Thursday, January 5, 2017

အကူအညီလေးတစ်ခု

   ဒီအတန်းလေးကို စဝင်ကတည်းက မေရီ ကို သတိထားမိတယ်။ သူက အရပ်အတော်လေးရှည်တယ်။ သူ ဒီသင်တန်းတက်ရတဲ့အကြောင်းရင်း ကိုမေးကြည့်တော့ သူဟာ အိမ်တွေမှာ လူမမာပြုစုတဲ့အလုပ် ကို နှစ်ပေါင်း များစွာ လုပ်လာခဲ့ဖူးတယ်။အခုချိန်မှာ သူနာပြုလက်ထောက်သင်တန်း ဆင်းလက်မှတ်ကို ရအောင်ယူပြီး သူ့အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်နဲ့ ထိုက်သင့်တဲ့လစာကို ရအောင်ကြိုးစားမယ်လို့ ပြောတယ်။ တကယ်တော့ သူ ဒီသင်တန်းကို တက်ရတာ တခြားအကြောင်းရင်း ရှိသေးတယ် ဆိုတာ နောက်မှ သိလာရတယ်။သူ့မိသားစုရဲ့ လှောင်ပြောင်ဝေ ဖန်မှုတွေ ကို မခံနိုင်တော့လို့ သူ့ရဲ့ဂုဏ်သိက္ခာအတွက် တက်တာ၊ သူ့ကို အိမ်ကလူတွေက ငတုံးမ လို့အမြဲတမ်းခေါ်ကြတယ်၊ ဘာကိုမှ သေချာ လုပ်တတ်မှာ မဟုတ်ဘူးလို့လည်း ခဏခဏပြောကြတယ်လို့ သူကပြောပြတယ်။

ပထမ ၂ ပတ်လောက်အတွင်းမှာပဲ မေရီက လက်စွမ်းပြတယ်။ လူနာပြုစုရာ မှာ လက်တွေ့လုပ်မှသာ သိနိုင်မယ့်နည်းလမ်းတွေနဲ့အတွေ့အကြုံတွေကို အတော်လေးကျွမ်းကျင်တယ်။ လူနာကို အိပ်ရာပေါ်မှာ ရေချိုးပေး နည်းတွေ၊ လူနာကိုနေရတာ သက်သက်သာသာဖြစ်အောင် ထား နည်းတွေ လေ့ကျင့်စရာမလိုပဲ သူသိတယ်။ သူ့ကို တတန်းလုံးက ချစ်ခင် အားကိုးကြတယ်။ မသိတာရှိရင်သူ့ကိုသာမေး အကုန်စိတ်ရှည် လက်ရှည် ရှင်းပြတတ်တယ်။ ဒီလိုတော်တဲ့မိန်းကလေး လပတ်စာမေးပွဲမှာ ကျတော့ ကျွန်မအတော်အံ့သြ သွားတယ်၊ ကျတာမှ တော်တော်ဆိုးဆိုးဝါဝါး။

မေရီကို သီးသန့်ခေါ်ပြီးစကားပြောကြည့်တော့ သူက ပိုကြိုးစားပါ့ မယ်လို့ပြောတယ်။ ဒါပေမဲ့ ထပ်ကျပြန်ရော။ ကျောင်းက အကြံပေးဌာနမှာ အကြံဉာဏ်တောင်းကြည့်တော့မှ မေရီက စာသိပ်မဖတ်တတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူ့လို အရည်အချင်းရှိတဲ့ကလေးဟာ သူနာပြု လက်ထောက်အနေနဲ့ အတော်လေး အားကိုးရမယ့် အပြင် လူနာအပေါ်စေ တနာထားတတ်ပုံကလည်း အတော်လေး သိသာတယ်။ ဒီတော့ ကျွန်မ သူ့ကို သင်တန်းဆင်းလက်မှတ်ရအောင် ဘယ်လိုလုပ်ပေးရမလဲ အကြံ ထုတ်တယ်။ ဒါနဲ့ ကျောင်းကစာစစ်ဌာန ကိုသွားပြီး စာမေးပွဲကို နှုတ်ဖြေ စနစ်လုပ်ပေးလားမေးတော့ လိုအပ်တဲ့အချက်အလက်ကိုက်ညီရင် လုပ်ပေး တယ်တဲ့။ နှုတ်ဖြေအတွက် စာမေးပွဲကြေးတော့ ထပ်သွင်းရတာပေါ့လေ။ ဒါနဲ့ပဲ မေရီကို မေးခွန်းတွေဖတ်ပြဖို့ ကျွန်မတာဝန်ယူလိုက်တယ်။ သူဖြေတာတွေကိုလည်း နှုတ်နဲ့ပဲ ဖြေခိုင်းပြီး အမှတ်ပေးမယ်ပေါ့။ ဒီကိစ္စ ကျွန်မအတန်းကို ပြောပြတော့ သင်တန်းသားတွေကလည်း သဘောတူကြ တယ်။ စာမေးပွဲအချိန်မှာ အခြားသူတွေအနှောင့်အယှက်မဖြစ်အောင် မေရီ နဲ့ ကျွန်မ အခန်းပြင်က ကော်ရစ်ဒါမှာထိုင်ပြီး ဖြေတယ်။ သင်တန်းသားတွေ ကလည်း ကျွန်မ မေရီကို စာဖတ်ပြနေချိန်မှာ စိတ်ချရအောင်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ခုံတွေခြားကာ စည်းကမ်းတကျဖြေကြ တယ်။ မေရီရဲ့ စာမေးပွဲရလဒ်က ၈၀% ကောင်းတယ်။

တစ်နှစ်လုံး စာမေးပွဲတွေကို အဲလိုနည်းနဲ့ဖြေလာရင်း မေရီဟာ ယုံကြည်မှုရှိလာပြီးလက်တွေ့ပိုင်းမှာလည်း ပိုတော်လာတယ်။ နောက်ဆုံး သင်တန်းတင်းလက်မှတ်ပေးတဲ့နေ့မှာ အားလုံးက ကိုယ့်သင်တန်းဆင်း လက်မှတ်ထက် ပိုပြီး စိတ်ဝင်တစားစွာနဲ့ မေရီ့ အလှည့်ကိုစောင့်နေကြ တယ်။ တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းထဲခေါ်ပြီး လက်မှတ်ပေးနေ ချိန်မှာ မေရီ့အလှည့်ရောက်လာတယ်။ သူ ပြန်လာတော့ ညှိုးငယ်တဲ့ မျက်နှာ နဲ့ အခန်းထဲဝင်လာတယ်။ အားလုံးက သူ့ကို စုပြုံကြည့်နေမှန်း သိတော့မှ ဟေးးး ဆိုအော်ပြီး သူ့အရပ်ကလန် ကလားနဲ့ ပြေးလာပြီး ကျွန်မကို ကောက်ချီလိုက်တော့ တစ်တန်းလုံး လက်ခုပ်သံတွေနဲ့ ပြည့် လျှံသွားခဲ့တယ်။ ကျွန်မကို အောက်ပြန်ချပြီး သူ့လက်မှတ်ကို ဝှေ့ယမ်းကာ “ဒီမှာကြည့် ဒီမှာကြည့် ဒီလက်မှတ်ကို ဘယ်သွား သွားယူသွားမယ်၊ ကျွန်မကို ငတုံးမလို့ ပြောသူတိုင်းကို ထုတ်ပြပြီး ကြွားပစ်မယ်” လို့ပြောနေ တာကို ကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမတတ်ဝမ်းသာနေမိပါတော့တယ်။

 San Wunn Ni  မှကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ပညာရေး