Tuesday, October 11, 2016

လူတိုင်းလိုအပ်တဲ့ ဥာဏ်ရည်ထက်မြက်မှု PQ, IQ, EQ, SQ နဲ့ CQ



ဉာဏ်ရည်ထက်မြက်မှုကို အကျဉ်းချုံးပြောရရင် PQ, IQ, EQ, SQ နဲ့ CQ လို့ သတ်မှတ်ထားပါတယ်။ ဉာဏ်ရည်ထက်မြက်မှု ငါးခုလုံးဟာ လူတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှုဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်ယူမှု၊ ခံယူမှုနဲ့ ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာတရားနဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့ လေးနက်တဲ့အမွေအနှစ်နဲ့ ဆိုင်ပါတယ်။ CQ ကတော့ မတူညီမှုကို အသိမှတ်ပြု လက်ခံနိုင်တဲ့ အားပဲဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို Intelligence Quotient (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။ ဉာဏ်ရည်ထက်မြက်မှုကို စနစ်တကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient ကို ရည်ညွှန်းသတ်မှတ်ထားတာဖြစ်လို့ IQ မြင့်တဲ့သူကို တော်တဲ့သူ၊ နိမ့်တဲ့သူကိုတော့ ညံ့တဲ့သူလို့ အလွယ်တကူ သတ်မှတ်ကြတာပါ။

နိုင်ငံတကာမှာ လူတစ်ယောက်ရဲ့ IQ ကို စနစ်တကျတိုင်းတာလေ့ရှိကြပေမယ့် မြန်မာပြည်မှာတော့ စနစ်တကျတိုင်းတာမှုတွေ လုပ်လေ့မရှိကြပါဘူး။ လူတစ်ဦးရဲ့ IQ ဟာ ပျှမ်းမျှအားဖြင့် ၈၀ နဲ့ ၁၂၀ ကြား ရှိတတ်ပြီး ၁၂၀ ထက်များနေရင်တော့ ထူးချွန်လွန်းသူလို့ သတ်မှတ်ကာ ၈၀ အောက်နည်းတဲ့သူကိုတော့ ဥာဏ်ရေနိမ့်တဲ့သူလို့ သတ်မှတ်ကြပါတယ်။ IQ နှုန်းထားတွေဟာ တကယ်တော့ တစ်ယောက်ချင်းစီရဲ့ဗီဇပေါ် အခြေခံတာပါ။ တစ်နည်းပြောရရင် မိဘမျိုးရိုးပေါ် အများကြီးမူတည်ပါတယ်။ IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုလို့ အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်းတစ်ရပ်လို့ သတ်မှတ်နိုင်ပါတယ်။

Physical Intelligence (PQ) ကို ရုတ်တရက်ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့ ထင်ကြပေမယ့် Quotient ဆိုတဲ့ ရလဒ်အဖြေကို ရည်ညွှန်းတာမို့ PQ လို့သတ်မှတ်ထားကြတာပါ။ PQ ရဲ့ သဘောတရားက ကျန်းမာရေးနဲ့ဆိုင်တာမို့ လူတစ်ယောက်ဟာကျန်းမာဖို့လိုအပ်ဆိုတာ ရည်ညွှန်းချင်တာပါ။ အခုခေတ်လူငယ်တွေ ကျောင်းစာမှာပဲအာရုံစိုက်ခိုင်းတာထက် မိဘတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားအားကစားဘက်မှာပါ အာရုံစိုက်စေချင်ပါတယ်။

စိတ်နှလုံးခံစားချက်နဲ့ဆိုင်တဲ့ Emotional Intelligence (EQ) ကတော့ မိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို သိသလို မိမိနဲ့ထိတွေ့ဆက်ဆံနေတဲ့ သူတွေအကြောင်းကိုလည်း သိအောင်ကြိုးစားနိုင်ခြင်းဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူဖြစ်ပါတယ်။ IQ မြင့်တဲ့သူတိုင်း EQ မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေသာရှေ့တန်းတင်ပြီး တစ်ဖက်သားအကြောင်း ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ ဝမ်းနည်းစရာပါ။ IQ ဟာ မွေးရာပါအရည်အချင်း ဖြစ်ပေမယ့် EQ ကိုတော့ ကိုယ်တိုင်လုပ်ယူလို့ရတဲ့ အရည်အချင်းတစ်ရပ်မို့ ပြုစုပျိုးထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ Spiritual Intelligence (SQ) ကလည်း လိုအပ်တဲ့အရာတစ်ခုပါပဲ။  မိမိရဲ့ယုံကြည်ကိုးကွယ်မှုကို မြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့လိုပါတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တာမို့ လူတိုင်းမြင့်မြတ်တဲ့ အတွေးအခေါ်၊ အယူအဆတွေရှိလာအောင် SQ ကလည်း မပါမဖြစ်ပါပဲ။

နောက်ဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာတွေ့ရပါတယ်။ ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ Cultural Intelligence (CQ)လို့ခေါ်တဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ဥာဏ်ရည်ထက်မြက်မှုကို ပြုစုပေးဖို့လိုအပ်လာပါတယ်။ CQ မြင့်တဲ့သူဟာ မိမိရဲ့ယဉ်ကျေးမှုကို မြတ်နိုးသလို တစ်ဖက်သားရဲ့ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုပါတယ်။ CQ မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမတူတဲ့အခြေအနေမှာ လိုက်လျောညီထွေစွာလှုပ်ရှားနိုင်သူဖြစ်ပါတယ်။

Credit LwinPyin (ဆရာဒေါက်တာအောင်ထွန်းသက်ဟောပြောခဲ့တဲ့ မှတ်သားစရာဥာဏ်ရည်ထက်မြက်မှု ငါးရပ်ဟောပြောပွဲမှ ကောက်နုတ်ချက်)
www.myanmarkidworld.com