Friday, October 28, 2016

သရုပ်ဆောင်အလုပ်ကို လာကမ်းလှမ်းရင် လုပ်ဖြစ်မယ်လို့ ဆိုလိုက်တဲ့ ပိုပိုရဲ့အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို အမ်တီဗီအကြောင်း တစေ့တစောင်း


    ချစ်ဖူးခဲ့သမျှ အခွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အ၀ရယူနိုင်ခဲ့သူကတော့ ပိုပိုပါ။ အခုဆိုရင် သူမရဲ့ ဒုတိယအခွေဖြစ်တဲ့ အလွမ်းသီချင်းကြိုက်တဲ ရေဒီယိုဆိုတဲ့ အခွေအမ်တီဗီဟာလဲ နိုဝင်ဘာ ၅ ရက်နေ့မှာထွက်ရှိတော့မှာဖြစ်သလို ဒီအခွေဟာ တစ်ခွေလုံး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့ အခွေတစ်ခွေလဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ပိုပိုဟာ သီချင်းဆိုတာအပြင် သရုပ်ဆိုင်ပိုင်းကိုလဲ ၀ါသနာအရ လုပ်ဆောင်လာတာ တွေ့ရပါတယ်။  ကြောက်ကြောက်ကြောက်ဆိုတဲ့ ကားကြီးမှာလဲ ပိုပို ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ပရိသတ်တွေ တွေ့မြင်ကြရပါလိမ့်မယ်။ နောက်ထပ်လာကမ်းလှမ်းရင်လဲ သရုပ်ဆောင်ဖြစ်မှာပါလို့ပြောပြလာတဲ့ တေးသံရှင်ပိုပိုရဲ့သူမကြိုးစားပုံဖော်ထားတဲ့ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုအမ်တီဗီအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို အမ်တီဗီထဲမှာ အတိုးအလျော့လုပ်ဖြစ်သေးလား။

သီချင်းက စီဒီမှာပါတဲ့ ၁၄ ပုဒ်အတိုင်းပဲ။ တစ်ပုဒ်လျော့တယ်။ တစ်ပုဒ်တိုးတယ်။ ဒါပေမဲ့ တေးရေး၊ တေးဆို ပိုပိုဖြစ်သွားတာပေါ့လေ။ ပိုပို သီချင်းအားလုံးကို တစ်ပုဒ်မှမလျော့ပဲ အကုန်ရိုက်ခဲ့တယ်။

-သူများတွေဆို အမ်တီဗီဆို အကုန်မရိုက်ကြတော့ဘူး။ အချိန်ကုန်၊ ငွေကုန်တယ်ဆိုပြီးလေ။ ပိုပိုကျတော့ ဘာလို့အကုန်ရိုက်လိုက်တာလဲ။

ဒီသီချင်းတွေက တေးရေးကလဲ ပိုပိုဖြစ်တယ်။ တေးဆိုကလဲပိုပိုပဲ။ ကိုယ့်ရဲ့သားသမီးအရင်းတွေကို ဘယ်တစ်ပုဒ်ကိုမကောင်းဘူး။ ဘယ်တစ်ပုဒ်ကကောင်းတယ်ဆိုပြီး ချန်မထားပစ်ခဲ့ရက်ဘူး။ ပြီးတော့ သီချင်းတိုင်းကို ကိုယ်ကိုတိုင်ကြိုက်လို့ကိုယ်ရေးထားတယ်။ ကိုယ်ဆိုထားတယ်ဆိုတော့ ဘယ်သူ့ကိုမှ ထားခဲ့တာမျိုးမလုပ်ချင်လို့အကုန်ရိုက်ဖြစ်ခဲ့တာပါ။

-ပရိုမိုးရှင်းကိုရော ဘယ်လိုစီစဉ်ထားလဲ။

၅ရက်နေ့ ငါးနာရီကနေ ည ကိုးနာရီထိ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ Free Show လုပ်မယ်။ နောက်ပြီးတော့ ပရိသတ်တွေကို အကျီင်္လက်ဆောင်တွေလဲပေးမယ်။ မဲဖောက်ပေးမဲ့အစီအစဉ်တွေလဲရှိတယ်။ နောက်ကိုမြင့်မြတ်တို့၊ ကိုလွှမ်းပိုင်တို့၊ မိစန္ဒီတို့လဲလက်မှတ်လာထိုးပေးမယ်။ အနုပညာရှင်အများကြီးလဲလာမယ်။ သီချင်းတွေကိုလဲ ၁၅ ပုဒ်လောက်ဆိုပေးပါမယ်။ တကယ်လို့Featuring ထည့်ဖြစ်ခဲ့တယ်ဆိုရင်တောင် နှစ်ယောက်လောက်ပဲထည့်ဖြစ်မှာပါ။ ထည့်တယ်ဆိုတာကလဲ ကိုယ့်သီချင်းထဲက Featuring တွေပဲထည့်မှာပါ။ ဒါပေမဲ့ကိုယ့်ဟာကိုယ်ဆိုဖို့များပါတယ်။

