Tuesday, October 11, 2016

ဘ၀မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင်



ဘ၀မှာ လှုပ်ရှားရုန်းကန်နေသူတိုင်း အခက်အခဲဆိုတာ ကြုံတွေ့ရမှာပါ။ ကျောင်းသားဘ၀ဆိုလည်း သူ့အခက်အခဲနဲ့သူ၊ လုပ်ငန်းခွင်ထဲရောက်တော့လည်း အခက်အခဲအတားအဆီးတွေအပြည့် တွေ့ကြုံကြတာချည်းပါပဲ။ ဘ၀ရဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ။ 

၁။တိတ်ဆိတ်ခြင်းကို ရွေးပါ။

သင်ဟာ တစ်ခါတလေ တစ်ပါးသူရဲ့အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို ရွေးမိလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတိုင်း ကြော်ငြာနေစရာမလိုပါဘူး။ နာကျင်ခံစားရပြီးမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ 

၂။ တည်ငြိမ်ခြင်းကို ရွေးပါ။

လူ့ဘဝရဲ့ချောက်ကမ်းပါးထဲ ပြုတ်ကျတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက စိတ်ဓာတ်ကြံ့ခိုင်လာအောင် အားပေးပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာ အတိမ်အနက်ကိုကြည့်ပြီး ဖြေရှင်းနိုင်ရပါမယ်။

၃။အတိတ်ထဲမှာ တဝဲမလည်ပါနဲ့။

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ သည်းမခံနိုင်ဆုံးအရာက နောက်ကြောင်းပြန်လှည့်ဖို့ အခွင့်အရေးမရှိတာပဲ။ ရွေးချယ်မှုတိုင်းဟာ အကောင်းဆုံးဆိုတာမရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင်၊ ဖြောင့်ဖြူးအောင် ဖန်တီးနိုင်ဖို့ပဲလိုပါတယ်။ ဒါမှ အတိတ်ထဲ တဝဲလည်လည် ဖြစ်မနေတော့ဘူးပေါ့။

၎။ ရိုးရှင်းတာကို လက်ကိုင်ထားပါ။

စိတ်ရှုပ်စရာအတွေးတွေက သင့်ဘဝကိုရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ အသက်ရှင်နေထိုင်နေပေမယ့် အနာဂတ်အတွက်တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကို ပစ္စုပန်နဲ့အနာဂတ်ထိ သယ်ဆောင်လာတာဟာ ဘဝကို ရှုပ်ထွေးပွေလီစေတယ်။ ရိုးရှင်းမှုကိုလက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းလိုက်ပါ။

၅။ ခံစားချက်ကို အလဟသမဖြုန်းပါနဲ့။

သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ မပျော်ဘူး။ လူတွေနဲ့လည်း ရန်မဖြစ်ချင်လို့ လူတွေနားက ခွာတယ်။ ခန္ဓာကိုယ်သာ လူတွေနားကခွာပေမယ့် စိတ်က နာကျင်ခြင်းထဲကနေမခွာနိုင်ခဲ့လို့လား။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို လျစ်လျူရှုမိတတ်တယ်။ ဒါကြောင့် ခံစားချက်ရဲ့အထိန်းအချုပ်ကို မခံပါနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် “ခံစားချက်ကို အလဟသမဖြုန်းနဲ့” လို့ သတိပေးပါ။

၆။ အချိန်ကောင်းကို ဖမ်းဆုပ်ပါ။

သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်းသိမ်းထားတယ်ဆိုပါစို့။ ကာလကြာမှ အဲဒီအင်္ကျီဝတ်ဖို့ သတိရလိုက်တဲ့အချိန် ဒီဇိုင်းက ခေတ်ကုန်နေပြီဆိုတာကို သတိထားမိလိမ့်မယ်။ ဒီလိုပဲ အရသာရှိတဲ့ ကိတ်မုန့်တစ်တုံးဝယ်ခဲ့ပြီးမှ မစားရက်ဘဲ ရေခဲသေတ္တာထဲ ထည့်ထားလိုက်မိတယ်။ သတိရချိန်မှာ ကိတ်မုန့်ဟာ ရက်လွန်နေပြီဆိုတာကို သိလိုက်ရတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်မလွန်ခင် လုပ်သင့်တယ်။ တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည်မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့အင်္ကျီလို၊ မစားလိုက်ရတဲ့ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့ပါလိမ့်မယ်။

Ref:အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ နည်းလမ်းများ