Friday, October 28, 2016

ကိုယ်ဝန်ဆောင်များ ကျန်းမာကြံ့ခိုင်ဖို့



ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးများအတွက်  မိမိကိုယ်ကို အပြည့်အ၀ဂရုစိုက်ရန် အလိုအပ်ဆုံးအချိန် တစ်ခုဖြစ်ပါတယ်။ မိခင်လောင်းတွေဟာ အစားကောင်းကောင်း စား၊ ကောင်းကောင်းအနားယူပြီး ကဖင်းပါ ၀င်တဲ့အအေး၊ ကော်ဖီစတာတွေကို လျှော့သောက်ရပါမယ်။ အရက်၊ဘီယာနဲ့ ဆေးလိပ်သောက်တာကို ဖြတ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် ကျန်းမာရေးကောင်းစေဖို့ လိုက်နာသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ငါးစားပါ - ကိုယ်ဝန်ဆောင်ချိန် ငါးများများစားတဲ့မိခင်ကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ ငါးသိပ်မစားတဲ့ မိခင်ရဲ့ကလေးတွေထက် ဥာဏ်ရည်ပိုကောင်းပြီး လှုပ်ရှားနိုင်မှုစွမ်းရည်လည်း ပိုကောင်းတာကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ ငါးမှာပါဝင်တဲ့ Omega 3 fatty acid ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အာဟာရဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ စားဖို့အထူးလိုအပ်ပါတယ်။ ဒါပေမဲ့ တချို့ငါးတွေမှာ မာကျူရီဓါတ်ပါဝင်တဲ့အတွက် မိခင်ကိုရော မိခင်ဝမ်းဗိုက်ထဲက ကလေးကိုပါ အဆိပ်သင့်စေတတ်ပါတယ်။ ဒါကြောင့် တူနာငါး၊ ပုစွန်အသေး၊ ဆော်လမွန်ငါး၊ ငါးကြင်း စတဲ့ငါးတွေကို စားသင့်ပြီး ငါးမန်း၊ မက်ကရယ်ငါး၊ ငါးလိပ်ကျောက်စတဲ့ ငါးတွေကို မစားသင့်ပါဘူး။ ဒါ့အပြင် တစ်ပတ်မှာ ငါး ၂ ပေါင်ထက် ပိုမစားသင့်ပါဘူး။

အားဆေးသောက်ပါ - ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်အဖြစ် ကြီးထွားလာမယ့် အင်္ဂါတွေဟာ ကိုယ်ဝန်ဆောင်ကာလ ပထမအပတ်မှာ စတင်ကြီးထွားပါတယ်။ ဒါကြောင့် ကလေးယူဖို့ စတင်စီစဉ်က တည်းက ဖော်လစ်အက်ဆစ်၊ ကယ်လစီယမ် နဲ့ သံဓါတ် အားဖြည့်ဆေးတွေကို စတင်မှီဝဲသင့်ပါတယ်။ ငါးသိပ်မစားတဲ့ မိခင်လောင်းတွေ အတွက် ဖောလစ်အက်ဆစ် 400 mcg၊ ဗီတာမင် ဒီ 200 mcg နဲ့အတူ ငါးကြီးဆီကိုပါ တွဲဖက်မှီဝဲသင့်ပါတယ်။ ဆေးသောက်တဲ့အခါ မူးဝေအော့အန်တာတွေ ဖြစ်ခဲ့ရင်တော့ ဆေး မသောက်ခင် မုန့်တစ်ခုခုစားခြင်း၊ ဆေးသောက်ပြီးရင် သကြားလုံးစားခြင်းတို့ ပြုလုပ်သင့်ပါတယ်။

