Monday, October 10, 2016

ရေခဲသေတ္တာထဲမှာ ပစ္စည်းကုန်တာနဲ့ သတိပေးမည့် စမတ်ရေခဲသေတ္တာ မိုက်ခရိုဆော့ဖ် တီထွင်


  ဈေးသွားပြီး အိမ်ရောက်ခါမှ မဖြစ်မနေ ၀ယ်ခဲ့ရမည့် ပစ္စည်း မေ့ကျန်ခဲ့တာမျိုး အတိတ်မှာ ထားခဲ့နိုင်ပြီ။ ရေခဲသေတ္တာထဲမှာ ပစ္စည်းကုန်နေသည်နှင့် ချက်ချင်း အချက်ပေးမည့် စမတ်ရေခဲသေတ္တာမျိုးကို မိုက်ခရိုဆော့ဖ်က တီထွင်နေပြီ။

မိုက်ခရိုဆော့ဖ်သည် ရေခဲသေတ္တာ ကုမ္ပဏီ Liebherr နှင့် ပူးပေါင်းကာ စမတ်ရေခဲသေတ္တာစနစ် တီထွင်နေသည်။ သတ်မှတ်ပေးထားသည့် ပစ္စည်းမျိုး ရေခဲသေတ္တာထဲမှာ ကုန်သွားသည်နှင့် ပိုင်ရှင်၏ ဖုန်းသို့ သတိပေးချက် ပို့ပေးလိမ့်မည်။

ကုန်ပစ္စည်းများကို အမျိုးအစား ခွဲခြားသိမှတ်နိုင်သော ကင်မရာနှင့် အာရုံခံစနစ်ကို စမတ်ရေခဲသေတ္တာထဲတွင် ထည့်သွင်းထားမည် ဖြစ်သည်။ ရေခဲသေတ္တာထဲတွင် မည်သည့် ပစ္စည်းများ မပြတ်ရှိနေအောင် စောင့်ကြည့်ပေးရမည်ကို ပိုင်ရှင်က စမတ်ဖုန်းမှ တစ်ဆင့် စာရင်းရေးကာ ညွှန်ကြားထားရုံ ဖြစ်သည်။ သတ်မှတ်ပေးထားသော ပစ္စည်းမျိုး ကုန်သွားသည်နှင့် ပိုင်ရှင်၏ ဖုန်းသို့ ချက်ချင်း အကြောင်း ကြားလိမ့်မည်။

ထိုစနစ်ကို လက်ရှိတွင် တီထွင်စမ်းသပ်နေဆဲ ဖြစ်သည်။ မည်သည့်အချိန်တွင် မည်သည့်ဈေးဖြင့် ထုတ်လုပ်ရောင်းချမည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေး။

Source: Daily Mail
messenger မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com