Tuesday, October 11, 2016

အူဝဲလေးရဲ့ မေမေပူပူနွေးနွေးလေးဖြစ်တော့မယ့် သူငယ်ချင်းဆီသို့ ပေးစာတစ်စောင်။


 ကလေးလေးရဲ့မေမေလောင်းလေးရေ…
အူဝဲလေးကိုမွေးတော့မယ်ဆိုတာ ကြားလိုက်ရတော့ ပျော်ရွှင်စေရုံသာမကဘဲ သူငယ်ချင်းရဲ့မိခင်ဘဝအတွက်ပါ စိတ်လှုပ်ရှားရင်ခုန်သွားမိတာအမှန်ပါပဲ သူငယ်ချင်းရေ။ လောကမှာအကြီးမြတ်ဆုံးဆိုတဲ့ မိခင်ဘဝကို ပိုင်ဆိုင်ရတာ၊ ကိုယ့်အသွေးအသားကဖြစ်တည်လာတဲ့ လူသားသေးသေးလေးတစ်ယောက်က သူ့ရဲ့ချစ်စရာ မပီကလာပီကလာအသံလေးနဲ့ “မေမေ” လို့ ခေါ်သံလေး ကြားရတော့မယ်ဆိုတာ ဘယ်လောက်ရင်ခုန်စရာကောင်းလဲနော်။

ဒါပေမယ့်လေ မိခင်တစ်ယောက်ဖြစ်ပြီဆိုတဲ့ ရင်ခုန်ကြည်နူးစရာတွေနဲ့အတူ ပြောင်းလဲသွားမယ့်အခြေအနေတွေအတွက် သူငယ်ချင်းရဲ့စိတ်ထဲမှာပြင်ဆင်ထားရမယ့်အရာတွေလည်း အများကြီးရှိတယ် သူငယ်ချင်း။ ကျွန်မ သမီးလေးကိုမွေးပြီးပြီးချင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို သူငယ်ချင်းကိုပြန်ပြောပြချင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျွန်မရဲ့သမီးလေးကို မမွေးခင်တုန်းကတော့ သူလေးကိုမြင်လိုက်တာနဲ့ အရမ်းပျော်ရွှင်သွားမှာပဲလို့ မျှော်လင့်ထားဖူးတယ်။ ဒါပေမယ့် တကယ်တမ်း လောကကြီးထဲရောက်လာခါစ ညစ်ပတ်နံစော်နေတဲ့ မွေးကင်းစနီတာရဲလေးကို မြင်လိုက်ရချိန်မှာတော့ ပျော်ရွှင်ဖို့မပြောနဲ့။ “ ဒီကလေးသေးသေးလေးနဲ့ ငါဘယ်လိုများ ရှေ့ဆက်စခန်းသွား ရပါ့မလဲ” ဆိုပြီးတော့တောင် ထိုင်ငိုချင်သွားတယ် သူငယ်ချင်းရေ။ ပြီးတော့ “ဒီနေ့ကစပြီး ဒီကလေးလေးအတွက် ငါ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ဆုံးရှုံးခံလိုက်ရတော့မှာလား။ ပျော်ရွှင်မှုတွေကို မေ့လိုက်ရတော့မှာလား။ ငါဘာဖြစ်လို့ ချစ်ခဲ့မိပါလိမ့်။ လက်ထပ်ခဲ့မိပါလိမ့်။ ဘာအတွေ့အကြုံမှမရှိဖူးတဲ့ငါဟာ ဒီကလေးလေးကို လူလားမြောက်အောင် ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ မိခင်တစ်ယောက် ဖြစ်လာနိုင်ပါ့မလား” လို့လည်း စိတ်တွေပူသွားမိတယ်။

ကျွန်မတွေးသမျှကို ဘာမှမသိရှာတဲ့ နီတာရဲလေးကတော့ အပူအပင်ကင်းမဲ့စွာ အိပ်ပျော်လို့ပေါ့။ သူဆာတဲ့အခါ ငိုတယ်။ အမေ့နို့ချိုလေး တိုက်ကျွေးလိုက်ရင် အငိုတိတ်သွားတယ်။ နို့လေးကို မက်မက်စက်စက်စို့နေတဲ့ နီတာရဲလေးကိုကြည့်ပြီး ကျွန်မရဲ့ရင်ထဲ ဘာကြောင့်တလှိုက်လှိုက်ဖြစ်လာတယ်ဆိုတာ တကယ်မသိပါဘူး သူငယ်ချင်းရေ။ နောက်တော့ သူနို့ဆာနေပြီဆိုရင် သူမငိုခင် ကျွန်မအလိုလိုသိလာတယ်။ သေးစိုနေရင် သူ့ခမျာ အနေရခက်မှာစိတ်ပူမိတယ်။ စမြင်ကာစက ဘယ်လိုကိုင်တွယ်ရမယ်မှန်းတောင် မသိခဲ့တဲ့ နီတာရဲလေးနဲ့ပတ်သက်ပြီး သင်ကြားပေးမယ့်သူမရှိဘဲ မြန်မြန်ဆန်ဆန် ကျွန်မဘာသာ တတ်မြောက်လာတာတွေလေ။ မထူးဆန်းဘူးလားဟင်။ နောက်တော့ သူ့မျက်လုံးလေးတွေ ဖွင့်ကြည့်တတ်လာတယ်။ အဲ့ဒီအခါကျတော့လည်း လောကကြီးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ နီတာရဲလေးရဲ့ မျက်လုံးလေးတွေထဲကို ကျွန်မကဖတ်ကြည့်နိုင်လာပြန်သတဲ့။

