Monday, December 19, 2016

ကလေးတွေဆော့တဲ့ ဂိမ်းများရဲ့နောက်ကွယ်မှာ.......



    ဒီနေ့ခေတ် မိဘများ အနေနဲ့ မိမိ တို့သားသမီး အကြီးအငယ်မရွေး ဂိမ်းကစားခြင်းကို ဘာကြောင့် နှစ်သက်စွဲလန်း နေလဲဆိုတာ ကို သိချင်နေကြပါလိမ့်မယ်။ မိမိတို့ ကိုယ်တိုင် ဂိမ်းကစားခြင်းကို မနှစ်သက်သူ ဒါမှဟုတ် မကစားဖူးတဲ့ သူတစ်ယောက် အနေနဲ့တော့ ဂိမ်းကစားခြင်းဟာ အရမ်းကို အချိန်ကုန်ပြီး အလုပ်မဖြစ်တဲ့ အရာတစ်ခုလို့ ထင်နေပါလိမ့်မယ်။ ဂိမ်းကစားခြင်းနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ဒီနေ့ခေတ်မှာ ကွန်ပျူတာ မှ မဟုတ်ပါဘူး စမတ်ဖုန်း၊ တက်ဘလက် နဲ့ Play station တွေမှာ မှာ လွယ်ကူစွာ ကစားနိုင်ပြီး မိမိတို့ အိမ်မှာ ကိုယ်ပိုင်မရှိလည်း အခြားလွယ်ကူစွာ ကစားနိုင်တဲ့ နေရာတွေအများကြီးရှိနေပါတယ်။ မိမိတို့ရဲ့ သား၊သမီးများ ဂိမ်းကစားတာကို စွဲလန်းနှစ်ခြိုက်နေမှုအပေါ် စိုးရိမ်နေကြရတဲ့ မိဘတွေအတွက် စိုးရိမ်မှုတွေပျောက်သွားအောင် မိမိတို့ကိုယ်တိုင် ဂိမ်းကစားတာကို မနှစ်သက် မကျွမ်းကျင်ဘူးဆိုရင်တောင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြချင်ပါတယ်။

ဘယ်အရွယ်မှ စတင်ကစား နိုင်ပါသလဲ

            အမေရိကန် ကလေးဆေးပညာ အကယ်ဒမီ (AAP)ရဲ့ အကြံပေးချက်အရဆိုရင် အသက် ၂ နှစ်အရွယ်နဲ့ အောက် ကလေးများအတွက် တီဗွီပဲဖြစ်ဖြစ် ဖုန်းတို့ တက်ဘလက်တို့ပဲဖြစ်ဖြစ်ကြည့်ခြင်း၊ပြခြင်းကို လုံးဝ မလုပ်သင့်ဘူး လို့သိရပါတယ်။             အခြားလေ့လာမှုမှတ်တမ်းတွေအရ အသက်၂နှစ်အောက်ကလေးငယ်တွေဟာ တီဗွီ၊ဖုန်း၊ တက်ဘလက် ဖန်သားပြင်များကို ကြည့်မယ်ဆိုရင် ဘာသာစကား သင်ယူတတ်မြောက်မှု နှေးကွေးနိုင်တယ်လို့လဲ သိရပါတယ်။ ဒါကြောင့် ၂နှစ်အောက် နဲ့ ၂ နှစ်အရွယ်ကလေးများကို ဖုန်း၊ တက်ဘလက်တို့ မပြမိအောင် အထူးသတိထားသင့်ပါတယ်။