-ပရိုမိုးရှင်းက ရန်ကုန်တစ်ခုထဲပဲလား။

မင်္ဂလာမန္တလေးမှာလုပ်ပါမယ်။ အဲ့ဒါက ၆ရက်နေ့ ညနေငါးနာရီကနေ ၉နာရီထိ ရန်ကုန်မှာလိုပဲလုပ်မှာပါ။ အခုလောလောဆယ်ကတော့ အဲ့ဒီနှစ်ခုပေါ့။ မော်လမြိုင်နဲ့မုံရွာကတော့မေးထားပါတယ်။ အကြောင်းမပြန်သေးလို့ပါ။

-ဒီအခွေထဲမှာပိုပိုအနေနဲ့ဘယ်နှပုဒ်လောက်သရုပ်ဆောင်ထားလဲ။

၁၄ ပုဒ်လုံးသရုပ်ဆောင်ထားတယ်။ ခင်ဝင့်ဝါပါမယ်။ ယွန်းယွန်း၊ မိုးယသော်၊ ပန်းပန်၊ ဆုမြတ်နိုးကျော်၊ နောက် ပိုပို့ရဲ့ မိတ်ကပ် Gucci အောင်လဲ တစ်ပုဒ်ဝင်သရုပ်ဆောင်ထားပါတယ်။ နောက်ကိုနေတိုး၊ ကိုပြေတီဦး၊ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗိုနဲ့ ကိုလွှမ်းပိုင် အပြင် တခြားသရုပ်ဆောင်တွေအများကြီးပါပါဦးမယ်။

-မင်းသားအကြီးတွေကို အများကြီးသုံးထားတာကရောဘာကြောင့်များလဲ။

မင်းသားတွေကိုကိုယ်ကကြည့်နေကြဆိုတော့ ဒီသီချင်းလေးဆိုရင်တော့ သူနဲ့လိုက်တယ်။ ဒီသီချင်းလေးကတော့သူနဲ့လိုက်တယ်ဆိုတာမျိုးကို အစကတည်းကပိုပိုကစဉ်းစားထားတာ။ ဥပမာ အလွမ်းသီချင်းဆို အဲ့ဒီထဲကပုံနဲ့ကိုပြေတီဦးနဲ့ကလိုက်ကိုလိုက်တယ်။ သူနဲ့ရိုက်မယ်ဆိုပြီးလဲစိတ်ကူးထားတဲ့အတွက်ရိုက်လိုက်တယ်။ နောက်မချစ်ရင်သီချင်းကို ကိုမြင့်မြတ်နဲ့ရိုက်မယ်ဆိုကိုမြင့်မြတ်နဲ့ပဲရအောင်ရိုက်ခဲ့တယ်။ နောက် ကျွန်မချစ်သူသီချင်းဆို ကိုနေတိုးကပါးချိုင့်ပါတဲ့အတွက်သူနဲ့ပဲရအောင်ရိုက်မယ်ဆိုပြီး target ထားထားတာပါ။ နောက်ဝေးမယ်ဆိုတာသိရက်နဲ့သီချင်းနဲ့ ရက်ပ်နဲနဲပါတော့ ရက်ပ်ပါတစ်ယောက်နဲ့သရုပ်ဆောင်ရင်ကောင်းမယ်ဆိုပြီး ကိုလွှမ်းပိုင်နဲ့ရိုက်ဖြစ်ခဲ့တယ်။ ကိုလွှမ်းပိုင်လဲကူညီပေးပါတယ်။