သမီးလေး နို့ဆာနေပြီလား။ လေနာလို့ငိုနေတာလား။ ညဘက်ဆိုလည်း မျက်လုံးပွင့်တာနဲ့ သမီးလေး သေးစိုနေလား၊ ပုရွက်ဆိတ်ကိုက်နေမလားဆိုပြီး ကိုယ့်ကိုယ်ကိုထက် သူ့ကို အရင်သတိရတတ်လာတယ်။

သမီးလေးပြုံးတတ်လာတဲ့နေ့ကတော့ အသည်းနှလုံးတွေအားလုံး အရည်ပျော်ကျသွားတဲ့နေ့ပါပဲ။

ကမ္ဘာပေါ်မှာ အလှဆုံးပန်းလေးတစ်ပွင့်ပွင့်လာတာကို တစိမ့်စိမ့်ထိုင်ငေးကြည့်နေမိသလို ခံစားချက်မျိုး တစ်သက်မှာ တစ်ခါပဲခံစားဖူးလိုက်တဲ့အချိန်ပေါ့။

နှမြောခဲ့မိတဲ့လွတ်လပ်ခွင့်တွေ၊ ပျော်ရွှင်မှုတွေမပြောနဲ့ အသက်နဲ့လဲပါဆိုရင်တောင် လဲတော့မယ့်အထိ ကမ္ဘာကြီးတစ်ခုလုံးကို အဲ့ဒီအပြုံးလေးတစ်ပွင့်တည်းနဲ့ သမီးလေးက သိမ်းပိုက်သွားခဲ့တော့တာလေ။

ရှေ့ဆက်တည်ဆောက်မယ့် အနာဂတ်ဟာ သူလေးအတွက် မျှော်လင့်ချက်တွေနဲ့သာ ပြည့်နှက်နေခဲ့တော့တာ။

မိခင်တွေဟာ ဘာကြောင့်များမီးဖွားရတဲ့ဒုက္ခတွေကို မကြောက်မရွံ့ရင်ဆိုင်ခဲ့ကြမှန်းလည်း နားလည်ခဲ့ရပြီ။ ကိုယ့်ကိုမွေးဖွားပြီး ပြုစုစောင့်ရှောက်လာခဲ့တဲ့မေမေ့ကျေးဇူးတရားတွေကိုလည်း အောက်မေ့မိတယ်။ အဲ့ဒီခံစားချက်တွေကို စကားလုံးတွေနဲ့မဖော်ပြနိုင်ပါဘူး။ မိခင်မေတ္တာကို ဘယ်လောက်ပြောင်မြောက်တဲ့စကားလုံးတွေကမှလည်း မီအောင်မဖော်ပြနိုင်ပါဘူး။ ဒီခံစားချက်ကို မိခင်တွေပဲနားလည်နိုင်တယ်။ အဲ့ဒီအချိုမြိန်ဆုံးတေးသံလေးကိုလည်း မိခင်တွေရဲ့နှလုံးသားကပဲကြားနိုင်တာပါ။ အဲ့ဒီ အနွေးထွေးဆုံးအချိန်လေးကိုလည်း ခုလိုကလေးလေးလူ့လောကထဲ ရောက်လာစအချိန်မှာပဲ ခံစားသိရှိနိုင်တာပါ။

ဒါ့ကြောင့် … ဒီခံစားချက်လေးကို ကြုံတွေ့ရတော့မယ့် သူငယ်ချင်းလေးအတွက်လည်းရင်ခုန်တယ်။ သူငယ်ချင်းဆီက ပြန်ဝေမျှမယ့် ပူပူနွေးနွေးမိခင်ဘဝလေးရဲ့ အတွေ့အကြုံလေးတွေကိုလည်း ပြန်နားထောင်ချင်ပါတယ် သူငယ်ချင်းရေ။ ကဲ…စာလည်းရှည်နေပြီမို့ ပူပူနွေးနွေးမေမေကော ချစ်စရာအူဝဲလေးပါ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်တော့မယ်နော်။

ထပ်တူရင်ခုန်ပျော်ရွှင်နေတဲ့
သူငယ်ချင်း

www.gandawin.net မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com