ချဉ်ခြင်းတပ်တာကို စားပါ - ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘာလို့ချဉ်ခြင်းတပ်တာလဲ ဘယ်သူမှ မသိကြပါ ဘူး။ ပညာရှင်တချို့ရဲ့အဆိုအရ ဒါဟာ မိခင်လောင်းရဲ့ခန္ဓာကိုယ်ကနေ လိုအပ်တဲ့အာဟာရကို တောင်းဆို ခြင်းလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ စိတ်ခံစားချက်သက်သက်လည်း ဖြစ်နိုင်ပေမဲ့ ချဉ်ခြင်းတပ်တာကို စား လိုက်တာကောင်းပါတယ်။ ဒါပေမဲ့ မိမိချဉ်ခြင်းတပ်တဲ့စားစရာက ရေခဲမုန့်၊ အပူအစပ်၊ ဆီကြော်စာ စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေဖြစ်နေရင်တော့ ဆင်ခြင်ပြီးစားသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ - မိခင်လောင်းတွေအတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း၊ သွေးလှည့်ပတ်မှုကောင်းခြင်း၊ စိတ်ခံစားချက်ကောင်းခြင်း နဲ့ အိပ်လို့ကောင်းခြင်းတို့ကို ဖြစ်စေတဲ့အတွက် လုပ်သင့်ပါတယ်။ ပလတစ် (Pilates)၊ ယောဂ (Yoga)၊ ရေကူးခြင်းနဲ့ လမ်းလျှောက်ခြင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်သင့်ပြီး လိုအပ်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုပါတယ်။ မိနစ် ၃၀ ခန့်လုပ်သင့်ပေမဲ့ မိမိခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ကို သိသင့်ပြီး အတင်းဖိအားပေးလုပ်တာမျိုး မဖြစ်သင့်ပါဘူး။

နေ့စဉ် ကိုယ်အလေးချိန် ချိန်ပါ - ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်အလေးချိန်နည်းတဲ့အခါ မွေးဖွားလာတဲ့ ကလေး ပေါင်မပြည့်တာ ဖြစ်နိုင်သလိုပဲ ကိုယ်အလေးချိန်များ လွန်းရင်လည်း ကလေးမွေးပြီးနောက် ပြန်ပိန်ဖို့ခက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မယူခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်အလေးချိန်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တိုးလာတတ်တဲ့ကိုယ်အလေးချိန်ဟာ အောက်ပါအတိုင်း ပဲဖြစ်ပါတယ်။

ကလေး : ၈ ပေါင်

အချင်း : ၂-၃ ပေါင်

ရေမြွှာ : ၂-၃ ပေါင်

ရင်သားကြီးထွားမှု : ၂-၃ ပေါင်

သွေးသိုလှောင်မှု : ၄ ပေါင်

မွေးဖွားရာနဲ့ နို့တိုက်ရာမှာ လိုအပ်တဲ့ အဆီသိုလှောင်မှု :  ၅-၉ ပေါင်

သားအိမ်ကြီးထွားမှု : ၂-၅ ပေါင်

စုစုပေါင်း : ၂၅- ၃၅ ပေါင်

မိခင်လောင်းများအတွက် ကိုယ်အလေးချိန် ထိန်းဖို့ အကြမ်းဖျင်းလမ်းညွှန်ချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

    မိခင်လောင်းဟာ ကိုယ်အလေးချိန်အနေတော်ဖြစ်ရင် (BMI 18.5 နဲ့ 24.9 ကြား) ကိုယ်ဝန်ဆောင်ချိန်မှာ ၂၅ ပေါင်ကနေ ၃၅ ပေါင်ထိ တက်သင့်ပါတယ်။
    ကိုယ်အလေးချိန်နည်းရင် (BMI 18.5 အောက်) ၂၈ ပေါင်ကနေ ပေါင် ၄၀ အထိ တက်သင့်ပါတယ်။
    ကိုယ်အလေးချိန်များရင် (BMI 25 နဲ့ 29.9 ကြား) ၁၁ ပေါင်ကနေ ပေါင် ၂၀ ထိ တက်သင့်ပါတယ်။
    ကိုယ်အလေးချိန် အရမ်းများနေရင် (BMI 30 နဲ့အထက်) ၁၁ ပေါင်ကနေ ပေါင် ၂၀ ထိ တက်သင့်ပါတယ်။
    အမွှာကိုယ်ဝန်ကို လွယ်ထားရတာဆိုရင်တော့ ကိုယ်အလေးချိန်အနေတော်ရှိသူက ၃၇ ပေါင်ကနေ ၅၄ ပေါင်ထိ တက်သင့်ပြီး ကိုယ်အလေးချိန်များသူက ၃၁ ပေါင်ကနေ ပေါင် ၅၀ ထိ တက်သင့်ပါ တယ်။ ကိုယ်အလေးချိန်အလွန်များသူက ၂၅ ပေါင်ကနေ ၄၂ ပေါင်ထိပဲ တက်သင့်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com