Thursday, October 13, 2016

မိခင်တို့ရဲ့အလှအပနဲ့ကျန်းမာရေး



အလှတရားဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အလှတရားကပေးတဲ့ ယုံကြည်မှုဟာ မိမိကိုယ်မိမိ စိတ်ကျေနပ်လန်းဆန်းမှုကိုရရှိစေပါတယ်။ ပြီးတော့ လှပမှုဟာ လူတစ်ယောက်ကို မိမိအတွက်ရောသူများအတွက်ပါ စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့အမျိုးသမီးတွေဟာ အပျိုဘဝတုန်းက လှလှပပနေထိုင်ခဲ့ကြပေမယ့် အိမ်ထောင်ကျလို့ ကလေးမွေးလာတဲ့အခါ သားသားမီးမီးတို့ဆီမှာ အာရုံများပြီး အလှအပကိုမေ့လျော့နေတတ်ကြတာတွေရှိပါတယ်။ တကယ့်တော့ သားသားမီးမီးတို့ကိုလည်း အာရုံစိုက်ရင်း မိမိကိုယ်ကိုလည်း လှလှပပလေးနေတတ်ဖို့ လိုအပ်တယ်ဆိုတာ အကြံပြုလိုပါတယ်h

ဒီလိုလှလှပပလေး နေနိုင်ဖို့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးက အရေးပါဆုံးဖြစ်ရာ ကလေးမိခင်ဖြစ်နေပေမယ့် အရင်အတိုင်းအပျိုတုန်းကလိုမျိုး နေသင့်ပါတယ်။  ကလေးမွေးလိုက်တဲ့အတွက်၊ အစားအသောက်ကို သတိမထားဖြစ်တဲ့အတွက် ကိုယ်အလေးချိန်တက်လာတတ်ကြရာ လှတစ်မျက်နှာယဉ်တစ်ကိုယ်လုံးဆိုတဲ့ အပျိုတုန်းကပုံစံမျိုးကို ပြန်လည်ထိန်းထားနိုင်ဖိုး လိုအပ်တာ အမှန်ပါ။ ဒီအတွက် ကျန်းမာရေးလိုက်စားတာတွေ၊ အစားအသောက်ဆင်ခြင်တာတွေ၊ ကိုယ်အလေးချိန်မတက်အောင် လေ့ကျင့်ခန်းပြုလုပ်တာတွေကို အမှန်တကယ်ပြုလုပ်သင့်ပါတယ်။ ဥပမာ-မိမိအတွက်သာမက မိသားစုကျန်းမာရေးကိုပါ အကျိုးပြုစေမယ့် လတ်ဆတ်တဲ့အသီးအနှံတွေကို စားပေးခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ ချက်ပြုတ်စားသောက်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် လှပတဲ့မိခင်တစ်ယောက်ဖြစ်စေရုံက မိသားစုကျန်းမာရေးကို ပါ စောင့်ရှောက်ပေးနိုင်တဲ့မိခင်တစ်ယောက်ဖြစ်စေနိုင်ခြင်းပင်ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ အောင်မြင်မှုရရှိပြီး လှပနေတဲ့ မိခင်တစ်ချို့ကို လေ့လာကြည့်လိုက်ရင် အများအားဖြင့် ကျန်းမာရေးလိုက်စားပြီး မိသားစုကို ကောင်းစွာ စောင့်ရှောက်နိုင်သူများဖြစ်ကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် မိခင်တစ်ယောက်အနေနဲ့ ကျန်းမာလှပစွာ ရှင်သန်နိုင်ဖို့ ကျန်းမာရေးကိုလေ့လာလိုက်စားခြင်းဖြင့် မိသားစုအရေး၊ လူမှုအရေးတို့မှာ ကောင်းမွန်စာ ပါဝင်အားဖြည့်နိုင်မှာ အသေအချာပါ။

