Monday, November 7, 2016

လူငယ် နှင့် ဘ၀ရည်မှန်းချက်



တက္ကသိုလ်တက်နေတဲ့ အချိန်အတောအတွင်း မိမိရဲ့ ဘ၀ရည်မှန်းချက်အနေနဲ့ ဘာလုပ်ချင်လဲမေးလိုက်ရင် အများစုဆီက ကြားရတာက အသက်မွေးဝမ်းကျောင်းအတွက် ဘာလုပ်ချင်လဲမသိဘူး။ အကြံဥာဏ်ပေးပါလို့ ပြန်မေးတဲ့လူကပိုများပါတယ်။ အချို့ကျတော့ ဘ၀မှာ ငွေရေးကြေးရေးကိုစိတ်မပူရဘူးဆိုရင် ဘာလုပ်မလဲလို့ မေးလိုက်ရင် ရှိတဲ့ငွေကြေးနဲ့ပဲ လုပ်ငန်းတစ်ခုထောင်မယ်လို့ ဖြေပါတယ်။ အချို့ကျတော့ ဘာပြောလဲဆိုတော့ အလုပ်နည်းနည်းပဲလုပ်ရပြီး ငွေများများရတဲ့ အလုပ်မျိုးကိုလုပ်မယ်လို့ ဖြေပါတယ်။ လူငယ်တွေအနေနဲ့ မိမိရဲ့ ဘ၀အတွက် အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်တဲ့အခါ မိမိတကယ်လုပ်ချင်တဲ့အရာအပေါ် စိတ်ဓာတ်ပြင်းပြမှု ၊ တန်ဖိုးထားမှု နဲ့ စွမ်းဆောင်ရည်တွေကိုအခြေခံပြီး ရွေးချယ်သင့်ပါတယ်။ တကယ်လို့ ဘယ်အသက်မွေးဝမ်းကျောင်းအလုပ်ကို လိုက်ရမလဲဆိုတာရွေးရခက်နေရင် အောက်မှာဆက်လက်ပြောပြမယ့် အချက်တွေကိုလေ့လာပြီးဆုံးဖြတ်နိုင်ပါတယ်။

မိမိရဲ့ ၀ါသနာကို ထည့်သွင်းစဉ်းစားပါ

ဘာအလုပ်ကိုမှ စတင်မလုပ်ခင် သင့်ရဲ့ ၀ါသနာက ဘာလဲဆိုတာ စာရွက်ပေါ်မှာအရင်ချရေးကြည့်ပါ။ သင်ဘာလို့ ဒီဝါသနာတွေကို နှစ်သက်ရလဲဆိုတာပါ ထည့်သွင်းစဉ်းစားပါ။ တကယ်လို့ ကိုယ်က မုန့်ဖုတ်ရတာ ကြိုက်တယ် ဥပမာပြောရရင် မုန့်ဖုတ်ရတာပျော်တယ် ၊ ဘာကြောင့်လဲဆိုတော့ တီထွင်ရတာ နှစ်သက်တယ်။ ဒါဆိုရင်တော့ မွေးနေ့ကိတ်၊ မင်္ဂလာဆောင်ကိတ်ဒီဇိုင်းတွေ တီထွင်ရတဲ့အလုပ်ဟာ သင်နဲ့ လုံးဝကို ကွက်တိပါပဲ။

Professional တွေနဲ့ တွေ့ဆုံမေးမြန်းပါ

တကယ်လို့ သင်ဟာလုပ်ငန်းခွင်အမျိုးမျိုးအကြောင်းကို စိတ်ဝင်စားတယ်၊ လေ့လာချင်တယ်ဆိုရင် အဲဒီနယ်ပယ်တွေမှာ အလုပ်လုပ်နေတဲ့ လူတွေကို လုပ်ငန်းအကြောင်း မေးမြန်းနိုင်ပါတယ်။ သင့်ရဲ့ အသိမိတ်ဆွေက သင်စိတ်ဝင်စားတဲ့ နယ်ပယ်မှာလုပ်နေတယ်ဆိုရင် ဖုန်းဆက်မေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုကို အကူအညီတောင်းပြီး လုပ်ငန်းခွင်အကြောင်း ဖုန်းဆက်မေးမြန်းတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ လူအများစုက သူတို့ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေအကြောင်းကို လိုလိုလားလား နားထောင်မယ့်သူရှိရင် ပြောပြချင်ကြပါတယ်။ ဒါကြောင့် မေးမြန်းဖို့ မကြောက်ပါနဲ့။

တစ်ယောက်ယောက်ကို ကြည့်ပြီးလေ့လာပါ

ဖုန်းနဲ့ မေးမြန်းတဲ့အခါ လုပ်ငန်းခွင်က လူတစ်ယောက်ကို ကိုယ်တိုင် ကွင်းဆင်းလေ့လာလို့ ရမလားလို့ တစ်ခါတည်းမေးမြန်းပါ။ ဒါမှသာ တကယ့်လုပ်ငန်းခွင်ဟာ ဘာလဲဆိုတာ သေချာသဘောပေါက်မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ကိုယ်တိုင်မျက်မြင်တွေ့မှသာ ဒီအလုပ်ကို သင် တကယ် လုပ်ချင်တာလား ၊ မလုပ်ချင်တာလားဆိုတာ ပိုပြီးသိမြင်လာမှာ ဖြစ်ပါတယ်။

Volunteer ၀င်လုပ်ပါ

တကယ်လို့ လပေါင်းများစွာ အလုပ်သင်ဝင်လုပ်ဖို့အတွက် သင့်ရဲ့စိတ်က အဆင်သင့် မဖြစ်သေးဘူးဆိုရင် volunteer ၀င်လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ ဒီအလုပ်က သင်နဲ့ ဆက်ပြီး ထိတွေ့နေမှာမှန်ပေမယ့် တကယ်လို့ volunteer လုပ်နေရင်း သင်နဲ့ မကိုက်ညီဘူးလို့ ခံစားမိရင် အလွယ်တကူထွက်လာရုံပါပဲ။

ပိုမိုကျယ်ပြန့်သောပညာရေးစနစ်ကိုသင်ယူပါ

တကယ်လို့ သင်ဟာ ဘယ်မေဂျာကိုယူရမလဲဆိုပြီး စိတ်ဒုက္ခရောက်နေတဲ့ ကျောင်းသားတစ်ယောက်ဆိုရင် ဟိုဟိုဒီဒီမှန်းဆမနေပဲ ပိုပြီးကျယ်ပြန့်တဲ့ ပညာရေးဘက်ကို ဦးတည်ပါ။ နောက်ပိုင်းမှာ သင့်ခေါင်းထဲ လျှပ်တပြတ် ၀င်လာတဲ့ စိတ်ကူးကနေ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အလိုလို သိရှိတဲ့အခါ ဒီမေဂျာကို အထူးပြုလေ့လာလိုက်ရုံပါပဲ။ ဥပမာအနေနဲ့ ပြောရရင် သင်ကသိပ္ပံဘာသာရပ်ကို နှစ်သက်တယ်။ ဒါပေမယ့် သင့်ရဲ့ စိတ်က ဘယ်နယ်ပယ်ကို အားသာလဲ သင်သေချာမသိဘူး။ ဒါဆိုရင် biology လို ဘာသာရပ်ကို သင်လေ့လာလို့ မရပါဘူး။

သင်တန်းတက်ပါ

စာရင်းကိုင် ဘာသာရပ်ကို သင်ကြားလိုက်တာနဲ့ စာရင်းကိုင်အလုပ်က ဘယ်လိုလဲဆိုတာ ချက်ချင်းသိရတာမဟုတ်ပေမယ့် သင် ဒီဘာသာရပ်ကို စိတ်ဝင်စားလား ၊ စိတ်မ၀င်စားလားဆိုတာကိုတော့ သိနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင် အဲဒီနယ်ပယ်နဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုခုကို အမြန်စာရင်းသွင်းပြီးတက်သင့်ပါတယ်။

မကြောက်ရွံ့ပါနဲ့

သင့်အတွက် သင့်တော်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို တကယ်လိုချင်တယ်ဆိုရင် ဖုန်းဆက်စုံစမ်းဖို့ နဲ့ သူများနောက်ကို လိုက်ပြီး လေ့လာဖို့ မကြောက်ပါနဲ့။ ကြောက်ရွံ့နေရင် သင့်အတွက် အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်။ အချို့သောအလုပ်တွေက သင့်ကို အရည်အချင်းမီအောင် သင်တန်းတွေ ထပ်တက်ခိုင်းမယ်ဆိုရင် ဒီလိုရင်းနှီးမြှုပ်နှံမှုကနေ သင်ဘာတွေကို ပြန်ရနိုင်မလဲဆိုတာကို အရင်စဉ်းစားပါ။ သင်တန်းတက်ဖို့ ငွေကြေးမတတ်နိုင်ဘူးလို့ အရင်မစဉ်းစားခင် မိမိရဲ့ ငွေကြေးလည်ပတ်မှုကို အတတ်နိုင်ဆုံး ကြည့်ပါ။

မိမိဘ၀အတွက် မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တစ်ခုကိုရှာဖွေဖို့ အားစိုက်လေလေ များများရှာဖွေတွေ့ရှိလာလေလေ ဖြစ်ပါတယ်။ အဓိကက သင့်ရဲ့ အချိန် နဲ့ အားထုတ်မှုကို အကျိုးရှိရှိအသုံးချဖို့ လိုပါတယ်။

Photography by: Google images
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com