Monday, November 7, 2016

ပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်ထိန်းသိမ်းနည်း



ယနေ့ခေတ် လူအများစုဟာ ဆံပင်ကို ပုံစံမျိုးစုံ ပြောင်းလဲပြီး အရောင်စုံဆိုးကြပါတယ်။ ဒီလို အပူဒဏ် နဲ့ ဓာတုပစ္စည်းတွေနဲ့ အမြဲထိတွေ့နေတဲ့ ဆံသားဟာ အရမ်းကို ပျက်စီးလွယ်ပါတယ်။ အချို့က ဆံပင်ကို ဖြောင့်စက်ဆွဲ ၊ အပူချောင်းတွေနဲ့ ကောက်၊ Dryer သုံး အစရှိသဖြင့် ပြုလုပ်ပေမယ့် အစိုဓာတ်လိမ်းဆေးတော့ မလိမ်းကြပါဘူး။ ဆံပင်ကို အစိုဓာတ် မဖြည့်ပေးတဲ့အခါ ဦးရေပြားရဲ့ အပေါ်ယံလွှာဟာ တဖြည်းဖြည်း စားသွားနိုင်ပါတယ်။ ဒါ့အပြင် ဆံသားအဖျားနှစ်ခွဖြစ်ကာ ခြောက်သွေ့ကြမ်းတမ်းသွားနိုင်ပါတယ်။ ဒီလို ပျက်စီးမှုတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်ပါ။

ဆံသားကောင်းမွန်ဖို့အတွက် အရင်ဆုံး ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။ ခေါင်းလျှော်ရည် နဲ့ ပျော့ဆေး ဝယ်ယူတဲ့အခါ သဘာဝအစိုဓာတ်ဖြည့်ဆေးဖြစ်တဲ့ Coconut oil ၊ Coconut milk နဲ့ Argan oil ပါဝင်တာကို ရွေးချယ်ပါ။ ဒီပါဝင်ပစ္စည်းတွေဟာ ဆံသားကို ပျော့ပျောင်းစေပြီး ရေဓာတ်ကြွယ်ဝစေပါတယ်။

ခေါင်းလျှော်ပြီးခါစအချိန် Dryer နဲ့ အပူမပေးခင်မှာ ဆံသားကို ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆံပင်ဟာ ရေစိုနေတဲ့အချိန်မှာ ပျက်စီးနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အပူမပေးခင်မှာ Hair coat ဒါမှမဟုတ် မိမိနှစ်သက်ရာ အဆီတစ်မျိုးမျိုး လိမ်းပေးပါ။ ဒါမှသာ အပူဒဏ်ကြောင့် ဆံသားဟာ ဖွာမထွက်သွားမှာ ဖြစ်ပါတယ်။

အပူချောင်းတွေနဲ့ ပုံသွင်းတဲ့အခါ အပူချိန်ကို အဆုံးထိ တင်မထားပါနဲ့။ ဒီလို အပူချောင်းတွေ မသုံးခင် ဆံသားက ခြောက်နေပြီးသား ဖြစ်တာကြောင့် အပူချိန်ကို အလွန်အကျွံ တင်ပြီး သုံးစရာ မလိုပါဘူး။ တကယ်လို့ ဆံသားအရမ်းထူတယ်ဆိုရင် အပူချိန်မြင့်ထားတာကို အသုံးပြုပြီး ခပ်မြန်မြန် ပုံသွင်းပေးပါ။ ဆံသားအများစုဟာ အပူချိန် 360 ဒီဂရီ အထိပဲ ခံနိုင်ရည် ရှိပါတယ်။ ဒါပေမယ့် ဆံပင်ကို အရောင်ချွတ်ဖူးတယ် ၊ ဖြောင့်/ကောက်တာ များတယ်ဆိုရင်တော့ အပူချိန်ကို 300 ဒီဂရီလောက်ပဲ ထားသင့်ပါတယ်။

အကယ်၍ သင်ဟာ အပူချောင်းကို တစ်ပတ်တစ်ခါလောက် ပုံမှန်အသုံးပြုတဲ့သူဆိုပါက ဆံပင်ကို တစ်ပတ် နှစ်ခါလောက် ပေါင်းတင်ပေးဖို့ လိုပါတယ်။ ပေါင်းတင်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ရေမချိုးခင်မှာ ခေါင်းမှာ ပေါင်းတင်ဆေးကို ကြိုလိမ်းထားပြီး ဆံထုံးထုံးထားပါ။ ရေချိုး ၊ မျက်နှာသစ်ပြီးရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ တကယ်လို့ လုံးဝအချိန်မရဘူးဆိုရင် Hair Moisture Mask ကို ပါးပါးလိမ်း ၊ ကျစ်ဆံမြီးကျစ်ပြီး ညအိပ်လိုက်ရုံပါပဲ။ မနက်နိုးရင် အဆင်သင့် လျှော်လိုက်ရုံပဲဆိုတော့ အချိန်သက်သက် ပေးစရာ မလိုပါဘူး။ ဒါပေမယ့် ညအိပ်ရင်တော့ ခေါင်းအုံးပေါ်မှာ အခင်းတစ်ခု ခင်းထားဖို့ လိုပါတယ်။

ဆံသားအဖျားနှစ်ခွ မဖြစ်ဖို့အတွက် ညအိပ်တဲ့အခါ ဆံဖျားကို အဆီလိမ်းပေးသင့်ပါတယ်။ ဒါမှသာ မနက်ခင်းမှာ ကျန်းမာလှပတဲ့ ဆံသားကို ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဆံပင်အရှည်ပေါ် မူတည်ပြီး ဆံသားရဲ့ အဖျားတွေက ကွဲထွက်နေပါတယ်။ ဘယ်လိုအဆီမျိုး လိမ်းရမလဲဆိုတော့ ပျက်စီးနေတဲ့ ဆံသားတွေအတွက် ထွက်တဲ့ Damaging Repair Oil အမျိုးအစားကို အသုံးပြုသင့်ပါတယ်။

ဆံပင်အဖျားကို တစ်ပတ်တစ်ခါ နည်းနည်းစီ ပုံမှန် တိပေးပါ။ ဆံပင်တိုသွားမလားလို့ စိုးရိမ်ကြတဲ့သူတွေအတွက် မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။ ဒီလို ဆံပင်အဖျားကို တိပေးခြင်းဟာ ဆံသားကို ကျန်းမာစေပြီး ဆံပင်အရှည်မြန်စေပါတယ်။ ဒါ့အပြင် ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ ဆံဖျားတွေကို တိပေးမှသာလျှင် ဆံပင်ကို စိတ်ကြိုက်ပုံသွင်းလို့ ရမှာ ဖြစ်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkdiworld.com