မိခင်တစ်ယောက်ကျန်းမာလှပနေတာဟာ အိမ်မှာ ကလေးတွေကိုပါ ပျော်ရွှင်စေရုံမက ခင်ပွန်းတို့ကိုပါ စိတ်ပျော်ရွှင်စေတယ်ဆိုတာ အမှန်ပါ။ မိခင်ဖြစ်သူတို့လှပနေရင် သားသားမီးမီးတို့မျက်စိထဲမှာ မေမေ လှတယ်ဆိုတဲ့ အကြည့်လေးလွှမ်းမိုးနေတတ်တာကို သတိထားမိနိုင်ပါတယ်။ အိမ်ထောင်စုတစ်စုမှာ မိခင်တစ်ယောက်ဟာ အရေးပါဆုံးဖြစ်ရာ မိခင်တစ်ယောက် လှပရွှင်လန်းနေရင် မိသားစုတစ်ခုလုံးကိုပါ ကြည်နူးရွှင်လန်းစေပါတယ်။ အလှတရားက ပေးတဲ့ ယုံကြည်မှုဟာ တစ်ခါတစ်ရံမှာ မမြင်ရတဲ့ အင်အားတစ်ခုကို ဖြစ်စေတတ်ပါတယ်။ အိမ်ရဲ့ဆည်းလည်းဟာ သားသားမီးမီးတို့မှ မဟုတ်ဘဲ မေမေတို့လည်း အပါအဝင်ဖြစ်ပါတယ်။ အိမ်ဆည်းလည်း သာယာနေရင် မိသားစု သာယာရွှင်မြူးမှုဖြစ်စေရာ ဘယ်လို အခက်အခဲကြုံကြုံ ဖြေရှင်းကျော်လွှားဖို့ အင်အားဖြစ်နေတတ်ကြပါတယ်။ ဒါဟာ ကျန်းမာပြီး လှပနေမှအဆင်ပြေတတ်ကြရာ မိခင်တစ်ယောက်အနေနဲ့ အလှအပနဲ့ကျန်းမာရေးကို တွဲဖက်ဂရုစိုက်သင့်တယ်ဆိုတာ ဖော်ပြနေတာဖြစ်ပါတယ်။

တစ်ချို့ခင်ပွန်းသည်တွေဟာ မိမိရဲ့အမျိုးသမီး လှပနေရင် စိတ်ထဲက ကျေနပ်နေတတ်ကြပါတယ်။ မိတ်ဆွေအသိုင်းအဝိုင်းကြားမှာဖြစ်ဖြစ်၊ ပွဲတက်ရတဲ့အခါဖြစ်ဖြစ် ၊ ဇနီးသည်အနေနဲ့ မိတ်ဆွေတွေအား မိတ်ဆက်ပေးရတဲ့အခါဖြစ်ဖြစ် မိမိရဲ့ဇနီးဟာ လှလှပပလေးနဲ့ အဆင်ပြေပြေဖြစ်နေရင် ဂုဏ်ယူကျေနပ်မိတတ်ကြပါတယ်။ အလုပ်ကပြန်လာချိန်မှာ လှလှပပလေးရှိနေတာကိုတွေ့ရရင် စိတ်အမောပြေတတ်ကြပြီး မိသားစုအပေါ် ပိုမိုခင်တွယ်မှုဖြစ်စေကြပါတယ်။ အိမ်ထောင်စုတစ်စုမှာ မေမေတွေ လှလှပပဖြစ်နေခြင်းဟာ ဖေဖေတို့အတွက် စိတ်ကျေနပ်နှစ်သိမ့်မှုကိုဖြစ်စေတာကြောင့် မိသားစုသာယာပျော်ရွှင်ခြင်းဆိုတဲ့ သုခချမ်းသာကို ရရှိစေပါတယ်။ ဒါဟာ မိခင်တစ်ယောက်အနေနဲ့ အလှအပအပြင်ကျန်းမာရေးကိုပါ ဂရုစိုက်နိုင်မှ ရရှိနိုင်မယ့် ရလဒ်ဖြစ်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com