Friday, October 14, 2016

အမျိုးသားများ အိမ်မှုကိစ္စ ပိုလုပ်လာဟုဆို

  ကမ္ဘာ့နိုင်ငံများတွင် ကျား၊ မ လိင်ခွဲခြားမှုနှင့် ပတ်သက်ပြီး အမြင်များ ပြောင်းလဲလာသည့်နှင့်အမျှ အိမ်မှုကိစ္စ လုပ်ဆောင်မှုအပေါ် ထားရှိသည့် အမြင်များလည်း ပြောင်းလဲလာခဲ့ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း(၅၀) အတွင်း နိုင်ငံ(၁၉) နိုင်ငံတွင် အမျိုးသမီးများ၏ တစ်ရက်လျှင် အိမ်မှုကိစ္စ လုပ်ဆောင်သည့် အချိန်သည် အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် နှစ်နာရီကျော်ပိုများခဲ့သည်။ သို့သော် ယင်းအချိန်ကာလအတွင်း အမျိုးသားများ၏ အိမ်မှုကိစ္စ လုပ်ဆောင်သည့် အချိန်သည်လည်း တိုးမြင့်လာခဲ့သည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များသည် ၁၉၆၁ မှ ၂၀၁၁ ခုနှစ်အတွင်း အိမ်အလုပ်ကိုမျှခွဲဝေ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး လေ့လာခဲ့သည်။ လေ့လာမှု ပြုလုပ်ခဲ့သည့် နိုင်ငံ(၁၉) နိုင်ငံအနက် အီတလီ နှင့် စပိန်တို့တွင် အမျိုးသမီးများသည် အိမ်မှုကိစ္စ ပိုလုပ်ရပြီး၊ အမျိုးသားများကမူ ကူညီမှု အနည်းဆုံး ရှိခဲ့သည်။ သို့သော် တိုးတက်မှုများလည်း ရှိလာနေပြီ ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်များတွင် တစ်ရက်လျှင် အီတလီ အမျိုးသမီးများသည် အမျိုးသားများထက် အိမ်မှုကိစ္စကို (၂၄၃) မိနစ်ပိုလုပ်ရသော်လည်း ၂၀၀၈ ခုနှစ်တွင်မူ (၁၈၃) မိနစ်သာ ပိုလုပ်ရတော့ကြောင်း တွေ့ရှိခဲ့သည်။ ထိုနည်းတူပင် ၂၀၀၇ ခုနှစ်တွင် စပိန် အမျိုးသမီးများသည် အမျိုးသားများထက် အိမ်မှုကိစ္စကို (၁၇၄) မိနစ် ပိုလုပ်ရသော်လည်း ၂၀၀၉ ခုနှစ်တွင်မူ (၁၃၉)မိနစ်သာ ပိုလုပ်ရတော့ကြောင်း တွေ့ရှိခဲ့သည်။

 ဗြိတိန်တွင်လည်း ၁၉၆၁ မှ ၂၀၀၀ ပြည့်နှစ် အတွင်း အမျိုးသမီးများ၏ အိမ်မှုကိစ္စ လုပ်ချိန်သည် အမျိုးသားများ၏ အိမ်မှုကိစ္စ လုပ်ချိန်ထက်(၁၉၅) မိနစ် ပိုခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင်မူ (၇၄)မိနစ်သာ ပိုတော့ကြောင်း တွေ့ရှိခဲ့သည်။

နော်ဝေ၊ ဖင်လန်နှင့် ဒိန်းမတ်ကဲ့သို့ နိုင်ငံများတွင်မူ အမျိုးသမီးများ သည် အမျိုးသားများထက် အိမ်မှုကိစ္စကို တစ်နာရီခန့်သာ ပိုလုပ်ရကြောင်း တွေ့ရှိခဲ့သည်။
Source:DM

messengernewsjournal မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com