Monday, November 7, 2016

နွားနို့ရဲ့ ဘက်စုံအသုံးဝင်ပုံများ



နွားနို့လို့ ပြောလိုက်ရင် တော်တော်များများက နို့သောက်တာကိုပဲ ပြေးမြင်ကြပါတယ်။ မှန်ပါတယ်။ ငယ်ငယ်တုန်းက အရပ်ရှည်အောင် နွားနို့ကို မနက် တစ်ခွက် ၊ ညတစ်ခွက် သောက်သုံးခဲ့တာကို အခုထိ မှတ်မိကြမယ် ထင်ပါတယ်။ အချို့က အခုထက်ထိကို သောက်ကြတုန်းပါပဲ။ ဒါပေမယ့် နွားနို့ကို သောက်သုံးတာအပြင်ကို အခြားသော အရာတွေမှာလည်း အသုံးပြုလို့ ရနိုင်တယ်ဆိုတာကို လူတွေ သိပ်ပြီး မသိကြပါဘူး။ ဒါကြောင့် နွားနို့ရဲ့ အသုံးတွင်ကျယ်ပုံကို အားလုံးသိအောင် ဖော်ပြပေးလိုက်ပါတယ်။

အရမ်းကြီး မပြင်းထန်တဲ့ အရေပြားလောင်တာတွေ ဖြစ်ရင်  နွားနို့နဲ့ စိမ်ထားတဲ့ အ၀တ်စနဲ့ ထိခိုက်ထားတဲ့ နေရာကို ၁၅ မိနစ်ခန့် အုပ်ထားပေးပါ။ နာကျင်မှု ပြေပျောက်အောင် နဲ့ အရေပြားအရမ်းမစားသွားအောင် နှစ်နာရီခြား တစ်ခါခန့် ပြုလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာကြောင့် နွားနို့ကို အသုံးပြုလဲဆိုတော့ နို့မှာ ပါဝင်တဲ့ အဆီဓာတ် နဲ့ ပရိုတင်းဓာတ်တွေဟာ အနာတွေကို ကျက်စေပြီး နာကျင်မှုကို လျော့နည်းစေတာကြောင့် ဖြစ်ပါတယ်။

ပန်းကန်တွေ သုံးတာ ကြာလာရင် အက်ကွဲရာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်ရင် လွှင့်ပစ်ဖို့ မစဉ်းစားပဲ အကောင်းအတိုင်း ပြန်ဖြစ်အောင် လုပ်လို့ နည်းလမ်းတစ်ခု ရှိပါတယ်။ နည်းလမ်းကတော့ ဒယ်အိုးထဲမှာ နို့မှုန့်ကို ထည့်ပါ။ ပြီးရင် အက်ကြောင်းရာ ထင်နေတဲ့ ပန်းကန်ကို နို့မှုန့်ထဲမှာ မြှုပ်အောင် ထည့်ပါ။ ပွက်ပွက်ဆူအောင် တည်ပြီး မီးလျှော့လိုက်ပါ။ ၄၅ မိနစ်ခန့် မီးမြှင်းမြှင်းနဲ့ ဆက်တည်ထားပါ။ ၄၅ မိနစ်ပြည့်လို့ ပန်းကန်ကို ထုတ်ကြည့်လိုက်ရင် အက်ကြောင်းရာတွေ ပျောက်သွားတာကို မြင်တွေ့ရမှာပါ။

သတ္တုတွေ အရောင်မှိန် ၊ အရောင်ပြောင်းတာကို နို့ချဉ်နဲ့ ပြန်လည်တောက်ပအောင် ပြုလုပ်လို့ ရပါတယ်။ နို့်ချဉ် ပြုလုပ်ဖို့အတွက် လိုအပ်တာတွေကတော့ ခွက်တစ်ခုထဲမှာ နွားနို့ထည့်ပြီး ဗီနီဂါ ၁ ဇွန်းနဲ့ ရောစပ်လိုက်ပါ။ ရောစပ်ထားတဲ့ နို့ချဉ်ထဲမှာ အရောင်မှိန်နေတဲ့ ငွေထည်ပစ္စည်းတွေကို နာရီဝက်ခန့် ထည့်စိမ်လိုက်ပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးကြောပါ။ နောက်ဆုံးအဆင့်အနေနဲ့ အရောင်တင်ဖို့အတွက် နူးညံ့တဲ့ အ၀တ်စတစ်ခုနဲ့ သုတ်ပေးလိုက်ရင်တော့ အသစ်အတိုင်း ဖြစ်သွားတာကို တွေ့ရမှာပါ။

နာမည်ကျော် အလှမိဘုရား ကလီယိုပါထရာ နဲ့ အဲလိဇဘက်ဘုရင်မကြီးဟာ အသားအရေလှပဖို့အတွက် နို့နဲ့ ရေချိုးတာကို သင် ကြားဖူးမှာပါ။ နွားနို့က အရမ်းကြီး ဈေးမကြီးတဲ့အတွက် သင်ကိုယ်တိုင်လည်း အိမ်မှာ နွားနို့နဲ့ ရေစိမ်ချိုးလို့ ရပါတယ်။ ဒါမှမဟုတ် နို့မှုန့် နဲ့ ရေအနည်းငယ် ရောပြီး မျက်နှာမှာ ပေါင်းတင်လို့လည်း ရပါတယ်။ ရောပြီး ရလာတဲ့ အနှစ်ကို မျက်နှာမှာ ပေါင်းတင်ပြီး အခြောက်ခံပါ။ ခြောက်သွားရင် ရေနွေးနဲ့ ဆေးချလိုက်ရုံပါပဲ။

