Monday, February 20, 2017

မိမိတို့ရဲ့ သားသမီးလေးတွေကို ဒီလိုတွေ မပြောပါနဲ့



သင်ကမိဘနေရာကို ရောက်ပြီးတော့ သင့်ဆီမှာ ချစ်စရာကောင်းတဲ့ သားသားမီးမီးကလေးတွေ ရှိနေတယ်ဆိုရင်တော့ သင့်အနေနဲ့ သတိထားစရာတွေက အရမ်းကိုများပြားနေပါတယ်။ သူတို့လေး တွေရဲ့ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံဖော် ပေးနိုင်မှုက သင့်အပေါ်မှာပဲ မူတည်နေပါတယ်။ လက်ဦးဆရာက မိဘတွေဆိုတဲ့ စကားအတိုင်းပါပဲ။ သင့်ကလေး သားသမီးလေးတွေ က သူတို့လေးတွေရဲ့ ဘဝတစ်လျှောက်ရဲ့ အစက သင်တို့မိဘနဲ့ မိသားစုတွေပါပဲ။ သားသမီးလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ ထိန်းကျောင်းသင်ကြားမှုတွေမှာ မိဘတွေအနေနဲ့ ဂရုထား ဆင်ခြင်ပြီး သွန်သင်ဆုံးမသင့်ပါတယ်။ ဒီလိုမျိုး သွန်သင်ဆုံးမတဲ့ နေရာမှာ ကလေးငယ်လေးတွေကို မိဘတွေက မပြောသင့်တဲ့ စကားနဲ့ ခွန်းတုန့်လေး တွေရှိနေလို့ ဆင်ခြင်ရအောင် ဖော်ပြပေး လိုက်ပါတယ်။

၁။ “နင် ဘာဖြစ်နေတာလဲ” လို့ ဒေါသတကြီးနဲ့ ဆူပူသံပေါက်ပြီး မမေးသင့်ပါဘူး။ မိမိရဲ့ကလေးငယ်က မူမမှန်တာမျိုးတွေ၊ တစ်စုံ တစ်ခုမှားယွင်းနေတဲ့ ပုံစံမျိုးတွေ မြင်တွေ့နေရင်တောင်မှ ကလေး ငယ်ကို ယင်းအခက်အခဲနဲ့ပတ် စိတ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ် နဲ့ပဲ မေးမြန်းပါ။ ဘယ်အရာတွေက သူတို့အတွက် အခက်အခဲဖြစ်နေ သလဲဆိုတာနဲ့ ဘာတွေမှားယွင်းနေတာလဲဆိုတာကို တည်ငြိမ်စွာ ပြန်ဖြေပေးနိုင်မယ့် အနေအထားမျိုးရောက်အောင် မေးပါ။ ဒီလိုမှမ ဟုတ်ရင် သင့်ရဲ့ ဒေါသတကြီးနဲ့ စိတ်မရှည်မေးမြန်းမှုကြောင့် ကလေးငယ်မှာ ထိတ်လန့်စိုးရိမ်စိတ်တွေနဲ့ ပြန်လည်ဖြေကြားတတ် တော့မှာ မဟုတ်လို့ပါ။

၂။ “ နင်က အကြီးလောက်တောင် အသုံးမကျရတာလဲ” ဆိုတဲ့ ညီအစ်ကိုမောင်နှမတွေအချင်းချင်း ယှဉ်ပြီးတော့ အပြစ်တင်တာမျိုး တွေကို ရှောင်ရှားပါ။ သားသမီးတစ်ယောက်ချင်းစီမှာတော့ အားနည်းချက်၊ အားသာချက်နဲ့ ပြဿနာအခက်အခဲလေးတွေ ကိုယ်စီမှာရှိနေနိုင်ပါတယ်။ တစ်စုံတစ်ခုမှာ အဆင်မပြေတဲ့အခါ တိုင်း မောင်နှမအကြီးအငယ်တွေကို အချင်းချင်းခိုင်းနှိုင်းပြီး ပြောဆို နေမယ်ဆိုရင် ကလေးငယ်တွေမှာ တစ်သက်တာ စိတ်ဒဏ်ရာနဲ့ စိတ်အားငယ် သိမ်ငယ်မှုတွေ ရသွားနိုင်ပါတယ်။ သူ့ဆီမှာ အကြီး လောက် အရည်အချင်းမရှိဘူးဆိုတာတွေ၊ အားငယ်မှုတွေက သူတို့ တစ်ဘဝလုံး ကြီးဆိုးလွှမ်းမိုးသွားခဲ့ရင် ကလေးအနာဂတ်မကောင်း နိုင်တော့ပါဘူး။

