Monday, October 10, 2016

အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ဂီတသံစဉ်

     

ဂီတသံစဉ်တွေဆိုတာ မွန်းကြပ်နေတဲ့စိတ်ကို လန်းဆန်းသွားအောင် ဖန်တီးပေးနိုင်သလို၊ နာကျင်မှုတွေ သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ ဂီတသံစဉ်တွေကိုအသုံးချပြီး နေ့စဉ်ဘ၀အမောတွေကို ဖြေဖျောက်တတ်ကြပါတယ်။ ခေတ်ဟောင်းသီချင်းတွေနားထောင်ပြီး ငယ်ဘ၀ပုံရိပ်တွေ ပြန်တမ်းတပြီး အားသစ်တွေရကြသလိုမျိုးပေါ့။ ဒီတစ်ပတ်တော့ အမျိုးသမီးတွေအတွက် ဂီတသံစဉ်တွေဟာ ကုထုံးတစ်မျိုးဆိုတဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။

အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အချိုးအစားလှပဖို့ လေ့ကျင့်ခန်းလုပ်ချင်စိတ်တွေရှိကြပေမယ့် စတင်ဖို့နှောင့်နှေးတတ်သလို စဉ်ဆက်မပြတ်လုပ်ဖို့လည်း ပျင်းရိသွားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့အခါ တက်ကြွနေအောင် သီချင်းတွေက အများကြီးထောက်ပံ့ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်တဲ့အမျိုးသမီးတွေနဲ့ နားမထောင်တဲ့အမျိုးသမီးတွေကို ယှဉ်ကြည့်တဲ့အခါ လုပ်ရင်း သီချင်းနားထောင်တဲ့သူတွေက ၂၄ ပတ်မှာ ပျမ်းမျှ ၁၆ ပေါင်လောက်ကျပြီး နားမထောင်ပဲလုပ်တဲ့သူတွေကတော့ ထက်ဝက်လောက်ပဲ ကျတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

နောက်တစ်ချက်ကတော့ သီချင်းအမြူးတွေကို ပုံမှန်နားထောင်လေ့ရှိသူတွေက ကိုယ်ခံစွမ်းအားမြင့်ပြီး ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ အအေးမိ၊ ဖျားနာရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ၁၉၉၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့လေ့လာချက်စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း လူပေါင်း ၄၀၀ ကျော်ကို ထပ်မံလေ့လာခဲ့တဲ့အခါ ကိုယ်ခံစွမ်းအားမြင့်တင်ပေးရုံတင်မကပဲ ကိုယ်တွင်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကောင်းတဲ့ဆဲလ်အရေအတွက် တိုးပွားလာတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ကင်ဆာရောဂါသည်တွေကို သီချင်းပုံမှန်နားထောင်ခိုင်းမယ်ဆိုရင် ရောဂါပြန့်နှံ့နှုန်းနှေးကွေးသွားစေပါတယ်။

သီချင်းတွေကို နေ့စဉ် မိနစ် ၂၀ လောက်ပုံမှန်နားထောင်ပေးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုဒဏ်တွေကို သက်သာစေပါတယ်။ ခေါင်းကိုက်တတ်လို့ နေ့တိုင်းခေါင်းကိုက်ပျောက်စေတွေ သောက်မိနေတာဟာ ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ကို ထိခိုက်မိစေပါတယ်။ ဒီလိုအကိုက်အခဲပျောက်ဆေးတွေမသောက်ပဲ နေ့စဉ် နှစ်သက်ရာသီချင်းတွေကို နားထောင်ပေးရုံနဲ့ ကိုက်ခဲမှုဒဏ်တွေကို သက်သာသွားစေပါတယ်။

သီချင်းသံစဉ်တွေကြောင့် စိတ်ဖိစီးမှု ပြေပျောက်စေတယ်ဆိုတာကတော့ သိကြမှာပါ။ အမျိုးသမီးတွေဟာ နေ့စဉ် မိသားစုတာဝန်၊ လုပ်ငန်းခွင်အလုပ်ကိစ္စတွေနဲ့ရှုပ်နေတာမို့ အမျိုးသားတွေထက် စိတ်ဖိစီးမှုပိုများတတ်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းအောင် သီချင်းအမြူးလေးတွေ နားထောင်ရင်း စိတ်ကိုလန်းဆန်းအောင် ဖန်တီးယူလိုက်ပါ။

အမျိုးသမီးတွေမှာ ညဘက်အိပ်မပျော်တဲ့ရောဂါက အဖြစ်များပါတယ်။ စိုးရိမ်ပူပန်စိတ်များတတ်ကြသူတွေမို့ အိပ်ရေးပျက်တဲ့ညတွေများလာပြီး ကျန်းမာရေးကို ထိခိုက်လာနိုင်တာကြောင့် အိပ်မပျော်ဖြစ်နေပြီဆိုရင် သီချင်းအေးအေးလေးတွေ မအိပ်ခင် နားထောင်ပေးပါ။ အားလုံးပဲ သီချင်းတွေနဲ့အတူ နေ့စဉ်ဘ၀တွေကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

Ref: womenshealth  
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com