Tuesday, October 11, 2016

တည်ထောင်ခါစအလုပ်မှာ ၀င်လုပ်တော့မယ်ဆိုရင်



တည်ထောင်စကုမ္ပဏီမှာ အလုပ်လုပ်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းသလို လွယ်ကူတဲ့အလုပ်မဟုတ်ဘူး ဆိုတာသိထားဖို့ အရေးကြီးပါတယ်။ ရတဲ့လစာထက် အလုပ်ပိုလုပ်ရတာတွေရှိမယ်။ သူများထက် အလုပ်ချိန်ပိုလုပ်ရနိုင်သလို စိန်ခေါ်မှုတွေလည်း တစ်သီးတစ်တန်းကြီး စောင့်ကြိုနေတတ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အခုမှတည်ထောင်ခါစကုမ္ပဏီတွေမှာ လုပ်မယ်ဆိုရင် စဉ်းစားထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ များသောအားဖြင့် လစာအများကြီးမရနိုင်ဘူး

သေချာတာတော့ တည်ထောင်စကုမ္ပဏီဆိုတာ လူသိနည်းသေးတာမို့ အမြတ်ရတဲ့ထိ စီးပွားရေးနယ်ပယ်ထဲက တခြားနာမည်ရှိပြီးသား ကုမ္ပဏီတွေလို လစာကိုတန်းတူပေးနိုင်ဖို့ မလွယ်သေးဘူး။ သွားလုပ်တာနဲ့ လစာများများရမယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ တကယ့်လက်တွေ့မှာ ပုံမှန်လစာလေးလောက်ရနိုင်ပြီး တစ်ခါတစ်လေနောက်ကျပြီမှ ရနိုင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

၂။ လူတိုင်းနီးပါး အလုပ်မျိုးစုံ လုပ်ရမယ်

ကုမ္ပဏီအသစ်တွေမှာသွားလုပ်ရင် ကုမ္ပဏီရဲ့ပထမဆုံးဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်သွားပြီဆိုပေမယ့် ကိုယ့်အလုပ်စားပွဲမှာပဲထိုင်လုပ်နေရုံပဲလို့ မတွေးထားပါနဲ့။ လိုအပ်သလို တခြားအလုပ်တွေကိုပါ တာဝန်ယူပေးရတာမျိုးတွေ ရှိပါတယ်။ ဒါကလည်း ၀န်ထမ်းမလုံလောက်သေးလို့ ဖြည့်လုပ်ပေးရတဲ့ အရာတွေပါ။ မဟုတ်လည်း ၀န်ထမ်းလစာ မပိုလျှံသေးလို့ ရှိတဲ့လူကိုပဲ အစုံသုပ်ခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၀န်ထမ်းတွေအတွက် ဖိအားတွေရင်ဆိုင်ရနိုင်သလို လုပ်ငန်းခွင်ထဲမှာ အသစ်အသစ်သော အကြောင်းအရာတွေကို သင်ယူရင်းနဲ့ ထိပ်ပိုင်းနေရာရောက်အောင် တွန်အားပေးနိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရလာနိုင်ပါတယ်။

၃။ အချိန်ပိုကြေးမရပဲ မကြာခဏ အလုပ်တွေ ပိုလုပ်ပေးရနိုင်တယ်

အလုပ်ချိန်က ရုံးဆင်းရုံးချိန် ကွက်တိလည်း ဖြစ်နိုင်သလို အချိန်ပိုအမြဲဆင်းနေရတာလည်း ဖြစ်နိုင်တယ်။ အခြေခိုင်ပြီးသား ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေထက် အလုပ်ချိန်ပိုလုပ်နေရတာလဲဖြစ်နိုင်တယ်။ မဖြစ်မနေပြီးရမယ့် အလုပ်တွေပြီးအောင် ရုံးမှာနောက်ကျတဲ့အထိ လုပ်နေရတာလည်းဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ၀န်ထမ်းအလုံအလောက်မရှိတော့ ရှိတဲ့လူနဲ့ပဲပြီးအောင် လုပ်နေရတာကိုး။

၎။ ကျရှုံးသွားနိုင်ခြေ၊ ပျက်သွားနိုင်ခြေ ရှိမယ်

တည်ထောင်စကုမ္ပဏီမှာ အလုပ်ဝင်လုပ်တာဟာ အင်မတန်စွန့်စားရပါတယ်။ နေ့ရက်တိုင်းမှာ အကောင်းဆုံးအချိန်တွေရှိနိုင်သလို စိတ်ဓာတ်ကျစရာ ဆုံးရှုံးမှုတွေလဲ ရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ဆီမှာလည်း backup plan တစ်ခုထားဖို့လိုပါတယ်။ စွန့်ဦးစီးပွားရှင်တွေရဲ့ အကြံပေးဖြစ်တဲ့ Iman Jali က ဘာပြောလဲဆိုရင် “လုပ်ငန်းအသစ်တွေဟာ ထမင်းပေါင်းအိုးတွေလိုပဲဗျ၊ ကိုယ်ဝတ်နေကျ အဝတ်ကိုချွတ်ပြီး ကိုယ့်ကိုရူးသွားစေမယ့် ရုံးဌာနတွေကို မသွားစမ်းပါနဲ့။ လုပ်ငန်းသစ်တွေက သေမြေကြီး၊ရှင်ရွှေထီး အခြေအနေမျိုးမှာ လည်ပတ်နေကြတာ။ ခေတ်ရေစီးကြောင်းအရ အသုံးဝင်တဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကနေ ဖောက်ထွက်ပြီး အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ အဲ့ဒီကုမ္ပဏီက ကျရှုံးမှာပဲ” လို့ ဆိုပါတယ်။

တည်ထောင်စကုမ္ပဏီကို ပြောင်းမယ်ဆိုရင် ကိုယ်ကပထမလူဖြစ်ရုံကလွဲပြီး မက်လောက်စရာ အများကြီးမရှိပါဘူး။ ဒါပေမယ့် အားလုံးကိုတော့ အတိအကျကောက်ချက်ချလို့ မရပါဘူး။ ဘယ်လိုဖိအားတွေနဲ့ မပြည့်စုံမလုံလောက်မှုတွေရှိနေပါစေ မဖြစ်ဖြစ်အောင် လုပ်ဆောင်ရင်းအောင်မြင်သွားကြတဲ့အခါ ပြီးပြည်စုံတဲ့ခံစားချက်ကိုတော့ ရရှိနိုင်ပါတယ်။ အလုပ်တွေ ဖုတ်ပူမီးတိုက် မြန်မြန်လုပ်တတ်လာသလို စွန့်စားမှုများတဲ့ ပတ်ဝန်းကျင်က သင့်ကို ပြိုင်ဘက်ကင်းလူတစ်ယောက်ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ ရင်ဆိုင်ရသမျှတွေကို စွဲစွဲမြဲမြဲနဲ့ အချိန်ယူလုပ်ဆောင်နိုင်လာပြီး နောက်ဆုံးမှာ ဒီအလုပ်ကထွက်ခဲ့ရင်တောင် လုပ်ငန်းတစ်ခုကို တင်းပြည့်ကျပ်ပြည့်လုပ်နိုင်တဲ့ အတွေ့အကြုံဆုလာဘ်ကို ရလိုက်နိုင်ပါတယ်။

 စီးပွားရှင် မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com