Monday, November 7, 2016

ခရီးသွားရင် ငွေကြေးအခက်အခဲမဖြစ်ရအောင်



မိုးလေကင်းလွတ်တဲ့အချိန်အခါ ပိတ်ရက်တွေလည်းများတဲ့ဒီလိုအချိန်မှာ မိသားစုလိုက်၊ မိတ်ဆွေသူငယ်ချင်းတွေစုပြီး ခရီးထွက်လေ့ရှိကြပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ သွားကြတဲ့ ခရီးစဉ်တွေကတော့ တစ်ခါတည်း ငွေရှင်းပြီးသားမို့ အာရုံနောက်စရာသိပ်မရှိပေမယ့် ကိုယ်တိုင်အစီအစဉ်ဆွဲပြီး သွားမယ့်ခရီးစဉ်လေးတွေမှာတော့ ငွေကြေးပြဿနာအေနည်းနဲ့အများရှိတတ်ပါတယ်။ ဒီတစ်ပတ်မှာ စာဖတ်သူတို့ကိုယ်တိုင် အစီအစဉ်ဆွဲထားတဲ့ခရီးစဉ်မှာ ခေါင်းမစားပဲ ပျော်ရွှင်စရာအချိန်တွေဖြစ်လာဖို့ ငွေရေးကြေးရေးပြဿနာတွေကို ဖြေရှင်းပေးချင်ပါ တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေစုပြီး ခရီးသွားကြမယ်ဆိုကတည်းက ငွေများများသုံးနိုင်သူနဲ့ အကန့်အသတ်သုံးနိုင်သူဆိုပြီး ရှိတတ်ပါတယ်။ ခရီးစဉ်အစအဆုံး ကုန်ကျစရိတ်ကလည်း မသွားခင်တုန်းက တွက်ထားတဲ့အတိုင်း အတိအကျဖြစ်ဖို့ခက်သလို ကိုယ်မထင်ထားတဲ့ ကုန်ကျစရိတ်တွေရှိလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ငွေကြေးပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ ခရီးမသွားခင်ကတည်း ခန့်မှန်းကုန်ကျစရိတ်ကတော့ မဖြစ်မနေထွက်ထားရပါမယ်။ ဒါပေမယ့်လည်း အုပ်စုလိုက်သွားတာဖြစ်တဲ့အတွက် ခန့်မှန်းခြေထက်ပိုကုန်တာမျိုးလည်း ဖြစ်တတ်တယ်ဆိုတာ သွားမယ့်သူအကုန်လုံးကို ရှင်းပြထားပါ။

သူငယ်ချင်းတွေ စုပြီးသွားတဲ့ခရီးမို့ ငွေများများသုံးနိုင်တဲ့သူက အသုံးစရိတ်များလာရင် ပိုအကုန်အကျခံပေးလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် ငွေကြေးပမာဏ အကုန်ခံနိုင်တာခြင်းမတူတာမို့ သာတယ်နာတယ် မတွက်ပါနဲ့။ တစ်ယောက်အသုံးစရိတ်ပြတ်သွားခဲ့ရင်လည်း ကျန်တဲ့သူက ခဏချေးပေးတာဖြစ်ဖြစ် ကူညီပေးသင့်ပါတယ်။

ကျန်တဲ့အချိန်တွေထက် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့သွားတဲ့ခရီးက အစားအသောက် ပိုစားဖြစ်ကြပါတယ်။ ဟိုဟာလေးတွေ့လည်း စားချင်၊ ဒီဟာလေးတွေ့လည်း စားချင်မို့ စရိတ်ကတော့ သင်ခန့်မှန်းတာထက် ပိုကုန်ပါလိမ့်မယ်။ ဒါကြောင့် အစားအသောက်တွေစားတဲ့အခါ လူအများနဲ့ကိုက်မယ့် ဘူဖေးဆိုင်လိုမျိုး စားသောက်ဆိုင်တွေမှာစားတာ ကုန်ကျစရိတ်ခြွေတာရာလည်း ရောက်ပါတယ်။

သွားမယ့်ခရီးစဉ်က ကားနဲ့လား၊ ရထားနဲ့လား၊ လေယာဉ်ခရီးစဉ်လား အရင်စဉ်းစားလိုက်ပါ။ တချို့ခရီးစဉ်တွေက လေယာဉ်နဲ့ပဲ သွားလို့ရတဲ့နေရာမျိုးတွေရှိပါတယ်။ ဒါဆိုရင် ကိုယ်က လေယာဉ်စရိတ်မသုံးနိုင်ဘူးဆိုရင် တခြားခရီးစဉ် ပြောင်းသင့်ပြောင်းရမှာပေါ့။ အချိန်ပေးနိုင်တယ်ဆိုရင် ကားနဲ့သွားတာထက် ရထားနဲ့သွားတာက စရိတ်ပိုသက်သာပါတယ်။

လူအများကြီးစုပြီးသွားမှာဖြစ်တဲ့အတွက် တစ်ယောက်တစ်ပေါက်တော့ ဖြစ်တတ်ကြမှာပါ။ ဒါပေမယ့်လည်း မသွားခင်ကတည်းက ငွေဘယ်လောက်သုံးကြမယ်ပေါ်မူတည်ပြီး ဘယ်မှာတည်းမယ်၊ ဘယ်စားကြမယ်၊ ဘယ်သွားကြမယ်ဆိုတာကို သေချာညှိနှိုင်းထားပါ။ ခရီးသွားနေတုန်းလည်း ဘယ်မှာမှတည်းချင်တာ၊ ဘာမှစားချင်တာဆိုပြီး တစ်ဖက်သက်မဆုံးဖြတ်ပါနဲ့။ အားလုံးညီတူညီမျှ ဆုံးဖြတ်ကြမယ်ဆိုရင် ပျော်ရွှင်စရာခရီးတစ်ခု ဖြစ်လာမှာပါ။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com