Thursday, October 13, 2016

ချစ်ခြင်းနက်ရှိုင်းတဲ့ အနှိုင်းမဲ့ချစ်သူတွေ ဖြစ်လာစေနိုင်ဖို့ ချစ်နည်း ၅သွယ်


  သူငယ်ချင်းတွေ၊ အသိုင်းအဝိုင်းတွေကြားမှာ စံပြချစ်သူစုံတွဲဖြစ်ရတာဟာ အရမ်းကို ပီတိဖြစ်စရာကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း အရမ်းချစ်မြတ်နိုးကြပြီး ပြီးပြည့်စုံတဲ့ ဖူးစာဖက်တွေဖြစ်လာဖို့ တည်ဆောက်ယူရတာက အပြောလွယ်သလောက် အလုပ်ခက်ပေမယ့် နည်းမှန်လမ်းမှန်ကြိုးစားရင် လွယ်ကူနိုင်ပါတယ်။ သင်နဲ့ သင့်ချစ်သူလည်း သူငယ်ချင်းတွေကြားမှာ လူအများအားကျရတဲ့ စံပြစုံတွဲဖြစ်ချင်ရင် အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေအတိုင်း ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

၁။ တစ်ယောက်ပေါ်တစ်ယောက် ရိုးသားပွင့်လင်းပါ။
ရိုးသားမှုဆိုတာ အချစ်ရေးကို ခိုင်မြဲစေတဲ့ ဥပဒေသတစ်ခုဖြစ်ပါတယ်။ ပွင့်လင်းရိုးသားမှုမရှိတဲ့ အချစ်ရေးတစ်ခုဟာ ကြာရှည်မတည်မြဲတတ်ပါဘူး။ ဒီလိုပြောလို့ သင့်အကြောင်းတွေ၊ သင့်အလုပ်တွေအကုန်လုံးကို သင့်ချစ်သူကို အသေးစိတ်သံတော်ဦးတင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အရေးပါတဲ့ကိစ္စရပ်တွေကို လျှို့ဝှက်မထားဖို့၊ မလိမ်ညာဖို့၊ မကွယ်ဝှက်ဖို့ ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

၂။ နှစ်ယောက်အတူ ပျော်ရွှင်နိုင်ဖို့ အချိန်ပေးပါ။
အရင်းနှီးဆုံးချစ်သူတွေကြားမှာ နှစ်ဦးတည်းကိုယ်ပိုင်သီးသန့်အချိန်တွေ ရှိတတ်ကြပါတယ်။ ဖုန်းတွေ၊ အလုပ်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ အားလုံးကို ဘေးချိတ်ထားပြီး နှစ်ယောက်တည်းပဲရှိတဲ့ ကမ္ဘာလေးတစ်ခုဆီကို မကြာခဏအလည်သွားပါ။ ဒီလို အခိုက်အတန့်လေးတွေက ချစ်သူနှစ်ဦးကြားမှာ ပိုမိုရင်းနှီးစေပြီး အချစ်ရေးကို တာရှည်တည်တံ့စေပါတယ်။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ တစ်ယောက်တည်းနေဖို့အတွက်လည်း အချိန်ပေးပါ။
တစ်ယောက်အပေါ်တစ်ယောက် အမှီအခိုကင်းကင်းရပ်တည်နိုင်ခြင်းကလည်း အချစ်ရေးတည်မြဲဖို့ များစွာအရေးပါပါတယ်။ ချစ်သူအတွက် သီးသန့်အချိန်ပေးသလို ကိုယ့်ကိုယ်ကိုအတွက်လည်း သီးသန့်အချိန်ပေးပါ။ ကိုယ့်ကိုယ်ကို ဦးစားပေးပြီး ပျော်ရွှင်အောင် အရင်ကြိုးစားမှ ကိုယ့်ချစ်သူကိုပါပျော်ရွှင်အောင်ထားနိုင်ပြီး အချစ်ရေးသာယာခိုင်မြဲနိုင်မှာပါ။

၎။ တစ်ယောက်အပေါ်တစ်ယောက် ကြင်နာယုယစွာဆက်ဆံပါ။
ချစ်သူနှစ်ဦးကြားမှာ ခိုင်မာနက်ရှိုင်းတဲ့ဆက်သွယ်မှုရချင်ရင် တစ်ယောက်ကိုတစ်ယောက် နွေးထွေးတဲ့ကြင်နာမှုလေးတွေ ပေးသင့်ပါတယ်။ အပြစ်လေးတွေကို ခွင့်လွှတ်ပေးပြီး အရာရာကို စိတ်ရှည်သည်းခံပါ။ ဒီနည်းလမ်းလေးက ပျော်ရွှင်ခိုင်မာတဲ့အိမ်ထောင်ရေးအတွက် များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

၅။ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုခြင်းတွေ၊ ကျေးဇူးတင်ခြင်းတွေကို ထုတ်ဖော်ပြသပါ။
ချစ်သူနှစ်ဦးကြားမှာ “ချစ်တယ်”ဆိုတဲ့စကားကို မကြာခဏပြောပေးဖို့လိုပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းအချစ်ကို ထုတ်ဖော်ပြောကြားတာဟာ ကြာလာတာနဲ့အမျှရိုးသွားတတ်တာကြောင့် အချစ်ကိုထုတ်ဖော်ပြဖို့ နည်းလမ်းအသစ်လေးတွေ အသုံးပြုပေးပါ။ ဒါ့အပြင် တစ်ယောက်နားမှာ တစ်ယောက်အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကို ထုတ်ဖော်ပြောကြားပေးပါ။

ဒီနည်းလမ်းလေးတွေကိုသုံးပြီး ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေးတစ်ခုကို အတူတကွ တည်ဆောက်နိုင်ကြပါစေရှင်။

www.gandawin.net မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com