Tuesday, February 21, 2017

သမီးလေး ဖတ်ဖို့ (၁)


သမီးလေးရေ . . .

မေမေ့အတွက်တော့ သမီးက သက်တန့်လေးလိုပါပဲ။ အမြဲတမ်း ပျောက်ကွယ်သွားမှာ စိုးရိမ်တဲ့ စိတ်နဲ့ တမြတ်တနိုး စောင့်ကြည့်နေရတာမျိုးပေါ့။ မေမေ့သမီးလေးက ဘယ်အရွယ်ပဲရောက်ရောက် မေမေ့မျက်လုံးထဲမှာတော့ သမီးလေး လူ့လောကထဲကို စရောက်လာတုန်းလိုပါပဲ။ မြင်နေမိဦးမှာပါပဲကွယ်။ သမီးလေးကို မေမေ ဖြစ်စေချင်တဲ့ ပုံစံလေး ရှိတယ်။ မေမေ ချပေးတဲ့ ပုံစံအတိုင်း သမီးလေးကို ကြီးပြင်းလာစေချင်တယ်။ မေမေနည်းနည်တော့ အတ္တကြီးသွားလောက်ပေမယ့် သမီးလေးအပေါ် ကောင်းစေချင်တဲ့ စေတနာပါ။ သမီးကို မိန်းကလေး ပီပီသသ သိမ်မွေ့နူးညံ့စေချင်သလို ထက်ထက်မြတ်မြတ် ရှိစေချင်တယ်။ စာဖတ်ဝါသနာပါပြီး ဗဟုသုတ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေချင်သလို အရိုးခံစိတ်လေးနဲ့ ဖြူစင်တဲ့ မိန်းကလေးလည်း ဖြစ်စေချင်တယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ သမီးအလိမ္မာလေး ဖြစ်စေချင်သလို ဘာသာရေးရဲ့ စစ်မှန်တဲ့ အနှစ်သာရကို သိတဲ့ မိန်းကလေးလည်း ဖြစ်စေချင်တယ်။ လူတိုင်းအပေါ်ကိုယ်ချင်းစာ တရား ထားတတ်ပြီး စိတ်ကောင်းရှိတဲ့ ကလေးမလေး ဖြစ်စေချင်တယ်။ မေမေတအား လောဘကြီးသွားလား မသိဘူးနော်။

မေမေ့လက်ပေါ်မှာ အိပ်မောကျနေတဲ့ သမီးလေးကို ကြည့်ရင်း သမီးလေး နည်းနည်း သိတတ်နားလည်လာတဲ့ အရွယ်ရောက်လာမယ့် အချိန်လေးကို ကြိုပြီး စိတ်ကူးယဉ်မိတယ်။ မေမေကလေ တင်းကြပ်တဲ့ စည်းကမ်းတွေကို မကြိုက်ဘူး။ အရာတိုင်းကို အကျိုးသင့်အကြောင်းသင့် နားလည်အောင် ပြောပြတာမျိုးပဲ ကြိုက်တယ်။ သမီးလေးကိုလည်း မေမေ့ကို ဘာမဆို လွတ်လွတ်လပ်လပ်တိုင်ပင်နိုင်တာမျိုးလေး ဖြစ်စေချင်တယ်။ မေမေက သမီးဘ၀ရဲ့ အရင်းနှီးဆုံးလူသား ၊ သမီးလေးကို နားလည်ဆုံးနဲ့ ၊ သမီးလေးရဲ့ ကွယ်ဝှက်ထားတဲ့ အတွင်းစိတ်ကို ဖွင့်ဟ မပြဘဲ သိနေတဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လည်း ဖြစ်နေရမယ် သမီး ၊ မလွယ်ကူပေမယ့် မေမေ ကြိုးစားရမှာပေါ့။

မေမေ့သမီးလေး လူ့လောကထဲ တင့်တောင့်တင့်တယ်ရောက်လာနိုင်ဖို့ ဖေဖေနဲ့ မေမေ ဘယ်လောက်ထိ အလုပ်တွေကြိုးစားခဲ့ရလဲ ဆိုတာ သမီးနားလည်နိုင်တဲ့ အရွယ်ရောက် လာတဲ့အခါ ပြောပြပေးရမယ်။ ဒီလောကကြီးမှာ ဘယ်အရာကမှ လွယ်လင့်တကူမရနိုင်ဘူး ဆိုတာ သမီး ငယ်ငယ်လေးတည်းက သိအောင် သွန်သင်ပေးရမယ်။ အဲ ချွင်းချက်တစ်ခုတော့ ရှိတယ် သမီး . . . လောက ကြီးမှာ အလွယ်တကူရပြီး ထာဝရတည်မြဲနေတာ မိဘမေတ္တာပဲ ။ အဲ့ဒါကိုတော့ အကြွင်းမဲ့ ယုံထားလိုက်။ သမီးလေးကို ဆုံးမသွန်သင်ပေးရမှာတွေ များလိုက်တာ . .  သမီးလေးရောက်နေတဲ့ အသက်အရွယ်ကိုလိုက်ပြီး မေမေ တဖြည်းဖြည်းနဲ့ ပြောပြသွားမယ်နော်။ ခုတော့ နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်လိုက်ပါဦး။ ပတ်ဝန်းကျင်က အရာတွေကိုတောင် ဘာမှန်းသေချာမသိသေးတဲ့ သမီးလေးအတွက် မေမေ စိတ်ကူးယဉ်နေတာတွေက စောလွန်းပါသေးတယ်။ ခဏနေ ဖေဖေ ပြန်လာတဲ့အခါ သမီးလေးကို မွှေးတာနဲ့ မေမေ့သမီးလေး နိုးသွားတော့မယ်။ ခုတော့ မေမေ့ရင်ခွင် ထဲမှာ နွေးနွေးထွေးထွေးအိပ်နေဦး သမီးရေ။

Trend Myanmar မှကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကလေးဗဟုသုတ