Monday, November 7, 2016

ဘဝအဓိပ္ပာယ် ရှာဖွေကြည့်ပါ



လူတချို့က ဘဝကို ဝီရိယရှိရှိဖြတ်သန်းတယ်၊ လူ့ဘဝကိုရခိုက် ကြိုးစားရုန်းကန်တယ်၊ နောက်ဆုံးနေရာတစ်ခုကို ခိုင်ခိုင်မြဲမြဲရခဲ့တယ်၊ ဖြတ်သန်းခဲ့ရတဲ့ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေက နောင်တစ်ချိန်မှာ သူ့အတွက် အမှတ်တရတွေဖြစ်ကုန်တယ်၊ ဒါကို သူကဒီလိုပြောတယ်…

“ဒီဘဝတစ်သက်မှာ ငါ့ကိုယ်ငါ မျှော်လင့်ချက်မမဲ့စေခဲ့ပါဘူး” တဲ့။

လူတချို့က ဘဝကို တော်သင့်ရုံဖြတ်သန်းတယ်၊ တခြားလူကိုပဲ မျှော်ကိုးတယ်၊ စိတ်ကူးအိပ်မက်ရှိပေမယ့် တစ်ခါမှ လက်တွေ့လုပ်ဆောင် အကောင်အထည်မဖော်ဘူး၊ စိတ်ကူးယဉ်တတ်တဲ့ဦးနှောက်ကြီးတစ်ခုလုံး ပိုင်ဆိုင်ပေမယ့် ထရပ်လှုပ်ရှားတဲ့ ခြေထောက်၊ လက်တွေ ချို့တဲ့တယ်၊ ဒါကို သူကဒီလိုပြောတယ်…

“ငါ့ဘဝတစ်သက်က စိတ်ကူးအိပ်မက်ထဲမှာပဲ ဖြတ်သန်းနေခဲ့တာ” တဲ့။

လူတချို့က ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းတယ်၊ နေ့ရက်တွေမှာ ပျော်ရွှင်ခြင်းအနှစ်သာရကို ရှာဖွေခဲ့တယ်၊ ရိုးရှင်းလုံခြုံတဲ့နေ့ရက်တွေကို စောင့်ထိန်းခဲ့တယ်၊ နုပျိုချိန်မှသည် အိုမင်းချိန်ထိ ဒီအိမ်လေးမှာပဲ တင်းတိမ်ရောင့်ရဲခဲ့တယ်၊ ဒါကို သူကဒီလိုပြောတယ်…

“ကိုယ့်အချစ်ဆုံးနဲ့ တွေ့ဆုံရတာဟာ ဘဝသုံးဆက်စာကို ပျော်ရွှင်စေတယ်” တဲ့။

လူတချို့က ဘဝကို ဖျတ်ဖျတ်လတ်လတ် ဖြတ်သန်းတယ်၊ ကြီးမားတဲ့စိတ်ကူးအိပ်မက်တွေကို ပွေ့ဖက်ထားသလို၊ စိတ်ကူးအိပ်မက်အတိုင်းလည်း ပြတ်ပြတ်သားသား လုပ်ဆောင်တယ်၊ ရည်မှန်းချက်ဖြစ်မြောက်အောင် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်လည်းရှိတယ်၊ ငယ်ရွယ်နုပျိုချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်မမဲ့စေခဲ့သလို ကြီးပြင်းလာတော့လည်း အရွယ်ကောင်းကို မနှောင်းစေခဲ့ဘူး၊ ထိပ်ဆုံးမှာပဲ အမြဲမြဲလိုလို ရပ်နေခဲ့တယ်၊ ဒါကို သူကဒီလိုပြောတယ်…

“ငါ့ရဲ့ တစ်စက္ကန့်တိုင်းက နှစ်သက်ပျော်ရွှင်ဖွယ်တွေနဲ့ ပြည့်နှက်နေတာပါ” တဲ့။

လောကမှာ လူတွေ ဘာအတွက်ရှင်သန်နေကြသလဲ… နေ့ရက်ကို ပေါ့ပေါ့တန်တန်ဖြတ်သန်းဖို့လား..ရုန်းကန်လှုပ်ရှား ဖြတ်သန်းဖို့လား… ရိုးရှင်းပျော်ရွှင်မှုအတွက်လား… ရာထူးဂုဏ်သိက္ခာအတွက်လား…ငွေကြေး၊ အာဏာ၊ ရာထူးဂုဏ်၊ ကျန်းမာရေး၊ မိသားစု ဒါတွေထဲမှာ ဘယ်တစ်ခုကို သင်လိုက်လံဖမ်းဆုပ်နေသလဲ…။

လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက် ဦးတည်ချက်တွေရှိကြတယ်၊ ကံကြမ္မာက မျက်နှာလိုက်တယ်၊ မတရားဘူးလို့ မဆိုလိုက်နဲ့… အကြောင်းက ရွေးချယ်မှုလမ်းကြောင်းပေါ်မှာ ရပ်နေတာက သင်ကိုယ်တိုင်ပါ … ကံကြမ္မာလမ်းကြောင်းဆိုတာ သင်ဆုပ်လိုက်တဲ့လက်ဖဝါးထဲမှာရှိပါတယ်၊ ဘဝမှာ သင်ဘယ်လိုရှင်သန်ချင်လဲ..ဘယ်လိုလူမျိုး လုပ်မလဲ… ရွေးချယ်ဆုံးဖြတ်ခွင့်အာဏာက သင့်ရင်ဘတ်ထဲမှာပါ။

အခုချိန်ကစပြီး ဘဝအဓိပ္ပာယ်ကို ရှာဖွေကြည့်ပါ၊ လမ်းဆိုတာ သင့်ခြေဖဝါးအောက်မှာပါ… လက်တွေ့အသုံးပြုဖို့ပဲ လိုပါတယ်၊ မျက်စိက ဦးတည်ရာကို ကြည့်ဖို့ပါ…ဝေးဝေးမြင်တတ်ပါစေ၊ စိတ်ကူးအိပ်မက်ဆိုတာ အကောင်အထည်ဖော်နိုင်တဲ့အရာပါ.. ဇွဲလုံလဝီရိယရှိဖို့ လိုပါတယ်။

ဒီလောကကို ရောက်လာခဲ့ပြီးပြီပဲ… အဓိပ္ပာယ်ရှိရှိ တစ်ခါလောက် ရှင်သန်ကြည့်လိုက်ရအောင်…။

Nine Nine SaNay  မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com