-ဒါရိုက်တာတွေအနေနဲ့ရော ဘယ်သူတွေပါဦးမလဲ။

ဝင်းလွင်ထက်၊ အောင်မြတ်၊ ကိုသြရသ ၊ ကိုဇော်ကြီး ပါမယ်။ နောက်ပိုပိုလဲပါပါတယ်။

-ပိုပိုရိုက်ထားတာ ဘယ်နှပုဒ်လောက်ပါမလဲ။

သူမအတွက်၊ ဝေးမယ်ဆိုတာသိရက်နဲ့၊ အလွမ်းသီချင်းရယ် ကြွေပြီလေအိုင်းစ်ရယ်ပါ။

-ကိုအောင်မြတ်ရိုက်ထားတဲ့ဟာကပျောက်သွားတယ်ဆိုတော့ အသစ်ထပ်ရိုက်လိုက်တာလား။

ကျွန်မချစ်သူသီချင်းပျောက်သွားတာပေါ့။ ကိုနေတိုးနဲ့ရိုက်ထားတဲ့အပုဒ်ပါ။ အဲ့ဒါလေးတွေကပြန်ပြီးမရတော့တဲ့အတွက်အသစ်ပြန်ရိုက်ရတာပေါ့။ ပိုက်ဆံတွေလဲပိုကုန်တာပေါ့။ အဲ့ဒီတစ်ပုဒ်ထဲနဲ့ကို သိန်း ၇၀လောက်အကုန်ခံပြီးရိုက်ထားတာပါ။ အောင်မြတ်ကသူ့ဟာသူရိုက်ပေးတာပါ။

-စီဒီနဲ့ဒီဗီဒီနဲ့ဆိုရင်ရော ဘယ်လောက်ကြာမလဲ။

တစ်နှစ်လေးလလောက်ကြာပါတယ်။ ဒါပေမဲ့ တစ်နှစ်လေးလကြာပေမဲ့ အဲ့ဒီအတောအတွင်းမှာ တန်အောင်ရိုက်ထားတာပါ။ မင်းသားတွေကအချိန်မပေးနိုင်တဲ့အတွက်သူတို့ပေးနိုင်တဲ့အချိန်ကိုစောင့်ပြီးရိုက်ထားရတာပါ။

-အခုခေတ်က ခိုးကူးထက် Download link ခေတ်ဆိုတော့ အဲ့ဒီအပေါ် အဆိုတော်တစ်ယောက်အနေနဲ့ပိုပို့အမြင်လေးကိုလဲသိချင်ပါတယ်။

Link ကိုကြည့်တဲ့ပရိသတ်ကတော့ Link ကြည့်မှာပေါ့နော်။ မူရင်းအခွေဝယ်တဲ့ပရိသတ်ကတော့ မူရင်းအခွေဝယ်မှာပေါ့နော်။ ပိုပိုကလဲမူရင်းအခွေကိုပဲဝယ်ပါလို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုပိုတို့က အခွေတစ်ခွေလုပ်ပြီဆိုရင်သိန်းကို ရာချီပြီးရင်းနှီးရတာပါ။ အခွေတစ်ခွေဆို သိန်းသုံးရာ၊ လေးရာလောက်ရင်းနှီးရတယ်။ အဲ့ဒါကြောင့် ပိုပိုတို့ကိုချစ်ခင်သောအားဖြင့် အနုပညာကိုအားပေးခြင်းအားဖြင့် မူရင်းအခွေကိုဝယ်ပါလို့ပြောချင်ပါတယ်။ link ကြည့်မဲ့ပရိသတ်တွေကတော့ ကြည့်ကြပေါ့။ အခွေအားပေးမဲ့ပရိသတ်ကလဲ Link ကိုကြည့်ရင်း အခွေဝယ်ပြီးအားပေးလို့ရပါတယ်။ Link လဲကြည့်၊ အခွေလဲကြည့်ပေါ့။ Link ကတော့သိမ်းထားလို့မရဘူးလေ။ အခွေကတော့ သိမ်းထားလို့ရတာပေါ့။ ပြီးတော့ ခိုးကူးနဲ့Link ကို မကူးပါနဲ့။ မတင်ပါနဲ့ဆိုပြီးတားလို့မှမရတာလေနော်။

-နောက်တစ်ခွေလုပ်နေပြီလို့လဲသိရတယ်။

နှစ်ပုဒ်ကတော့ပြီးသွားပါပြီ။ ကျန်တာကတော့ မပြီးသေးဘူးပေါ့။ ကိုကျားပေါက်ပါမယ်။ ကိုဆောင်းဦးလှိုင်ပါမယ်။ တခြားတေးရေးဆရာအသစ်တွေလဲပါပါတယ်။

