Monday, December 19, 2016

ကလေးသူငယ်များ စကားပြောနှေးခြင်း



သင့်ရဲ့ ကလေးဟာ အခြားသော ရွယ်တူကလေးတွေနဲ့ ယှဉ်ရင် စကားပြောနှေးတာမျိုး ကြုံတဲ့အခါ မိဘတစ်ဦးအနေနဲ့ စိတ်ပူမိမှာ သေချာပါတယ်။ ဒီလို စကားပြောနှေးတဲ့ ကလေးငယ်တွေကို မိဘတွေအနေနဲ့ ဘယ်လို ထိန်းကျောင်းရမယ်၊ ဘယ်လို မဆက်ဆံရဘူးဆိုတာတွေကို ပြောပြချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူတာကို သတိပြုပါ။ အသက်တစ်နှစ်ပြည့်တာနဲ့ ကလေးတစ်ယောက်ဟာ စကားလုံးတစ်လုံးကို စပြောနေပေမယ့် အခြားကလေးတွေက စကားလုံးဆယ်လုံးလောက် ပြောတတ်တာမျိုး ရှိပါတယ်။ အသက်အရွယ်ချင်း တူရင်တောင် စကားပြောတဲ့အချိန်က မတူညီပါဘူး။ ( တကယ်လို့ သင့်ကလေးက ဘာသာစကား တစ်မျိုးထက်ပိုပြီး ပြောတယ်ဆိုရင် ဘာသာစကားကြောင့် စကားပြောစွမ်းရည် နှေးတာ ဖြစ်နိုင်ပါတယ်)

နောက်တစ်ချက်ကတော့  မိမိရဲ့ ဆွေမျိုးသားချင်းမှာ စကားပြောနှေးသူ သို့မဟုတ် စကားထစ်တဲ့သူ ရှိရင် မိမိရဲ့ သားသမီးမှာ မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

အထူးသတိထားရမှာကတော့ သင့်ကလေးရဲ့ စကားပြောနှေးမှုကို အရေးတကြီးပြဿနာတစ်ခုလို မပြောဆိုဖို့ လိုပါတယ်။ သင့်ရဲ့ အပြစ်တင်မှုက ကလေးရဲ့ စိတ်ကို ထိခိုက်စေနိုင်တာကြောင့် သင့်ရဲ့ အပြောအဆို၊ လှုပ်ရှားမှုတွေကို သတိပြုဖို့ လိုပါတယ်။

တကယ်လို့ သင့်အနေနဲ့ ကလေးငယ် စကားမပြောမှာကို စိုးရိမ်ရင်တော့ ကလေးဆရာဝန်နဲ့ ပြသပြီး စကားပြောစွမ်းရည်ကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်ပါတယ်။

ရှောင်သင့်တဲ့ အပြုအမူတွေကတော့ ကလေးငယ်ကို အခြားသော မောင်နှမတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒီလို အသက်အရွယ်မတူတဲ့ ကလေးနှစ်ယောက်ဟာ ဖွံ့ဖြိုးမှုနှုန်းလည်း မတူတာကြောင့် နှိုင်းယှဉ်ပြောဖို့ မသင့်ပါဘူး။

စကားပြောနှေးခြင်းဟာ ကုသဖို့ လွယ်ကူတဲ့ အရာ ဖြစ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး ပြသမှသာ ထိရောက်တဲ့ ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ စကားပြောနှေးတဲ့ ကလေးတွေအနေနဲ့ မူကြိုမတက်ခင် အရွယ်မှာ အမြန်ဆုံး ကုသမှသာလျှင် ကျောင်းနေချိန် အများနဲ့ ဆက်ဆံရာမှာ အဆင်ပြေမှာ ဖြစ်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com