ဂိမ်းကစားခြင်းဟာ ကလေးငယ်တွေကို သင်ကြားမှုအတောက်အကူ ပြုပါသလား

            ၂နှစ်နဲ့အောက် ကလေးများကို ဖုန်း၊တက်ဘလက်တို့ ပေးသုံးဖို့မသင့်တော်ပေမယ့် ၃ နှစ်နဲ့ အထက်ကလေးငယ်များ အတွက် ထူးထူးခြားခြား သင်ကြားမှု အထောက်အကူပြုတာကိုတွေ့ရပါတယ်။ ဖုန်းထဲမှ သင်ကြားမှု အထောက်အကူပြု ဂိမ်းတွေ ဟာ ကလေးငယ်များရဲ့ ကိန်းဂဏန်းအတွက်အချက်နဲ့ စာတတ်မြောက်ခြင်းကို အထောက်အကူပြုပါတယ်။ iPhone Application တစ်ခုဖြစ်တဲ့ Martha Speaks Dog Party ကို အမေရိကန် ပညာရေးဌာနက ကျောင်းတွေမှာ စမ်းသပ်အသုံးပြုကြည့်ခဲ့တဲ့အခါမှာ အဲ့ဒီ application ကိုနှစ်ပတ်လောက် နေ့တိုင်းအသုံးပြုတဲ့ အသက် ၃နှစ်မှ ၇နှစ်အရွယ် ကလေးငယ်တွေဟာ ဝေါဟာရ ကြွယ်ဝမှုမှာ ၃၁ ရာခိုင်နှုန်းထိ တိုးတက်လာတာကိုတွေ့ရခဲ့ ပါတယ်။ ကျောင်းတွေမှာ ကွန်ပျူတာ၊ တက်ဘလက် သင်ထောက်ကူ ဂိမ်းတွေကို အသုံးပြုလာကြပြီး ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေ သက်ဆိုင်ရာ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်တိုင်း အမှတ်ပေးတဲ့ နည်းကို ကျင့်သုံးလာကြပါတယ်။ လူငယ်များအတွက်လည်း တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်မှုကို မြင့်မားစေတဲ့ ဂိမ်းတွေလည်းရှိပါတယ်။ ဥပမာ အနေနဲ့ Minecraft လိုဂိမ်းမျိးကစားခြင်းအားဖြင့် ဗိသုကာပညာ၊ ရူပဗေဒ၊ အီလက်ထရောနစ်နဲ့ ပထ၀ီဝင် ဗဟုသုတတွေကိုပါရရှိနိုင်ပါတယ်။ ဒီလိုဂိမ်းမျိုးကို MinecraftEdu ဆိုပြီး သင်ကြာင်းမှုအထောက်အကူပြု ဂိမ်းအဖြစ်လည်းအသုံးပြုလာကြပါတယ်။ Civilization တို့ Sim City တို့အစရှိတဲ့ ဂိမ်းတွေဟာလည်း သမိုင်းကြောင်းနဲ့ ပထ၀ီဝင် မြေပုံတွေကို လေ့လာနိုင်တဲ့ ဂိမ်းမျိုးဖြစ်ပါတယ်။ ဒါတင်မကပဲ Teamwork ကိုသင်ယူနိုင်တဲ့ Dota, Counter Strikeလိုဂိမ်းမျိုးတွေလည်း ရှိပါသေးတယ်။ အားလုံးကို အတိုချုံးပြောရရင်တော့ ဂိမ်းကစားခြင်းဟာ ဆန်းသစ်တီထွင်ခြင်း၊ နည်းစနစ်ကျကျတွေးခေါ်သုံးသပ်ခြင်း၊ ပြဿနာ ဖြေရှင်းနိုင်ခြင်း၊ အသင်းအဖွဲ့လိုက် စုပေါင်းလုပ်ကိုင်နိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေကိုရရှိစေပါတယ်။

ဗီဒီယိုဂိမ်းနဲ့ အကြမ်းဖက်ခြင်း

            ဂိမ်းတိုင်းဟာ သင့်ရဲ့ ကလေးတွေနဲ့ မသင့်တော်ဘူးဆိုတာကိုလည်း မိဘများအနေနဲ့ သိထားသင့်ပါတယ်။ တစ်ချို့ဂိမ်းတွေဟာ ဆိုရင် အရွယ်ရောက်ပြီးသာ သူတွေအတွက်သာ ရည်ရွယ် ထုတ်လုပ်ထားတဲ့အတွက်ကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအတွက် ကစားဖို့ မသင့်တော်ပါဘူး။ အဲ့လိုဂိမ်းတွေမှာ လိင်မှုကိစ္စ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲ မှုတို့ ရံဖန်ရံခါ ပါတတ်တဲ့အတွက် အချို့နိုင်ငံ က ဂိမ်းခွေရောင်းတဲ့ ဆိုင်တွေမှာ အသက်အရွယ် အလိုက် ဆင်ဆာ သတ်မှတ်ပြီးမှသာ ရောင်းချခွင့်ရှိပါတယ်။ အဲ့လိုဂိမ်းမျိုးကို အရွယ်မရောက်သေးတဲ့ ကလေးတွေဆော့မိရင်အမူအကျင့်ပြောင်းလဲပြီး ခက်ထန်တဲ့အတွေးအခေါ်တွေ ၀င်ရောက်လာနိုင်ပါတယ်။ ဒါတင်မကပဲ အလွန်အကျွံ ဂိမ်းဆော့ခြင်းကြောင့်လည်း လူမှုရေးနယ်ပယ်မှာ အားနည်းပြီး ၀င်မဆံ့တဲ့ သူတွေလည်း ဖြစ်လာနိုင်ပါတယ်။ မိဘများအနေနဲ့ ဒီလိုအဖြစ်အပျက်တွေ ကိုယ့်သားသမီအပေါ် မဖြစ်စေဖို့ အထူးသတိထားကာကွယ်ဖို့လိုပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကိုယ့်သားသမီးတွေရဲ့ ၀ါသနာပါရာကို ပိတ်ပင်သလိုမဖြစ်ဖို့လည်း အရေးကြီးတဲ့ အတွက်ကြောင့် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာကို ပြောပြပေးပါမယ်။

