Friday, October 7, 2016

ဖျောက်ဖျက်သင့်တဲ့ အားငယ်စိတ်



အားငယ်ခြင်းဆိုတာ လူတော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ စိတ်အခြေအနေတစ်ရပ်ပါ။ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ မိသားစုအခြေအနေတွေပေါ်မူတည်ပြီး အားငယ်စိတ်တွေ အနည်းအများရှိတတ်ကြပါတယ်။ ငယ်ငယ်တည်းက အားငယ်တတ်တဲ့သူဟာ ကြီးလာတဲ့အခါ ဖျောက်ရခက်တတ်ပေမယ့် တစ်သက်လုံး ဖျောက်မရတာမျိုးတော့မဟုတ်ပါဘူး။

ဒါကြောင့် လူတစ်ယောက်မှာ အားငယ်စိတ်ရှိနေပြီဆိုရင် ဘယ်လိုဖျောက်ဖျက်ကြမလဲ။ အရင်ဆုံး ဘာလို့အားငယ်နေရတာလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ငွေကြောင့်လား၊ ရုပ်ရည်ကြောင့်လား၊ လူမှုဆက်ဆံရေးကြောင့်လား စသဖြင့် ကိုယ့်ကိုအားငယ်စေတဲ့ အဓိကအကြောင်းရင်းကို သိနားလည်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့အားငယ်စေတဲ့ အဓိကအကြောင်းရင်းကို ရှာနိုင်ပြီဆိုရင်တော့ အားငယ်မှုကိုကျော်ဖြတ်ဖို့ လမ်းစမြင်နေရပါပြီ။ 

ပိုက်ဆံမရှိလို့ အားငယ်နေတာဆိုရင်တော့ အားငယ်စိတ်တွေကို အဝေးကိုတွန်းထုတ်လိုက်ပါ။ ကိုယ့်မှာပိုက်ဆံမရှိလို့ အများက အဖက်မလုပ်ကြဘူးဆိုတဲ့အချက်ကို ဂရုစိုက်နေစရာမလိုပါဘူး။ ပိုက်ဆံရှိမှ ဂရုစိုက်တယ်ဆိုတည်းက ဒီလူတွေဟာ အပေါ်ယံဟန်ဆောင်လူသားတွေပါ။ သင်ချမ်းသာလို့ သင့်ဘေးနားမှာ ရှိနေပါစေဦး၊ သင်လဲပြိုတဲ့တစ်နေ့ သူတို့လည်း ဘေးနားကနေ ပျောက်ကွယ်သွားကြမှာပါ။ ဒီလိုလူတွေရဲ့ အလေးပေးမှုမရတာ ၀မ်းနည်းနေစရာမလိုပါဘူး။ သင့်အားငယ်စိတ်တွေကိုဘေးချပြီး ရှေ့ဆက်လျှောက်ဖို့ကို အာရုံစိုက်လိုက်ပါ။

ဒီနေ့ခေတ်ကြီးမှာ ရုပ်ရည်ကြောင့် အားငယ်နေတယ်ဆိုတာမရှိသင့်တော့ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ငွေကြေးအတိုင်းအတာပေါ်မူတည်ပြီး သင့်ကိုသင်လှပအောင် ပြင်ဆင်ခြယ်သလို့ရနေပါပြီ။ အ၀တ်အစားကို စမတ်ကျကျဝတ်၊ တတ်နိုင်တဲ့အလှကုန်ပစ္စည်းတွေ သုံးမယ်ဆိုရင် ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနိုင်တဲ့ခေတ်ကြီးပါ။ နောက်ဆုံး ငွေကြေးတတ်နိုင်လို့ ခွဲစိတ်ပြုပြင်ချင်ရင်တောင် သဘာဝအလှနဲ့မခြား ပြင်ဆင်နိုင်တဲ့အထိ တိုးတက်နေပြီမို့ ရုပ်ရည်ကြောင့်နဲ့တော့ အားငယ်စိတ်ဓာတ်မကျလိုက်ပါနဲ့။ နောက်ဆုံးဘာမှ မပြင်ဆင်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရုပ်ရည်ကို လက်ခံနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။ ရုပ်ရည်ထက် ကိုယ်စွမ်းကိုယ်စရှိအောင် ကြိုးစားနိုင်ရင် ရုပ်ရည်က သင့်အတွက် အားနည်းချက်မဖြစ်လာနိုင်တော့ပါဘူး။ ဒါကြောင့် သူများထက် ရုပ်ရည်မှာရှုံးနှိမ့်နေရင်တောင် အရည်အချင်းသာအောင် ကြိုးစားပါ။ ဒီလိုမဟုတ်ပဲ အားငယ်နေတာဟာ ဘယ်တော့မှ စိတ်ဓာတ်ကြံ့ခိုင်လာမှာမဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး မကျေနပ်ခြင်းတွေနဲ့ပဲ ကုန်ဆုံးသွားရပါလိမ့်မယ်။

အားငယ်ခြင်းဟာ အောင်မြင်မှုဆီသွားရာမှာလည်း တော်တော်ဒုက္ခပေးပါတယ်။ လူတောမတိုးရဲ၊ အခွင့်အရေးကို မရယူရဲ စသဖြင့် အမြဲသိမ်ငယ်နေပုံပေါက်နေပါတယ်။ မိမိမှာရှိတာကို ကျေနပ်နိုင်အောင် ကြိုးစားပါ။ ပြင်လို့ရတဲ့စိတ်ထားကိုပဲ လှပအောင်ကြိုးစားပါ။ သင့်ရုပ်ရည်လည်း အလိုလျောက် ကြည့်ကောင်းလာပါလိမ့်မယ်။ အားမငယ်ပါနဲ့။ လူ့ဘဝဟာ အားငယ်ဖို့ တိုတောင်းလွန်းပါတယ်။

မိုးရှင်း (I.M.T) မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com