Friday, October 28, 2016

သက်ကြီးပိုင်း အရွယ်တွင် လိင်ကိစ္စသည် အမျိုးသားများ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်


 အသက် (၅၀) အထက် သက်ကြီးပိုင်းများထဲတွင် လိင်ကိစ္စသည် အမျိုးသားတို့အဖို့  နှလုံးဖောက်ပြန်စေခြင်း အပါအ၀င် ကျန်းမာရေး ပြဿနာအချို့ ဖြစ်ပွားစေနိုင်ကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က ဆိုသည်။ အမျိုးသမီးများတွင်မူ ထိုသို့သက်ရောက်မှု မတွေ့ရကြောင်းလည်း ဆိုသည်။

အမေရိကန်နိုင်ငံ မစ်ရှီဂန် တက္ကသိုလ်မှ လူမှုဗေဒ တွဲဖက်ပါမောက္ခ ဟူလျူနှင့်အဖွဲ့က လေ့လာထားခြင်း ဖြစ်သည်။ သက်ကြီးပိုင်း အမျိုးသားတို့သည် ခန္ဓာကျန်းမာရေးအရ လည်းကောင်း၊ စိတ်ကျန်းမာရေးအရ လည်းကောင်း လိင်စိတ် အထွတ်အထိပ် ကျေနပ်မှုအဆင့် ရောက်ဖို့ ပိုခက်ခဲလာတတ်သည်။

ထိုအခါ အထွတ်အထိပ် ကျေနပ်မှု ရောက်ရှိအောင် ကိုယ်ရောစိတ်ပါ ပိုအားစိုက် ပြုမူလာရသည့် အတွက် နှလုံးကို ဖိခိုင်းရာရောက်ကာ နှလုံးကျန်းမာရေး ပိုထိခိုက်လာသည်ကို တွေ့ရကြောင်း စစ်တမ်းက ဆိုသည်။ အသက် (၅၀) အထက် အမျိုးသမီးများတွင်မူ လိင်ကိစ္စကြောင့် နှလုံးထိခိုက်ခြင်းမျိုး မတွေ့ရကြောင်းလည်း စစ်တမ်းက ထောက်ပြသည်။

““နောက်တစ်ချက် စဉ်းစားစရာ ရှိတာက အမျိုးသားတွေဟာ ကျားအားတိုးဆေးတို့၊ ဘာတို့လည်း မှီဝဲတတ်ကြပါတယ်။ အဲဒီဆေးတွေဟာ နှလုံးကို ဒုက္ခပေးပါတယ်။ ပြီးတော့ အမျိုးသားတွေဟာ လိင်အလိုမပြည့်တဲ့ အခါမျိုးမှာ ပိုစိတ်ဖိစီးတတ်ပြီး စိတ်ကျဝေဒနာပါ ၀င်တတ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာလည်း နှလုံးရောဂါဆီ ဦးတည်နေပါတယ်။

ဒါကြောင့် သက်ကြီးပိုင်း အမျိုးသားတွေမှာ လိင်ကိစ္စကြောင့် နှလုံးထိခိုက်နိုင်ခြေဟာ အမျိုးသမီးတွေထက် ရာခိုင်နှုန်း ပိုများနေတာ ဖြစ်ပါတယ်”” ဟု ပါမောက္ခလျူက ပြောသည်။

အသက် (၅၇) မှ (၈၅) ကြား လူပေါင်းနှစ်ထောင်၏ လိင်ကိစ္စနှင့် နှလုံးကျန်းမာရေး အခြေအနေကို လေ့လာထားခြင်း ဖြစ်သည်။ ၂၀၀၅ တွင် တစ်ကြိမ်လေ့လာပြီး နောက်ငါးနှစ်အကြာတွင် နောက်ထပ်တစ်ကြိမ် လေ့လာကာ ကွာဟချက်များကို နှိုင်းယှဉ်စစ်တမ်းပြုစုခဲ့သည်။

စစ်တမ်း ပါဝင်သူများထဲတွင် အမျိုးသား (၇၀) ရာခိုင်နှုန်း၊ အမျိုးသမီး (၃၉) ရာခိုင်နှုန်းက အိမ်ထောင်ဖက်နှင့် ပုံမှန်ဆက်ဆံ ဖြစ်သည်ဟု ဆိုသည်။ အိမ်ထောင်ဖက်နှင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ် ဆက်ဆံဖြစ်သည်ဟု အမျိုးသား (၂၅) ရာခိုင်နှုန်း၊ အမျိုးသမီး (၁၁) ရာခိုင်နှုန်းကလည်း ဖြေသည်။

တစ်ပတ် တစ်ကြိမ် ဆက်ဆံဖြစ်သည်ဟု ဖြေသောအမျိုးသားများ သည် ထိုမျှလောက် မဆက်ဆံဖြစ်သော အမျိုးသားတို့နှင့်ယှဉ်လျှင် နှလုံးရောဂါ ဖြစ်ပွားနှုန်း နှစ်ဆပိုများသည်ကို တွေ့ရှိခဲ့ရသည်။ အမျိုးသမီးများတွင်မူ တစ်စုံတစ်ရာ ထူးခြားမှုမရှိကြောင်း တွေ့ရသည်။ စစ်တမ်းရလဒ် အပြည့်အစုံကို Health and Social Behavior ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။

Source: Reuters
messengernewsjournal မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com