ဂိမ်းဆော့တဲ့နေရာကို သတ်မှတ်ပါ

            မိမိတို့ရဲ့ သားသမီးတွေ ဆော့တဲ့ ဂိမ်းစက်၊ ကွန်ပျူတာ အစရှိတာတွေကို မိမိတို့မျက်စိရှေ့မှာ ရှိနိုင်တဲ့နေရာမှာထားပါ။ ဒီလိုထားခြင်းအားဖြင့် သူတို့ ဘယ်လိုဂိမ်း အမျိုးအစားကို ဆော့နေလဲဆိုတာကို ကိုယ်တိုင် မြင်နေရမှာ ဖြစ်တဲ့အတွက် ကလေးတွေနဲ့ မသင့်တော်တဲ့ ဂိမ်းများ ဆော့ကစားခြင်းမှ တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အချိန်အတိုင်းအတာကို သတ်မှတ်ပါ။

            နောက်တစ်ခုအနေနဲ့ ကလေးတွေရဲ့ ဂိမ်းဆော့တဲ့ အချိန်အတိုင်းအတာကို သတ်မှတ်ပေးပါ။ ပြောမရလို့ ဆော့ချင်သလောက်ဆော့ ဆိုပြီး ပစ်ထားလိုက်တာမျိုး အရမ်းချစ်လို့ အလိုလိုက်တာမျိုးမဖြစ်စေဖို့ အရေးကြီးပါတယ်။ ကလေးငယ် တစ်ယောက် အတွက် ဖန်သားပြင်ကို ကြည့်ရှုတဲ့ အချိန်အတိုင်းအတာဟာ ၂နာရီထက် မပိုစေရန်လည်း သတိထားဖို့လိုပါတယ်။

ကလေးများနဲ့ ဂိမ်းကစားခြင်းအားဖြင့် အချိန်ပေးပါ

            ဒီလိုပြောလိုက်လို့ ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် မိမိတို့ရဲ့ကလေး ကြိုက်နှစ်သက်တဲ့ ဂိမ်းကိုလိုက်ပြီး ကစားခြင်းအားဖြင့် မိဘနဲ့သားသမီးကြား အားလပ်ချိန်တွေမှာ စိတ်ဝင်စားမှု တူညီတဲ့ စကားဝိုင်းတစ်ခု ရရှိစေမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ Co-op Game တို့ Puzzle Game တို့ကို ကစားခြင်းအားဖြင့် မိဘနဲ့ သားသမီးအတူတကွ လုပ်ဆောင်ခြင်းကို သင်ယူနိုင်မှာဖြစ်သလို ပျော်ရွှင်မှုနဲ့ သံယောဇဉ်တို့ ပိုမိုခိုင်မာလာစေမှာဖြစ်ပါတယ်။ အဓိကအချက်အနေ နဲ့ကတော့ မိမိတို့ရဲ့ ကလေးတွေနဲ့ အတူဂိမ်းကစားခြင်းဟာ မလိုလားအပ်တဲ့ အတွေးအခေါ် အပြုအမူတွေကို သင်ယူခြင်းမှ ကာကွယ်ပြီး လုံခြုံစိတ်ချ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေရာတစ်ခုကို မိသားစုအတွင်းမှာ ဖန်တီးပေးမှာပါ။ ဒါတင်မကပဲ ဂိမ်းကို စွဲလန်းနေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးများကို ဘ၀အတွက် သွန်သင်ဆုံးမဖို့ အခက်အခဲရှိနေရင်လဲ ထမင်းစားပွဲမှာထိုင်ပြီး ဆုံးမတာထက် သူတို့နှစ်သက်တဲ့ ဂိမ်းကိုအတူ ကစားခြင်းအားဖြင့် သားသမီးနဲ့ မိဘပိုပြီးနားလည်မှုရရှိနိုင်ပြီး သာယာတဲ့မိသားစု ဖြစ်လာနိုင်မှာပါ။ နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ဂိမ်းကစားခြင်းကို ကန့်ကွက်တာထက် မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်ပေးခြင်းအားခြင့် ကလေးတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေရရှိလာနိုင်မှာဖြစ်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com