Saturday, October 22, 2016

ကိုယ်စွမ်းထုတ်ပေမယ့် ဥာဏ်စွမ်းငုတ်နေလျှင်…


  တစ်နေ့သောအခါက အလွန်သန်မာတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ လက်သမားဆရာကြီးဆီမှာ အလုပ်ပေးဖို့ တောင်းခံတဲ့အခါ ဆရာကြီးက ချက်ချင်းပဲ အလုပ်ခန့်လိုက်ပါတယ်။ လူကောင်ကြီးကြီး၊ သန်သန်မာမာနဲ့ အားကိုးရမယ့်ပုံ ဆိုတော့ လစာကောင်းကောင်းပေးပြီး အလုပ်တန်းဆင်းစေတော့တာပေါ့။ ဒီလိုတွေ အရေးပေးခံရတဲ့ သစ်ခုတ်သမားရဲ့ စိတ်ထဲမှာ အစွမ်းကုန် အလုပ်ကြိုးစားရမယ် ဆိုပြီး သန္တိဋန်ချလိုက်ပါတယ်။

အလုပ်ခန့်ပြီးပြီးချင်းပဲ သူ့အလုပ်ရှင်က ပုဆိန်တစ်ချောင်းပေးပြီး သူ အလုပ်လုပ်ရမယ့် နေရာကို လမ်းညွှန်လိုက်တယ်။ အဲ့ဒီ ပထမနေ့မှာပဲ သူဟာ သစ်ပင် ၁၈ ပင်တောင် ခုတ်လှဲလာနိုင်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ သူ့အလုပ်ရှင်က “ဝမ်းသာတယ်ဟေ့…ဒီအတိုင်းပဲ ဆက်လုပ်ကွ” ဆိုပြီး ဝမ်းသာအားရပြောလိုက်တယ်။

အလုပ်ရှင်ရဲ့ အားပေးစကားကို ကြားပြီး အားတက်သွားတဲ့ သစ်ခုတ်သမားဟာ နောက်နေ့တွေမှာ ပိုပိုပြီး အလုပ်ကြိုးစားပါတော့တယ်။ ဒါပေမယ့် အဲ့ဒီနေ့မှာတော့ သူဟာ သစ်ပင် ၁၅ ပင်ပဲ ခုတ်လာနိုင်ခဲ့ပါတယ်။ အားမလျှော့ဘဲ ဆက်ကြိုးစားပေမယ့် တတိယနေ့လည်းရောက်ရော ၁၀ ပင်ပဲ ခုတ်နိုင်ပါတော့တယ်။ အဲ့ဒီလိုနဲ့ပဲ တစ်နေ့ပြီး တစ်နေ့ သူခုတ်လာတဲ့ အပင်အရေအတွက်ဟာ နည်းနည်း လာပါတယ်။

သစ်ခုတ်သမားက “ငါ့အင်အားတွေများ တစ်ဖြည်းဖြည်း လျော့လာလို့လား” ဆိုပြီး တွေးနေမိတော့တာပေါ့။ ဒီတော့ သူဟာ သူ့အလုပ်ရှင်ဆီကို သွားပြီး တောင်းပန်စကားပြောရင်း “ကျွန်တော်ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး ဆရာကြီးရာ” ဆိုပြီး ညည်းပြလိုက်တယ်။

အဲ့ဒီအခါ အလုပ်ရှင် လက်သမားဆရာကြီးက “မင်း ပုဆိန်ကို နောက်ဆုံးသွေးခဲ့တာ ဘယ်တုန်းကလဲ” ဆိုပြီးမေးပါတယ်။

ဒီတော့မှ သစ်ခုတ်သမား ပြန်ပြောလိုက်တာက” သွေးဖို့…ဟုတ်လား… ဆရာကြီး၊ ကျွန်တော့်မှာ ပုဆိန်သွေးဖို့ အချိန် မရှိပါဘူးဗျာ၊ သစ်ပင်များများ ခုတ်နိုင်ဖို့ လုံးပန်းနေရတာနဲ့တင် ယားလို့တောင် မကုတ်အားပါဘူး ဆရာကြီးရာ” တဲ့။

အထက်ပါအဖြစ်အပျက်လေးမှာ သင်ခန်းစာယူသင့်တဲ့ အချက်လေးကို ဂန္တဝင်ပရိတ်သတ်ကြီး သတိထားမိမယ်လို့ မျှော်လင့်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘဝဆိုတာ ဒီလိုပါပဲ။ ကျွန်တော်တို့အားလုံးဟာလည်း ပုဆိန်ကို သွေးဖို့ အချိန်မရှိဘူး ဆိုတဲ့ သစ်ခုတ်သမားလို ဖြစ်နေတတ်ကြပါတယ်။ ယနေ့ခေတ် ကမ္ဘာကြီးမှာက လူတိုင်း လိုလိုဟာ သူ့အလုပ်နဲ့သူ ရှုပ်နေသလို ဖြစ်နေပြီးတော့ လက်ရှိ ရောက်နေတဲ့နေရာ၊ ရောက်နေတဲ့ အဆင့်မှာပဲ ရပ်တန့်နေတတ်ကြပါတယ်။

ဒါတွေက ဘာကြောင့်လို့ ထင်ပါသလဲ။ ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ဟာလည်း သစ်ခုတ်သမားက ပုဆိန်သွေးဖို့ အရေးမစိုက်သလိုပဲ ဘဝရဲ့ အနှစ်သာရတွေကို ရှာဖွေဖို့ မေ့နေကြတာပါ။ ကြိုးစားတာက မမှားပေမယ့် ဘဝရဲ့ အရေးကြီးတဲ့ အရာတွေကို မေ့မေ့လျော့လျော့ ဖြစ်နေတဲ့ အထိတော့ မနေသင့်ပါဘူး။ မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝမှာ မိဘတွေနဲ့ မိသားစုအတွက် ဖြစ်စေ၊ စာအုပ်စာပေတွေဖတ်ပြီး အသိအမြင်တွေ တိုးတက်ဖို့ ဖြစ်စေ ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ အချိန်ဖဲ့ပြီး ပေးသင့်ပါတယ်။

ဒီတော့ ကျွန်တော်တို့ အားလုံးမှာ အနားယူဖို့၊ စဉ်းစားတွေးခေါ်ဖို့၊ တရားဘာဝနာ ပွားများဖို့နဲ့ မိမိအရည်အသွေးတွေ လက်ရှိထက် ပိုမို တိုးတက်လာစေမယ့် အသစ် အသစ်တွေကို သင်ယူဖို့ စတာတွေ အတွက် အချိန်ဆိုတာ ရှိကို ရှိသင့်ပါတယ်။ တကယ်လို့သာ မိမိရဲ့ ပုဆိန်ကို မသွေးတော့ဘူး ဆိုရင် သစ်ခုတ်သမားလိုပဲ ပိုပြီး မတိုးတက်လာတဲ့အပြင် မိမိမှာ ရှိနေပြီးသား ကိုယ်စွမ်း ဥာဏ်စွမ်းတွေပါ လျော့ကျလာစေတယ် ဆိုတာ အမြဲ သတိချပ်သင့်ပါတယ်။

တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။

www.gandawin.net မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com