Friday, October 28, 2016

အသက်ရှည် နုပျိုစေတဲ့ လိုင်ချီးသီး



လိုင်ချီးဟာ အပူပိုင်းနဲ့သမပိုင်းဇုံဒေသ မျိုးနွယ်ဝင်ဖြစ်ပြီး သူ့ရဲ့မူလဒေသကတော့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ ပန်းပွင့်လိုမွှေးပျံတဲ့ လိုင်ချီးသီးရနံ့ကြောင့် ဟင်းပွဲတွေမှာပါ ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။ အာရှနိုင်ငံတွေမှာတော့ အချိုပွဲအဖြစ်သုံးကြပေမယ့် အခုချိန်မှာတော့ အနောက်နိုင်ငံတွေရဲ့ တန်ဖိုးမြင့်စားသောက်ဆိုင်တွေကပါ အသုံးပြုလာကြပါပြီ။

မူရင်းဒေသဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ လိုင်ချီးပင်ကို စိုက်ပျိုးလာတာ နှစ်ပေါင်း ၄ ထောင်ကျော်ပါပြီ။ အခုအခါမှာတော့ ကမ္ဘာ့နိုင်ငံအနှံ့ စိုက်ပျိုးလာကြပေမယ့် အဓိကပို့ကုန်အများဆုံးနိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်အာဖရိကနိုင်ငံအချို့ပဲ ဖြစ်ပါတယ်။

လိုင်ချီးသီးဟာ လူသားတို့ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အာဟာရဓာတ်အမြောက်အမြားပါဝင်သလို ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားစေပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ လိုင်ချီးသီးထဲမှာ ဗီတာမင်စီ ၄၀ ရာခိုင်နှုန်းခန့်ပါတာကြောင့် လိမ္မော်သီးထဲမှာ ပါဝင်မှုပမာဏထက် ပိုများပါတယ်။

ခန္ဓာကိုယ်အတွင်း ကောင်းကျိုးမပြုတဲ့ free radical တွေကို တိုက်ထုတ်ပေးပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားကာ အထူးသဖြင့် ရင်သာကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆေးသုတေသီတွေက ဆိုပါတယ်။ လိုင်ချီးသီးထဲမှာပါတဲ့ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့သတ္တုဓာတ်ဖြစ်ပြီး၊ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတို့ကို အချိုးညီညီထိန်းချုပ်ပေးကာ သွေးခဲခြင်း၊ ဆဲလ်ပျက်စီးခြင်းမှလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးခုန်နှုန်းမှန်စေပြီး နှလုံးကြွက်သားများ ကျုံ့ခြင်း၊ ချဲ့ခြင်းနဲ့ နှလုံးသွေးကြောစီးဆင်းလည်ပတ်မှုတို့ကို ထောက်ပံ့ပေးနိုင်ပါတယ်။ နှလုံးရောဂါဝေဒနာအမျိုးမျိုးကို သက်သာစေရုံမက နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့ လေဖြတ်ခြင်းကို ထက်ဝက်ခန့်လျော့ချပေးနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲမှာဖြစ်တတ်တဲ့ အအေးမိ၊ နှာစေးချောင်းဆိုး၊ လည်ချောင်းနာတာကအစ သက်သာစေတဲ့ လိုင်ချီးသီးပါ။ နေမကောင်းတဲ့အခါ လိုင်ချီးသီး စားပေးရုံနဲ့ ပျောက်ကင်းစေပါတယ်။ လိုင်ချီးသီးမှာ အခြားအသီးတွေနဲ့မတူပဲ oligonol ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိတဲ့အတွက် တုတ်ကွေးဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်တာပါ။

လိုင်ချီးသီးအရသာဟာ အချိုလွန်ကဲတယ်လို့ထင်ရပေမယ့် ပါဝင်တဲ့သကြားဓာတ်က သဘာဝသကြားဓာတ်ဖြစ်တာမို့ လူ့ကိုအန္တရာယ်မရှိစေပါဘူး။ ကယ်လိုရီပါဝင်မှုနည်းပြီး မပြည့်ဝဆီနဲ့ ကိုလက်စထေရော လုံးဝမပါရှိတဲ့အပြင် အမျှင်ဓာတ်များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် သင့်တော်တဲ့အသီးလည်း ဖြစ်ပါတယ်။

ပျိုမေတို့အတွက် လိုင်ချီးသီးမှာ အသားအရေလှပစေပြီး မျက်နှာပေါ်က အစက်အပြောက်တွေကို သက်သာစေတာမို့ ပုံမှန်စားပေးဖို့ မမေ့ပါနဲ့နော်။ အရွယ်တင်နုပျိုစေဖို့နဲ့ အသက်ရှည်စေရန် တရုတ်ရိုးရာတိုင်းရင်းဆေးဝါးတွေမှာလည်း ထည့်သွင်းအသုံးပြုကြတယ်လို့ မှတ်သားရပါတယ်။ လိုင်ချီးသီးဟာကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပေမယ့် အမှည့်လွန်နေတဲ့အသီးဆိုရင် အချဉ်ပေါက်တတ်တာကြောင့် လတ်ဆတ်တာကို ရွေးချယ်စားသုံးကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Ref: natureenergycares
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkdworld.com