာရုံစူးစိုက်မှုကောင်းတယ်။ အိပ်ရေးမဝတဲ့ကလေးတွေဟာ နေ့ဘက်မှာ လေးလံထိုင်းမှိုင်းမယ် သို့မဟုတ် အငြိမ်မနေနိုင်ဘဲ သောင်းကျန်းနေတတ်မယ်။ အဲဒါကြောင့် ADHD ရှိတဲ့ကလေးတွေမှာလည်း အိပ်ရေးဝဖို့ အရမ်းအရေးကြီးပါတယ်။

နောက်အရေးကြီးတဲ့အချက်က ကလေးတွေအတွက် ကိုယ်ခန္ဓာကြီးထွားစေတဲ့ Growth Hormone ဟာ ညသန်းခေါင်အချိန်မှာ အများဆုံးထွက်ပါတယ်။ အဲဒီအချိန်မှာ ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါမှ အဲဒီဟော်မုန်းက အများကြီးထွက်တာပါ။ ညနက်တဲ့အထိ မအိပ်တဲ့ကလေးတွေမှာ ကြီးထွားစေတဲ့ ဟော်မုန်းကောင်းကောင်းမထွက်တဲ့အတွက် ကိုယ်ခန္ဓာသေးညှက်တာတွေ ဖြစ်နိုင်ပါတယ်။

Growth ဟော်မုန်းဟာ ကိုယ်ခန္ဓာကြီးထွားဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ အခြားလုပ်ငန်းဆောင်တာတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ ပဋိဇီဝလုပ်ငန်းတွေမှာလည်း ပါဝင်ပေးတယ်။ ရောဂါတိုက်ဖျက်ရာမှာ ပါတယ်။ ဟော်မုန်းနည်းတဲ့အခါ ကလေးမှာ ရောဂါတိုက်ဖျက်နိုင်စွမ်းကျလာမယ်။ အိပ်ပျော်နေတဲ့အခါ ထွက်တဲ့ ပရိုတိန်းတစ်မျိုး (Cytokines) တွေကလည်း ရောဂါတိုက်ဖျက်ရေးမှာ အဓိကပါတယ်။ အိပ်ရေးမဝလို့ သူတို့နည်းလာတဲ့အခါ နှာစေးချောင်းဆိုးစတဲ့ အပရိကဝေဒနာလေးတွေ မကြာခဏဖြစ်တတ်တယ်။

အိပ်ရေးမဝတဲ့ကလေးတွေဟာ စိတ်ဖိစီးမှုများတယ်။ ကျမတို့ခန္ဓာကိုယ်မှာ စိတ်ဖိစီးစိတ်ညစ်တဲ့အခါ ကော်တီဆော (Cortisol) ဆိုတဲ့ ဟော်မုန်းထွက်တယ်။ ကော်တီဆောများများထွက်တဲ့အခါ ကိုယ်အလေးချိန်တက်လာမယ်၊ သွေးတိုးရောဂါဆီးချိုရောဂါစတဲ့ ရောဂါတွေ အဖြစ်လွယ်၊ ဖြစ်နိုင်ချေ သူများထက် ပိုများလာတယ်။

ကလေးညအိပ်နောက်ကျတာဟာ အသက်ကြီးလာရင် အလိုလိုပျောက်သွားတဲ့အထဲမှာ မပါပါဘူး။ ညဘက် ခဏခဏနိုးတာကသာ အသက်၃-၄နှစ်ကျော်ရင် ပျောက်သွားတာပါ။ ညအိပ်နောက်ကျတာကတော့ အကျင့်လုပ်ပေးထားမှ ပျောက်ပါတယ်။ မွေးစကလေးတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန်၁၈နာရီလိုအပ်ပါတယ်။

တစ်နှစ်အရွယ်ကလေးတွေက ၁၃-၁၄နာရီအိပ်ရမယ်။ ၂နှစ်ကနေ ၅နှစ်ကလေးတွေက ၁၀နာရီကနေ ၁၃နာရီအိပ်ရမယ်။ အဲဒီအိပ်ချိန်တွေ ပြည့်ဖို့အတွက် နေ့ခင်းဘက် ခဏတဖြုတ်အိပ်တဲ့အချိန်လေးတွေနဲ့ ဖြည့်ပေးရတယ်။ ၅နှစ်ကျော်သွားရင်တော့ ကလေးတွေ နေ့ခင်းအိပ်တဲ့အကျင့်ပျောက်သွားလိမ့်မယ်။ အဲဒီအတွက် ညဘက်ကိုအနည်းဆုံး ၁၀နာရီအိပ်ချိန်ရှိအောင် လုပ်ပေးသင့်တယ်နော်။

