Tuesday, February 21, 2017

ကျန်းမာပျော်ရွှင်သော မိခင် ဖြစ်လိုသူတိုင်းအတွက် နည်းလမ်းကောင်းများ


 မိခင်ဘဝကို ပိုင်ဆိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်ပိုင်အချိန်တွေကို သားသမီးအတွက် မျှဝေပေးလိုက်ရပါတယ်။ သားသမီးအပေါ် ချစ်စိတ်နဲ့ မိခင်တိုင်းက ကျေကျေနပ်နပ်လက်ခံပြီး မိမိ သားသမီးတွေကို အကောင်းဆုံးပြုစုပျိုးထောင်လိုကြပါတယ်။
   
အထူးသဖြင့် သားဦးမိခင်တွေမှာ အတွေ့အကြုံက အသစ်ဖြစ်နေတာကြောင့် သားသမီး ရလာချိန်မှာ အချိန်မလောက်ငတာ၊ အိပ်စက်ချိန် အပြည့်အဝမရတာ၊ စိတ်နဲ့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာစတာတွေကြောင့် မီးဖွားပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျတာတွေ ခံစားရနိုင်ပါတယ်။ အချိန်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ မေမေတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို မလွယ်မသွေလိုက်နာဖို့ အကြုံပြုလိုက်ပါရစေ။

(၁) အချိန်သတ်မှတ်လုပ်ဆောင်ပါ
ကလေးမိခင်တစ်ယောက်အနေနဲ့ အချိန်အများစုကို ကလေးငယ်အတွက် ပေးရတော့မယ်ဆိုပေမယ့် ကိုယ်ရဲ့အိပ်ချိန်၊ စားချိန်၊ အနားယူချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်၊ လူမှုပေါင်းသင်းဆက်ဆံရေးလုပ်ချိန်၊ ဘာသာတရားအတွက် ဆောင်ရွက်ချိန်တွေကို အချိန်သီးသန့်သတ်မှတ်ဆောင်ရွတ်ဖို့တော့ လိုပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါမှ ကလေးအတွက်၊ မိသားစုအတွက် မိခင်ကောင်းတစ်ယောက်၊ အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ရာတွင်
ကလေးမိခင်တစ်ယောက်အနေနဲ့ပုံမှန် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ အလွန် လိုအပ်တယ်ဆိုပေမယ့် အချိန်မပေးနိုင်တာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတာတွေကြောင့် ပုံမှန်မလုပ်ဖြစ်ကြတာ များတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့် လေ့ကျင့်ခန်းက အချိန်သိပ်မပေးရတာ၊ မခက်ခဲတာ ၊ကိုယ်နဲ့ ကိုက်ညီတာမျိုးကို ရွေးချယ်လုပ်ဖို့လိုပါတယ်။

လမ်းလျှောက်ပါ
လမ်းလျှောက်တာက အလွယ်ကူဆုံးနဲ့ လိုက်နာလုပ်ဆောင်ဖို့ မခက်ခဲတဲ့ လေ့ကျင့်ခန်းပါ၊ တစ်ပက်ကို နာရီဝက်လေးကြိမ် လမ်းလျှောက်လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။

ကလေးထိန်းပါ
ကလေးထိန်းရင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်လို့ရပါတယ်။ ကလေးနဲ့အတူ ဆော့ကစားပေးတာ၊ ကလေးကို လက်ဆွဲပြီး လမ်းလျှောက်တာ၊ လမ်းမလျှောက်တတ်သေးတဲ့ ကလေးငယ်ကို တွန်းလှည်းထဲ ထည့်ပြီး တွန်းပေးတာတွေက ကလေးထိန်းရင်း လေ့ကျင့်ခန်းလုပ်သလိုပဲ ထိရောက်မှုရှိပါတယ်။

(၃)အိပ်ချိန် လုံလောက်စွာ ရရှိပါစေ
မိခင်တစ်ယောက်အနေနဲ့ တစ်ညအိပ်ချိန် အနည်းဆုံး ၆-၈ နာရီရှိသင့်ပါတယ်။ လုံလောက်တဲ့ အိပ်ချိန်ကို ရရှိမှသာ ကလေးငယ်ကို ကိုယ်စိတ်ကျန်းမာစွာနဲ့ ပြုစုစောင့်ရှောက်နိုင်ပါ။

(၄)အစားအစာ မှန်ကန်အောင် စားသုံးပါ
ကလေးမွေးပြီး မိခင်အများစုက ဝမှာ စိုးပြီး အစားအစာကို လျော့စားတာ ကလေးနို့တိုက်ရလို့ဆိုပြီး ပိုစားတာတွေနဲ့ မှန်ကန်တဲ့ စားသောက်မှုပုံစံမျိုး မရှိတတ်ပါတယ်။

- ကလေးငယ်ကို ကျွေးတဲ့ အစားအစာတွေကို ကလေးငယ်က ကုန်အောင်မစားခဲ့ရင် နှမြောလို့ဆိုပြီး မစားပါနဲ့။ မလိုလားအပ်ဘဲ ကိုယ်အလေးချိန်တတ်နိင်ပါတယ်။

- မနက်စာကို ဘယ်လောက်အလုပ်ရှုပ်ရှုပ်စားဖြစ်အောင် စားပါ။ မိခင်အများစုက မနက်ခင်းမှာ ကလေးဝေယျာဝစ္စတွေ လုပ်ဆောင်ရင် မအားလပ်တာကြောင့် မနက်စာ မစားတော့ဘဲ နေ့လယ်စာနဲ့ ပေါင်းစားတတ်ကြပါတယ်။ မနက်စာက တစ်နေ့တာလုံး စွမ်းအင်တွေ ပြည့်ဝနေစေတာကြောင့် မစားဘဲ မနေသင့်ပါ။

