Monday, November 7, 2016

မျက်နှာပြင်ရှိ ၀က်ခြံများကပြောနေတဲ့ ကျန်းမာရေး



တကယ်တော့ ၀က်ခြံထွက်တာဟာ အပျိုဖော်ဝင်စမှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်နိုင်သလို၊ အစားအသောက်ပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။ တရုတ်ရိုးရာဆေးနည်းအရတော့ မျက်နှာဟာ ကိုယ့်ကျန်းမာရေးအခြေအနေကို  ကိုယ်စားပြုပါတယ်တဲ့။ ဒါကြောင့် မျက်နှာပေါ်မှာ ၀က်ခြံထွက်တာဟာ ကိုယ်တွင်းအင်္ဂါတစ်ခုခု ပြဿနာရှိနေတယ်ဆိုတာ ညွှန်ပြနေတာပါ။ မျက်နှာကို နဖူး၊ မျက်ခုံး၊ ပါး၊ နှာခေါင်း၊ မေးစေ့နဲ့ နားရွက်မှာထွက်နေတဲ့ ၀က်ခြံကတစ်ဆင့် စာဖတ်သူတို့ကိုယ်တွင်းမှာ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သိနိုင်ပါတယ်။

အပေါ်နဖူးဟာ အစာအိမ်နဲ့ ဆက်စပ်နေတာကြောင့် အဲ့ဒီမှာဝက်ခြံထွက်နေပြီဆိုရင် အစာချေစနစ် ပြဿနာရှိနေပါပြီ။ အူမကြီးတစ်လျှောက်နဲ့ သည်းခြေအိတ်က စားလိုက်သမျှအစားတွေ ချေဖျက်ဖို့ခက်ခဲနေတာကြောင့်ပါ။ ဒါကလည်း စာဖတ်သူတို့စားတဲ့အစားအသောက်နဲ့ အချိုရည်တွေကြောင့် အဆိပ်တောက်တွေ အစာအိမ်ထဲမှာ များနေလို့ပါ။ အဆိပ်အတောက်တွေ ဖယ်ရှားရမယ့်နည်းလမ်းက antioxidant များတဲ့ လက်ဖက်ရည်၊ သံပုရာရည်နဲ့ ဘယ်ရီးသီးတွေ စားပေးဖို့ပါပဲ။

အောက်နဖူးကတော့ တရုတ်ရိုးရာအရ စိတ်ပိုင်းဆိုင်ရာကိုယ်စားပြုတာမို့ ဒီနေရာမှာ ၀က်ခြံထွက်နေပြီဆိုရင် အိပ်ချိန်မမှန်ပဲ၊ စိတ်ဖိစီးမှုများနေတာကြောင့်ပါ။ သွေးလည်ပတ်နှုန်းမမှန်တာကြောင့်လည်း ပါ,ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိပ်ချိန်မှန်အောင်အိပ်ပါ၊ အကောင်းဆုံးကတော့ ည ၁၁ နာရီမတိုင်ခင် အိပ်သင့်ပါတယ်။ စိတ်ဖိစီးမှုသက်သာအောင် မအိပ်ခင် ရေချိုးကန်ထဲမှာ အချိန်ကြာကြာရေစိမ်ပေးတာ ကောင်းသလို၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကားလေးကြည့်ပြီး တရားထိုင်တာလည်း စိတ်အေးချမ်းစေပါတယ်။

နာခေါင်းကတော့ နှလုံးကို ကိုယ်စားပြုတာမို့ ၀က်ခြံပေါက်တယ်ဆိုရင် စိတ်ဖိစီးမှုများပြီး သွေးတိုးနေလိုပါတဲ့။ ဒီလိုဖြစ်လာရင် စိတ်ပြေလက်ပျောက် ကိုယ်ဝါသနာပါရာလုပ်လိုက်ပါ။ မျက်ခုံးတစ်ဝိုက်မှာ ၀က်ခြံပေါက်ရင်တော့ အသည်းကြောင့်ပါပဲ။ ရယ်ဒီမိတ်အဆီများတဲ့ အစားအစာတွေအစားကြောင့် ၀မ်းချုပ်နေတဲ့လက္ခဏာပါ။ ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ အဆီများတာတွေကိုရှောင်ပြီး အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ ပိုစားပေးလိုက်ပါ။

နားရွက်ဟာ ကျောက်ကပ်ကိုယ်စားပြုမို့ ရေသောက်နည်းပြီး အငန်တွေ၊ ကဖင်းဓာတ်ပါတာတွေ အလွန်အကျွံစားမိနေပြီဆိုရင် နားရွက်တစ်ဝိုက်မှာ ၀က်ခြံတွေထွက်လာတတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ထဲက အဆိပ်တောက်တွေ သန့်စင်သွားအောင် ရေများများသောက်ပြီး အငန်ဓာတ်၊ ကဖင်းဓာတ်တွေလျော့ပါ။

ပါးမှာ ၀က်ခြံထွက်ပြီဆိုရင် အဆုတ်နဲ့ဆက်စပ်နေတာ သေချာပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်လို့ပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ ဆေးလိပ်နံ့ နေ့စဉ်ရှုရလို့ပဲဖြစ်ဖြစ် အသက်ရှုလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ။ ဒါကြောင့် အဆုတ်ကျန်းမာအောင် ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်သူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့။

ပါးစပ်တစ်ဝိုက်မှာ ၀က်ခြံပေါက်တယ်ဆိုရင် အစာအိမ်နဲ့အူသိမ်မှာ ပြဿနာရှိနေပါပြီ။ ရယ်ဒီမိတ် အစားအသောက်တွေအစားများပြီး ၀မ်းချုပ်နေလို့ပါ။ အမျှင်ဓာတ်များတဲ့ အသီးအရွက်၊ ဂျုံနဲ့လုပ်ထားတဲ့ အစားအသောက်တွေ စားပေးပါ။ မေးစေ့နှစ်ဘက်ကတော့ မျိုးပွားအင်္ဂါနဲ့ ကျောက်ကပ်ကို ကိုယ်စားပြုတာမို့ ၀က်ခြံထွက်နေပြီဆိုရင် ရာသီပုံမှန်မလာတာ၊ ဟော်မုန်းမညီမျှတာနဲ့ ကျောက်ကပ်ပုံမှန်ထက်ပိုအလုပ်လုပ်နေရလို့ ဖြစ်လာတာပါ။ ဒီအချက်တွေရဲ့ အဓိကအကြောင်းရင်းက စိတ်ဖိစီးမှုကလာတာမို့ စိတ်အေးချမ်းအောင်နေရင် ပျောက်ကင်းသွားပါလိမ့်မယ်။

Ref: Asian Beauty Secrets  
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#အလှအပ #ကျန်းမာရေး