Monday, November 7, 2016

ဝန်ဆောင်မှု နဲ့ စေတနာ


   လူတိုင်းမှာ အလုပ်ကိုယ်စီရှိကြရာ မနက်မိုးလင်းတာနဲ့ ကိုယ်စီဆိုင်ရာ အလုပ်ကို သွားကြရပါတယ်။  မရပ်မနားလည်ပတ်နေတဲ့ ချားရဟတ်ကြီးတစ်ခုလိုဖြစ်ပြီး လူတိုင်းဖြတ်သန်းကြရပါတယ်။ မိမိသွားလိုတဲ့နေရာကို ရောက်ဖို့ကား၊ရထား ၊ဆိုက်ကား စတဲ့ ယာဉ်တစ်ခုခုကို အသုံးပြုကြရပါတယ်။ခရီးကို အမြန်ရောက်လိုသူတွေက လိုအပ်ရင် လိုအပ်သလို တက္ကစီစီးကြရ သလို ကိုယ့်ဝမ်းရေးနဲ့ကိုယ်တိုင်းထွာကြရသူတွေကျတော့လည်း ကျိတ်မှိတ်သည်းခံပြီး အမြန်ယာဉ်လိုင်းကားတွေကို တိုးဝှေ့ကျပ်ညှပ်ကာ စီးကြရတာလည်းရှိပါတယ်။

လူတွေဟာ  အကြောင်းအမျိုးမျိုးကြောင့် အချိန်ကို ငွေနဲ့ ဝယ်ကြရတာတွေရှိပါတယ်။ ကျမအနေနဲ့ကတော့ ရထားချိန်မှီဖို့အတွက် တစ်ခါတစ်ရံမှာ ဘူတာကို ဆိုက်ကားစီးရတာတွေရှိပါတယ်။ဆိုက်ကားဆရာ က စေတနာပါပါနဲ့ ချိုင့်ခွက်လမ်းတွေကိုရှောင်ရှားပြီး အမြန်ရောက်ရအောင်ပို့ပေးတဲ့အခါ စိတ်ထဲမှာ ကျေးဇူးတင်စိတ်ဖြစ်မိပါတယ်။ စိတ်ထဲမှာ ဆိုက်ကားခငွေ အပိုပေးချင်စိတ်ဖြစ်မိပြီး  အဆင်ပြေအောင် အကောင်းဆုံးလုပ်ပေးတဲ့အတွက် အပိုပေးကြောင်းပြောပြပြီး အပိုပေးခဲ့ပါတယ်။ သူလည်းကျမကို ကျေးဇူးတင်ကာ ကျမလည်း သူ့ကို ကျေးဇူးတင် အပြန်အလှန် အကျိုးပြုမှုဖြစ်သွားစေခဲ့ပါတယ်။ ဒါဟာ ရောင်းသူနဲ့ ဝယ်သူကြား စိတ်ချမ်းသာစေမှုဖြစ်စေတဲ့ အပြန်အလှန်ဝန်ဆောင်ပေးမှုဘဲဖြစ်ပါတယ်။

ဆည်းဆာနေဝင်ချိန် အောက်မှာ လူတွေ ဟာ လည်ပင်းတစ်ရှည်ရှည်နဲ့ မိမိတို့ဆိုင်ရာ လိုင်းကားကိုစီးဖို့ စောင့်နေကြပြီ။ အိမ်ကို အမြန်ရောက်လိုကြတဲ့ အရိပ်အရောင်တွေဟာ လူတွေရဲ့မျက်နှာကိုယ်စီမှာ မြင်တွေ့နေရပါတယ်။မှတ်တိုင်လေးဆီကို ကားလေးက ဝုန်းဒိုင်းကြဲပြီး ရောက်လာချိန်မှာ အလုအယက်နဲ့ တိုးဝှေးတက်ကြရင်း ကားပေါ်ကို ရောက်ရှိသွားပါပြီ။ အားလုံးက အမြန်ရောက်လိုကြသူတွေဆိုတော့ တိုးတိုးကျပ်ကျပ် အိမ်ကိုရောက်ဖို့လိုတယ်ဆိုတဲ့စိတ်လေးနဲ့ တင်းခံနေကြပါတယ်။