သင် ကြိုက်တဲ့ သားရေပစ္စည်းတွေကို ပြန်လည် သစ်လွင်ချင်တယ်ဆိုရင် အ၀တ်စကို နွားနို့နဲ့ စွတ်ပြီး ဖိနပ် ဒါမှမဟုတ် အိတ် ကို တိုက်ပေးပါ။ ပွတ်တိုက်ပြီးရင် အခြောက်ခံပြီး အ၀တ်စသန့်သန့်နဲ့ နောက်တစ်ခါ ထပ်သုတ်ပေးပါ။ ဒါဆိုရင်တော့ သားအရပစ္စည်းတွေဟာ အသစ်လို တောက်ပပြီး စွန်းထင်းနေတာတွေ ၊ ခြစ်ရာတွေ ပျောက်သွားတာကို တွေ့ရမှာပါ။

တခါတရံ အင်္ကျီကို ဘောပင် နဲ့ မှားပြီး ခြစ်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် အင်္ကျီကို နို့နဲ့ တစ်ညလောက် စိမ်ထားပြီး နောက်တစ်ရက်မှာ လျှော်စက်နဲ့ လျှော်လိုက်ရုံပါပဲ။ မှင်ကို ပိုပြီး ပျက်စေချင်ရင် လီမွန်ရည် အနည်းငယ်ကိုပါ ထည့်ပြီး မှင်စွန်းနေတဲ့ နေရာကို ပွတ်ပြီး လျှော်နိုင်ပါတယ်။ တကယ်လို့ ကော်ဇောမှာ မှင်ပေသွားတယ်ဆိုရင် နွားနို့ နဲ့ cornstarch ကို ရောစပ်ပြီး စွန်းနေတဲ့ နေရာမှာ သုတ်ပေးထားပါ။ ခြောက်သွားရင်တော့ ဖုန်စုပ်စက်နဲ့ စုပ်ထုတ်လိုက်ရုံပါပဲ။

နွားနို့မှာ ပါဝင်တဲ့ သဘာဝ cleansing enzymes တွေကြောင့် နွားနို့ဟာ မိတ်ကပ်ဖျက်ဖို့အတွက် အရမ်းကို ကောင်းမွန်ပါတယ်။  ဂွမ်းစကို နို့ထဲမှာ စိမ်ပြီး မိတ်ကပ်ဖျက်ဖို့အတွက် တစ်မျက်နှာလုံးကို သုတ်လိုက်ပါ။ တကယ်လို့ သင်က essential oils တွေကို သုံးရတာ နှစ်သက်တယ်ဆိုရင် သင့်ကြိုက်ရာ oil ကို နို့ထဲမှာ ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နွားနို့တစ်ခုတည်းနဲ့တင် မိတ်ကပ် ဖျက်ဖို့အတွက် လုံလောက်ပါတယ်။

ငါးကို အရသာပိုမိုကောင်းမွန်စေရန် နို့ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ရေခဲရိုက်ထားတဲ့ ငါးကို နွားနို့ထဲ စိမ်ပြီး အရည်ပျော်အောင် ပြုလုပ်ပါ။ ဟင်းချက်လိုက်တဲ့အခါ ငါးရဲ့ အရသာဟာ အရမ်းထူးကဲပြီး ၀ါးရတာ လွယ်အောင် နူးညံ့နေတာကို ခံစားရမှာပါ။

နွားနို့မှာ ပရိုတင်းဓာတ် နဲ့ သဘာဝအင်ဇိုင်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာသန်စွမ်းအောင် ပြုလုပ်နိုင်တဲ့ ပျော့ဆေးအဖြစ် အသုံးပြုလို့ ရပါတယ်။  ခေါင်းလျှော်ပြီးတဲ့အခါ နွားနို့တစ်ခွက်ရဲ့ ၄ ပုံ ၁ ပုံကို ခေါင်းပေါ်ကို လောင်းချပြီး ပေါင်းတင်ပါ။ ပြီးရင် ရေဆေးချလိုက်ရုံပါပဲ။

အပူအစပ်တွေ စားပြီး လျှာအပူလောင်တဲ့အခါ နာကျင်မှုကို ရပ်တန့်ပေးနိုင်တာကတော့ နွားနို့ပဲ ဖြစ်ပါတယ်။ Capsaicin လို့ ခေါ်တဲ့ အစားအစာတွေကို စပ်စေတဲ့ အရာဟာ လျှာမှာ ရှိတဲ့ pain receptors တွေနဲ့ ပေါင်းပြီး လျှာကို လောင်စေတာ ဖြစ်ပါတယ်။ Capsaicin ဟာ အဆီပါဝင်တာကြောင့် နို့မှာ ပါဝင်တဲ့ အဆီဟာ capsaicin ရဲ့ အဆီကို ပျော်ဝင်စေပြီး အပူလောင်တာကို သက်သာစေပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကျန်းမာရေး