Friday, October 28, 2016

အိမ်ကနေ အလုပ် လုပ်ခြင်းသည်လည်း ရုံးမှာလုပ်ခြင်းနီးပါး အလုပ်မတွင်မည့် အန္တရာယ်တွေရှိ


 ကားတိုးစီးစရာမလို၊ ကားပေါ်မှာ အချိန်ကုန်စရာမလို၊ သူဌေးက အာဏာလာပြနေမှာ ကြောက်စရာ မလို၊ ရုံးက အတင်းအဖျင်း စကားတွေ နားထောင်စရာမလို။ အိမ်ကနေ အလုပ်လုပ်ရတာ ကောင်းလှသည်ဟု ဆိုနိုင်သည်။

သို့သော် လေ့လာမှုစစ်တမ်းသစ် တစ်ရပ်ကမူ အိမ်ကနေ အလုပ်လုပ်ခြင်းမှာလည်း အလုပ်မတွင်စေမည့် ဆိုးကွက်တွေ ရှိနေသည်သာဟု ဆိုလိုက်သည်။ အိမ်မှာလုပ်တော့ မီတာခ ကုန်သည်၊ စာရွက် ဘောပင်ကအစ ကိုယ့်ဖာသာ စိုက်ရသည်၊ သောက်ရေကအစ ကိုယ့်အိမ်က ကုန်ကျခံရသည်မို့ အချို့ ရုံးဝန်ထမ်းများသည် အိမ်ကနေ လုပ်ခွင့်ရသည့်တိုင် မလုပ်ကြဘဲ ရုံးကိုသာ လာလုပ်တတ်ကြသည်ဟု သုတေသီတို့က ဆိုသည်။

အိမ်မှာနေပြီး အလုပ်လုပ်ဖို့ ညွှန်ကြားခံရသော ၀န်ထမ်းအချို့သည်လည်း မန်နေဂျာများက ပုံမှန်ထက် အလုပ်များများ ပေးလိုက်ပြီဆိုလျှင် အထက်ပါ ကုန်ကျစရိတ်များကို အကြောင်းပြကာ ပိုလုပ်ပေးဖို့ ငြင်းဆန်တတ်ကြကြောင်းလည်း သုတေသီတို့က ထောက်ပြသည်။

လန်ဒန် စီးပွားသင်တန်းကျောင်းမှ ဒေါက်တာ အက်စ်တာကာနိုနီကို နှင့်အဖွဲ့က အိမ်ကနေ အလုပ်လုပ်သူ ငါးရာ၏ အတွေ့အကြုံများကို လေ့လာစစ်တမ်းကောက်ထားခြင်း ဖြစ်သည်။

အိမ်ကနေ အလုပ် လုပ်ခွင့်ရမည့် ကုမ္ပဏီမျိုးမှာ အလုပ်ဝင်ရသည့် ၀န်ထမ်းအများစုသည် အိမ်ကနေ အလုပ် လုပ်ရခြင်းကို အထူး အခွင့်အရေး တစ်ရပ်၊ နှစ်လိုဖွယ် တစ်ရပ်ဟု မရှုမြင်ကြတော့ဘဲ ၀န်ထုပ်တစ်ခုလို ရှုမြင်လာကြကြောင်းလည်း စစ်တမ်းက ဆိုသည်။

အိမ်ကနေ အလုပ် လုပ်ရသူများသည် အလုပ်အတွက် သုံးရသည့် မီတာခမှအစ စာရေးကိရိယာ အလယ် အင်တာနက်ဖိုးအဆုံး အလုပ်ရှင်ဘက်ကကျခံဖို့ ပျက်ကွက်သည့်အခါ အိမ်ကနေ အလုပ်လုပ်ရခြင်းကို စိတ်ကုန်လာတတ်ကြကြောင်းလည်း စစ်တမ်းကဆိုသည်။

အိမ်ကနေ အလုပ်လုပ်ရခြင်း နောက်ထပ်ဆိုးကျိုးမှာ အထီးကျန်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်ပြတ်လာခြင်းကြောင့် လုပ်ငန်းဆိုင်ရာ ဗဟုသုတ နည်းပါးလာတတ်ခြင်းတို့ ဖြစ်ကြောင်းလည်း စစ်တမ်းက ထောက်ပြသည်။ မည်သို့ပင်ဆိုစေ လူငယ်ထုကမူ အိမ်ကနေ အလုပ် လုပ်ရသည့်ပုံစံကို ပိုသဘောကျသထက် ကျနေကြကြောင်းလည်း စစ်တမ်းက ဆိုသည်။

အကောင်းဆုံးပုံစံမှာ ရုံးလည်းသွားရစေ၊ အိမ်မှာလည်း လုပ်နိုင်စေ ပုံစံမျိုးဖြစ်ကြောင်း စစ်တမ်းက ထောက်ပြသည်။ ရုံးလည်းတက်၊ တစ်ပတ်ကို နှစ်ရက် သုံးရက်လောက်လည်း အိမ်ကနေ အလုပ် လုပ်လို့ရသောပုံစံမျိုးသည် လုပ်ရသူအဖို့ အဆင်ပြေသလို၊ လုပ်ဖော်ကိုင်ဖက်များနဲ့လည်း တွေ့ဆုံနှီးနှောနိုင်သဖြင့် အထီးကျန်စိတ်ပျောက်ကာ လုပ်ငန်းဗဟုသုတလည်း တိုးသဖြင့် များစွာအလုပ်ဖြစ်သော ပုံစံဟု ဒေါက်တာ အက်စ်တာကာနိုနီကိုက ဆိုသည်။

Source: Daily Mail
messengernewsjournal မှ ကူးယူဖော်ပြသည်။
www.mynamakidworld.com