ကားပေါ်မှာလူတွေက ပြည့်ကျပ်နေပါပြီ။ ကားနောက်လိုက်က ခရီးသည်တွေကို အော်ခေါ်နေတုန်း။ ဒရိုင်ဘာ က မောင်းသလို မမောင်းသလို   ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်နဲ့ခရီးသည်များများရဖို့ စောင့်နေပါတယ်။  သွားနိုးနိုးပုံစံနဲ့ ကားထဲမှာ လူတွေဟာ မွန်းကြပ်မှုဒဏ်ကို အံကြိတ်ခံကြရပါတယ်။  ကျောပေါ်မှ တစ်လိမ့်လိမ့်စီးကျလာတဲ့ချွေးစက်လေးတွေဟာ ကိုယ်ခန္ဓာတောက်လျောက် တစ်စက်စက်စီးကျလျက်ပေါ့။  တစ်နေကုန် အလုပ်ထဲမှာ ပင်ပန်းခဲ့ရမှုတွေနဲ့  အိမ်အမြန်ရောက်ချင်နေကြပါပြီ။  ဒီလို ဝန်ဆောင်မှု ကင်းမဲ့တဲ့အချိန်တွေမှာ နှစ်ဦးနှစ်ဘက် မလိုအပ်ဘဲ ပိုလို့ ပင်ပန်းကြရပါတယ်။ တကယ်တော့ လူတွေဟာ ကိုယ်စီကိုယ်စီ မိမိတို့ရဲ့ မိသားစု ဝမ်းရေးအတွက် ရုန်ုးကန်နေကြရာ အပြန်အလှန် စာနာထောက်ထားခြင်းဖြင့် နှစ်ဦးနှစ်ဘက်ကို စိတ်ချမ်းသာရစေသလို အကျိုးရှိစေပါတယ်။

တစ်ချို့ အတိုင်းအတာနဲ့ နေထိုင်ကြရတဲ့ မိဘတွေဟာ  သားသမီးတွေကို  လိုင်းကားစီးပြီး ကျောင်းပို့ကြရတာတွေရှိပါတယ်။ ကားပေါ်မှာ ကလေးတွေ ဘေးအန္တာရာယ်ကင်းစေဖို့ ကလေးတွေကိုနေရာချပေး၊ ကားပေါ် အတက်အဆင်းမှာ အသေအချာဂရုတစ်စိုက် ပွေ့ချီချပေးပြီး ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရှင်းအောင် စောင့်ရှောက်တတ်တဲ့ ကားနောက်လိုက်တွေကို တွေ့ရပါတယ်။ အဲဒီလို အချိန်မျိုးမှာ ခရီးသည်တွေဟာ အခကြေးငွေအပြင် “ကျေးဇူးတင်ပါတယ် "ဆိုပြီး သူတို့ရဲ့ ဝန်ဆောင်ပေးမှုကို အသိအမှတ်ပြုပေးကြပါတယ်။ဒါဟာ လည်း ရောင်းသူနဲ့ ဝယ်သူကြားမှာ အပြန်အလှန် ဝန်ဆောင်ပေးမှုအနေနဲ့  ချမ်းမြေ့စရာ နှလုံးအေးမှုတစ်ခုဘဲဖြစ်ပါတယ်။

ဒါဟာလူမှုဘဝမှာ လူတွေအနေနဲ့ နေ့စဉ် ကြုံတွေ့နေကြရတဲ့ ဝန်ဆောင်ပေးမှုတွေဖြစ်ပါတယ်။ ဝန်ဆောင်ပေးမှု ဆိုတာ စီးပွားရေးလောကမှာကျင့်သုံးတဲ့ စကားတစ်မျိုးဖြစ်ပေမယ့် အဓိက နားလည်မိတာကတော့ စေတနာလို့ဘဲ ခံစားမိပါတယ်။ ဘယ်အလုပ်ကိုလုပ်လုပ် စေတနာပါပါနဲ့ လုပ်ဖြစ်ရင် မိမိရဲ့စေတနာအနှစ်သာရကို ခံစားရစမြဲဖြစ်ပါတယ်။ စေတနာပါပါနဲ့ လုပ်ဖန်များလာတဲ့အခါ ဝန်ဆောင်မှုကောင်းသူတစ်ယောက်အနေနဲ့ ဘဝမှာ အောင်မြင်မှုအစစ်အမှန်ကို ရရှိကြသလို ကြီးပွားချမ်းသာမှုလည်း လွယ်ကူတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ ကဏ္ဍစုံမှာ ကျင်လည်ရှင်သန်ကြရာမှာ ဝန်ဆောင်မှုဆိုတဲ့ စေတနာအရင်းခံလေးကို လက်ကိုင်ထားရင်  အောင်မြင်မှုသရဖူကို ဆောင်းနိုင်ပါလိမ့်မယ်။

yangonlife မှ ကူးယူဖောပြသည်။
www.myanmarkdiworld.com