Tuesday, October 11, 2016

အသီးအရွက်တွေ ပုံမှန်မစားရင် ဘာတွေ ဖြစ်မလဲ



အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းတာကို လူတိုင်းသိပေမယ့် နေ့စဉ် စားသုံးတဲ့သူတော့ နည်းပါတယ်။ ဒီလို မကြိုက်လို့ မစားတာကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

အသီးအရွက်တွေမှာ ကိုယ်​ခန္ဓာအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဒီလို ဓာတ်တွေကို အလုံအလောက်မစားရင် အာဟာရဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။ ဥပမာ - ဗီတာမင် စီ ချို့တဲ့ရင် သွားဖုံး သွေးယိုခြင်း ၊ သွားဖုံးရောင်ရမ်းခြင်း ၊ အသားအရေ ခြောက်သွေ့ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလို မဖြစ်အောင် လိမ္မော်သီး ၊ ရှောက်ချိုသီးလို ဗီတာမင် စီ ပါဝင်တဲ့ အသီးတွေကို စားသုံးပေးသင့်ပါတယ်။

နောက်တစ်ချက်က အသီးအရွက်ကို ပုံမှန်မစားရင် ရေရှည်မှာ အစာခြေစနစ်ကို ထိခိုက်နိုင်ပါတယ်။ ထိုမှတဆင့် ဝမ်းချုပ်ခြင်း ၊ လိပ်ခေါင်းထွက်ခြင်း ၊ အူရောင်ခြင်း အစရှိတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ cellulose ဟာ ဝမ်းပိုမှန်စေပြီး အူလမ်းကြောင်းမှာ ဖြတ်သန်းရလွယ်အောင် ပြုလုပ်ပေးတာကြောင့် ဝမ်းမကောင်းမှာကို စိတ်ပူစရာ မလိုပါဘူး။

ကင်ဆာရောဂါကို တားဆီးနိုင်တဲ့ အစားအစာရယ်လို့ မရှိပေမယ့် ရောဂါမဖြစ်အောင် လျှော့ချပေးနိုင်တဲ့ အစာတော့ ရှိပါတယ်။ ဒါကတော့ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ antioxidants တွေဟာ free radicals ကြောင့် ကင်ဆာဆဲလ်တွေ ဖြစ်ပွားခြင်းကို လျှော့ချပေးပြီး အသီးအရွက်ကို ပုံမှန် စားပေးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါတယ်။

သင်ရဲ့ နေ့စဉ် diet မှာ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေ မပါဝင်ဘူးဆိုရင်တော့ သင်ဟာ ကယ်လိုရီများတဲ့ အစာတွေကို စားသုံးနေတာ သေချာပါတယ်။ ဒီလို ကယ်လိုရီများတဲ့ အစာတွေကို စားသုံးတာများရင် ကိုယ်အလေးချိန် မြင့်တက်လာပြီး အဝလွန်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ ကယ်လိုရီနည်းတဲ့ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကတော့ များများ စားသုံးလည်း ကိုယ်အလေးချိန် မတက်တာကြောင့် အထူးတလည် စိတ်ပူစရာ မလိုပါဘူး။

ကိုယ်အလေးချိန် မြင့်တက်လာရင် ဆီးချိုရောဂါပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဝလွန်ရောဂါဖြစ်ရင် Type 2 diabetes mellitus ဖြစ်ဖို့ အခွင့်အလမ်း များပါတယ်။ တကယ်လို့ သင့်မှာ ဆီးချိုရောဂါ ရှိနေတယ်။ အသီးအရွက်တွေလည်း မစားဘူးဆိုရင်တော့ သင့်ရောဂါဟာ ပိုပြီး ဆိုးသွားနိုင်ပါတယ်။

သင် စားလိုက်တဲ့ အစားအစာမှာ ဆိုဒီယမ် ပါဝင်မှု များပြီး အသီးအရွက်တွေ နည်းနေတယ်ဆိုရင် သွေးပေါင်ချိန် မြင့်တက်ဖို့ သေချာသလောက် ရှိပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ရှိတဲ့ လူတွေအနေနဲ့ အသီးအရွက်ကို များများ စားသုံးသင့်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com