ညအိပ်ချိန်ကို လွယ်လွယ်ကူကူနဲ့ ကောင်းကောင်းအိပ်ပျော်အောင် ဖန်တီးပေးပါ။ မအိပ်ခင် မိနစ်သုံးဆယ်လောက်စောပြီး ရေချိုးပေးလိုက်ပါ။ အေးမယ်ထင်ရင် ရေနွေးလေးနဲ့ ချိုးနိုင်တယ်။ ကျမတို့ မြန်မာမိဘတွေအကုန်လုံးနီးပါးက ညဘက်ရေလုံးဝမချိုးခိုင်းဘူး။ အအေးမိမှာစိုးတယ်ပေါ့။ ညမိုးချုပ် ရေမချိုးတာထက် ရေချိုးပြီးတာနဲ့ နွေးနွေးထွေးထွေးလေးထားလိုက်မယ်ဆိုရင် ဘာမှ အန္တရာယ်မရှိပါဘူးနော်။

ရေချိုးပေးလိုက်တဲ့အတွက် ကလေးက သန့်ရှင်းပြီး အေးအေးလေးအိပ်လို့ကောင်းသွားမယ်။ ရေချိုးပြီးရင် သွားတိုက်မယ်၊ ဘာသာအလိုက် ဘုရားရှိခိုးမယ်၊ ပြီးတာနဲ့ ပုံပြင်ပြောပြ သို့မဟုတ် ပုံပြင်စာအုပ်ဖတ်ပြမယ်။ ပြီးရင် မီးမှိတ်ပြီး အိပ်စေတယ်ဆိုတဲ့ ပုံမှန် (routine) အကျင့်လေးကို ကြိုးစားပြီး လုပ်ကြည့်ပါ။ အစပိုင်းတော့ ခက်လိမ့်မယ်။ အားမလျော့ဘဲ ဆက်တိုက်လုပ်ပေးရင် သူတို့ အကျင့်ရသွားပါလိမ့်မယ်။

ကျမသားလေးကိုလည်း မနည်းကြိုးစားလုပ်နေရတုန်းပါ။ အဆော့အရမ်းမက်တော့ အမြဲဈေးဆစ်တယ်။ ၁၀မိနစ်လောက်ဆော့ပါရစေဦးပေါ့။ အဲဒီတော့ သူ့ကို အိပ်စေချင်တဲ့အချိန်ထက် နည်းနည်းစောပြီး လောဆော်ထားရတယ်။ လိုတိုးပိုလျော့လေးတွေ လုပ်နေရတုန်းပါပဲ။ ကျမတို့က အလုပ်ပြန်တာ နောက်ကျတော့ သူ့ကို အရမ်းအစောကြီးသိပ်ပြန်ရင်လည်း မိဘနဲ့ နေရတဲ့အချိန်လေး မရှိမှာစိုးတော့ ၉နာရီလောက်မှ သိပ်ရတယ်။

ဒါတောင် နည်းနည်းနောက်ကျတယ်ပြောလို့ရတယ်။ အကောင်းဆုံးက ၇နာရီခွဲနဲ့ ၈နာရီကြားသိပ်တာ ကောင်းတယ်။ ကိုယ့်မိသားစု လိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကြပေါ့နော်။ ၁၁နာရီ ၁၂နာရီတော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ကဲ ကိုယ့်သားလေးတွေ သမီးလေးတွေ ကျန်းကျန်းမာမာ ထွားထွားကြိုင်းကြိုင်းနဲ့ ဉာဏ်ကောင်းတဲ့သူလေးတွေ ဖြစ်ဖို့အရေး ကြိုးစားကြည့်လိုက်ကြပါဦး

 Nuby မှ ကူးယူဖော်ပြသည်။

www.myanmarkidworld.com

#ကလေးကျန်းမာရေး