-အမ်တီဗီအပေါ် မျှော်လင့်ချက်ကရော ဘယ်အတိုင်းအတာလောက်ရှိလဲ။

မျှော်လင့်ချက်ကတော့ အမှန်အတိုင်းပြောရရင် အများကြီးပါပဲ။ အခွေအတွက်ကိုကြိုးစားပြီး Stress တွေလဲအရမ်းများတယ်။ တရားတွေသွားထိုင်တယ်။ ပဌာန်းတွေရွက်ပြီး ဆုတောင်းတယ်။ အခွေအတွက်အဆင်ပြေပါစေ။ နောက်အခွေထွက်တဲ့နေ့မှာ ပရိသတ်တွေလာဖို့ဆုတောင်းရပါတယ်။ pressure အရမ်းများပါတယ်။

-အဲ့ဒါကြောင့်ပိန်သွားတာလား။

ဟုတ်တယ်။ ပိုပိုအစားလဲမစားနိုင်ဘူး။ ပျဉ်းမနားမှာသွားဆိုတုန်းကလဲနှစ်ညမအိပ်ရဘူး။ အဲ့ဒါကြောင့်လဲပါတယ်။ ဒီအခွေကြောင့်စိတ်ပူနေတာလဲပါတယ်။ အဲ့ဒါကြောင့်ပိန်သွားတာပါ။

-တန်ဆောင်တိုင်ကိုရော ဘယ်မှာဖြတ်သန်းဖြစ်မလဲ။

မေမြို့မှာရှိမှာပါ။ သီချင်းဆိုရင်းနဲ့ပဲဖြတ်သန်းဖြစ်မှာပါ။

-ကြောက်ကြောက်ကြောက် ကားကြီးမှာလဲ ၀င်သရုပ်ဆောင်ထားတာတွေ့ရတယ်နော်။

သရုပ်ဆောင်တာကို ပိုပိုဝါသနာပါတယ်။ နောက်လာကမ်းလှမ်းမယ်ဆိုရင်လဲ လုပ်ဖြစ်မှာပါ။ သရုပ်ဆောင်တာနဲ့ပတ်သက်တဲ့ အမှတ်တရကိုပြောရရင် စကားပြောပြီးသရုပ်ဆောင်ရတာ ခက်ခဲတယ်။ ပြီးတော့ ပိုပိုက သရဲမကာရိုက်တာကိုရိုက်ရတယ်။ နောက်ဆွဲကြိုးချသေရင်း ရိုက်ရတာက ညပိုင်းဆိုတော့ ဘုရားစာတော့ရွတ်ရတယ်။ တော်ကြာကိုယ့်ကိုသရဲတွေဝင်ပူးမှာလဲကြောက်လို့လေ။ ဆိုင်ကယ်တွေမောင်းရင်း စကားကလဲပြောရသေးတယ်။ အဲ့ဒီမှာသေမလိုဖြစ်တာ အရမ်းကံကောင်းသွားတယ်။ ပဌာန်းတွေရွတ်ထားလို့လေ။ ဆိုင်ကယ်ထဲကိုအကျီင်္ကြီးဝင်သွားတာ ၀င်ဝင်ချင်းသိတဲ့အချိန်မှာ အကျီ်ကိုချက်ချင်းချွတ်လိုက်တယ်။ မချွတ်ရင်ကိုယ်ပါသေမှာ အကျီင်္ကြီးက ဆိုင်ကယ်ထဲမှာတစ်စစီကိုဖြစ်လို့ ဆံပင်တို့ဘာတို့ပါသွားရင်သွားပြီ။ အဲ့ဒီကားမရိုက်ခင်က ဘုရားတရားလဲ အရမ်းလုပ်ခဲ့တာကြောင့်လဲပါမယ်ထင်တယ်။ အဲ့ဒီအန္တရာယ်ကလွတ်ခဲ့ပါတယ်။

-ပရိုမိုးရှင်းပွဲကိုလာမဲ့ ပရိသတ်တွေကိုရော ဘယ်လိုမျိုးပြောပြချင်သေးလဲ။

ဒီအခွေလေးကို လာရောက်အားပေးမဲ့သူတွေအတွက်လဲ ပျော်ပျော်ရွှင်ရွှင် အစီအစဉ်တွေအများကြီးရှိပါတယ်။ နောက်ပြီး သီချင်းတွေအများကြီးကိုလဲသီးသန့်ဖျော်ဖြေဦးမယ်။ နောက်ပြီးတော့ စုံတွဲအကျီ်လေးတွေလဲ မဲဖောက်ပေးဦးမယ်ဆိုတော့စုံတွဲတွေလဲလာလို့ရပါတယ်လို့ပြောချင်ပါတယ်။

trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com