- ကလေးငယ်ကို ညနေစာ ကျွေးတဲ့ အခါ ကလေးက မစားဘဲ ငြင်းဆန်နေလို့ စိတ်မရှည်ဘဲ ငြင်းဆန်နေလို့ စိတ်မရှည်ဘဲ ကိုယ့်ဘာသာ စားလိုက်တာ မျိုးကိုလည်း ရှောင်ပါ။

(၅)မိခင်တိုင်း ဖြစ်လေ့ရှိသော စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုက စိတ်နဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းဒုက္ခပေးနိင်ပါတယ်။

- မိခင်တိုင်းက ကိုယ့်သားသမီးကို အကောင်းဆုံးမျှော်လင့်တတ်ကြတယ်ဆိုပေမယ့် ကလေးငယ်တိုင်းမှာ သူတို့ရဲ့ပင်ကို အရည်အချင်း၊ ဥာဏ်ရည်ဥာဏ်သွေးတွေ ရှိနေတတ်ပါတယ်။ အလွန်အမင်းကြီးကြီးမားမား မျှော်လင့်ပြီး  ကိုယ့်စိတ်ကို ဒုက္ခမပေးပါနဲ့။

- ကိုယ့်ကလေးကို တခြားသူကလေးနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ သွားပေါက်တာ၊ မတ်တတ်ရပ်တာ၊ စကားစပြောတာ စတာတွေကို တခြားကလေးနဲ့ မနှိုင်းယှဉ်မိပါစေနဲ့။

- အပြစ်ရှိသလို ခံစားချက်မျိုးကို ဖျောက်ဖျက်ပစ်ပါ။ သားသမီးအပေါ်ကိုယ်က တာဝန်မကျေဘူးဆိုတဲ့ ခံစားချက်မျိုးအစား အကောင်းဆုံး ပြုစုမှုတွေပေးနိုင်တယ်ဆိုတဲ့ စိတ်မျိုးကို မွေးမြူပါ။

(၆)အကူအညီ ယူပါ
ကလေးငယ်ကို တစ်ယောက်တည်းပဲ ပြုစုမယ်ဆိုတဲ့ စိတ်မျိုးမမွေးဘဲ ဖခင်ဖြစ်သူ၊ ဆွေမျိုးတွေနဲ့ အိမ်ပက်ဝန်းကျင်မှ ခင်မင်ရာ မိတ်ဆွေတချို့ရဲ့ အကူအညီကို ရယူတာမျိုးက ကလေးငယ်ရော မိခင်ပါ ပျော်ရွင်မှု၊ ကျန်းမာမှုတွေ ပိုမိုရရှိစေပါတယ်။

(၇)ပြင်ပြင်ဆင်ဆင်နေပါ
မိခင်တစ်ယောက်ဖြစ်လာလို့ အရင်လို ပြင်ဆင်မှုတွေ မလုပ်တော့တာမျိုး မနေပါနဲ့၊ အိမ်မှာဘဲ သဘာဝ နည်းလမ်းတွေနဲ့ ပြင်ဆင်တာမျိုးကို စနစ်တကျ လုပ်ဆောင်တာ၊ ဒါမှ မဟုတ် အလှပြင်ဆိုင်သွားပြီး ပြုပြင်မှုတွေ လုပ်ပါ၊ စိတ်လက်ပေါ့ပါးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ရရှိစေပါတယ်။

(၈) ပုံစံခွက်ထဲ ထည့်ပြီး ပြုစုပျိုးထောင်တာမျိုးကို ရှောင်ပါ
ကလေးတိုင်းမှာ ကိုယ်ပိုင်ဗီဇ အရည်အသွေးတွေ ရှိတတ်ပါတယ်။ ဖြစ်နိုင်ရင် ကလေးငယ်ရဲ့ ဗီဇအရည်အသွေားကို လမ်းကြောင်းတည့်မတ်ပြီး ပုံဖော်ပေးပါ။ ကိုယ်ဖြစ်စေချင်တာကို အတင်းအကျပ် ဇွတ်ခိုင်းစေတာမျိုးကို ရှောင်ပါ။

(၉) အမြဲတမ်း တတ်ကြွ လန်းဆန်းအောင် နေပါ
မိခင်ဖြစ်လာပြီဆိုပြီး ကလေးတာဝန်၊ အိမ်ထောင့်တာဝန်တွေနဲ့ပဲ အချိန်တွေ မကုန်စေပါနဲ့၊ အမြဲတမ်း တတ်ကြွလန်းဆန်းနေအောင် တစ်ပက်တစ်ကြိမ်လောက် ဈေးဝယ်ထွက်တာ၊ တစ်လနှစ်ကြိမ်လောက် အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စကားပြောတာ၊ တစ်လ တစ်ကြိမ်လောက် အပန်းဖြေ ခရီးထွက်တာတွေကို လုပ်ပါ။

(၁၀) မိခင်ဘဝကို ကျေနပ်နှစ်သက်ပါ
မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ်ပိုင်အချိန်တွေကို သားသမီးအတွက်၊ မိသားစုအတွက် မျှဝေပေးလို့ဆိုပြီး မကျေမနပ်စိတ်မျိုး မမွေးပါနဲ့။သားသမီးအပေါ် ချစ်စိတ်၊ မိသားစုအပေါ် ထားတဲ့ သံယောဇဉ် စိတိတွေနဲ့ အကောင်းဆုံးဖြတ်ကျော်ပါ၊ အဆင်မပြေမှုတစ်စုံတစ်ရာ ပေါ်လာတိုင်းမှာ မိခင်ဘဝကို စိတ်ပျက်အားငယ်တာမျိုးမဖြစ်လိုက်ပါနဲ့။
                                                               
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
goodhealth journal မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com