၃။ “ဒါမျိုး နောက်တစ်ခါ ထပ်ဖြစ်ရဲရင် ဖြစ်ကြည့်” ဆိုတဲ့ ခြိမ်းခြောက် ပြစ်တင်တဲ့ စကားမျိုးမပြောပါနဲ့။ အမှားတွေဆိုတာ အမှန်တွေရဲ့ လမ်းစတွေပါပဲ။ အမှားတစ်ခုကျူးလွန်မိတိုင်း အမှန်ကို ဘယ်လိုလုပ် ရမလဲဆိုတာကို သိသွားတတ်ကြပါတယ်။  သင့်ကလေးငယ်က တစ်စုံတစ်ခု အမှားကိုကျူးလွန်မိသွားတိုင်း သင်က ဒီအမှားမျိုးထပ် မှားမိသွားရင် ဘာလုပ်မယ်။ ဘယ်လိုအပြစ်ပေးမယ် စသဖြင့်နဲ့ မခြိမ်းခြောက် မပြောဆိုမိပါစေနဲ့။ အဲ့လိုပြောဆိုခဲ့ပြီးနောက်မှာဆိုရင် တော့ သင့်ကလေးက အမှန်ကိုရှာပြီး ပြုပြင်လုပ်နိုင်မှာထက် အမှား တစ်ခုကနေတောင် ဘယ်လိုမှထပ်ပြီး ပြင်ဆင်ဖို့စတောင် ရဲတော့မှာ မဟုတ်ပါဘူး။ ခြိမ်းခြောက်လွန်းတဲ့ မိဘကိုအကြောက်လွန်သွားပြီး တော့ ဘာမှကိုလုပ်ရဲတော့မှာ မဟုတ်လို့ပါပဲ။

၎။ “ ဘာလို့ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေရတာလဲ” ဆိုတဲ့ ပြစ်တင်ပြီး စိတ်ဆင်းရဲစရာ စကားတွေကို မပြောပါနဲ့။ မိဘက စိတ်ဆိုးသွားတယ်ဆိုတာထက် စိတ်ပျက်သွားတယ်ဆိုတာ သား သမီးလေးတွေက ပိုပြီးတော့ ကြောက်တတ်ကြပါတယ်။ သူတို့လေး တွေကို မိဘဖြစ်သူတွေက စိတ်ပျက်ပြီး ပစ်ထားလိုက်ကြမှာစိုးရိမ် တတ်ကြပါတယ်။ နောက်တစ်ခုက သူတို့ကိုယ်တိုင်ပဲ မိဘကို စိတ် ဆင်းရဲစေပြီး အသုံးမကျတဲ့ သားသမီးအဖြစ်ကို ခံယူခဲ့ကြရင်လည်း ပိုပြီးတော့ ဆိုးရွားသွားစေနိုင်ပါတယ်။

၅။ “ နင်က တော်တော်ဆိုးတဲ့ ကလေးပဲ” လို့ မပြောပါနဲ့။ ကလေး တိုင်း၊ သားသမီးတိုင်းကတော့ ဆိုးတာလေးတွေ၊ လိမ္မာတာလေး တွေ ရှိနေတတ်ကြပါတယ်။ ဆိုးနေတာလေးတွေကို လိမ္မာလာ အောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ ပြုပြင်မလဲဆိုတာပဲ သင်တို့ မိဘတွေဆီမှာ မူတည်တတ်ကြပါတယ်။ လူတိုင်းကတော့ မိမိကို ဆိုးသွမ်းတယ်လို့ အပြောခံချင်ကြမလဲနော်။ ကလေးငယ်လေးတွေ လည်း ဒီလိုပါပဲ။ ဆိုးတယ်လို့ မပြောပဲ လိမ္မာလာအောင် သွန်သင် ပေးလိုက်ပါ။ တချို့ကလေးငယ်လေးတွေက ဆိုးတယ်လို့ အပြောခံ ရပြီးရင် ပိုပြီးတော့တောင် အရွဲ့တိုက်ပြီး ဆိုးသွမ်းသွားတတ်ကြလို့ သတိထားရပါတယ်။
www.ibestmagazine.com မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#အိမ်ထောင်သည်သိမှတ်ဖွယ်ရာ  #ကလေးဗဟုသုတ