Sunday, June 5, 2016

ကိုယ်ဝန်ဆောင်ချိန် တုပ်ကွေးရောဂါ ဖြစ်ပွားပါက ကလေးငယ် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်

   ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်တစ်ဦးအတွက် ဆရာဝန်နှင့်ပြ စရာမလိုသည့် တုပ်ကွေးမိခြင်းကဲ့သို့ မပြင်းထန်သော ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှုကြောင့် ကလေးငယ်၏ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ကိုယ်ဝန်ဆောင်ချိန် မိခင်လောင်းများကို တုပ်ကွေးရောဂါမှ ကာကွယ်ရန် ဆေးထိုးပေးခြင်းဖြင့် မီးဖွားပြီး ပထမလေးလအတွင်း ကလေးငယ်များ တုပ်ကွေးရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို ၇၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်း အမေရိကန်နိုင်ငံ မေရီလန်း ဆေးတက္ကသိုလ်မှ ပါမောက္ခမိုင်ရွန်လီဗင်း ဦးဆောင်သော သုတေသီများက ပြောသည်။

ကိုယ်ဝန်သက်တမ်း ပထမသုံးလပတ်အတွင်း မိခင်သည်တုပ်ကွေးရောဂါပိုး ဝင်ရောက်ခဲ့ပါက မွေးဖွားပြီး ၁၅ နှစ်အကြာ၌ကလေးငယ်စိတ်ကစဥ့်ကလျားရောဂါဖြစ်နိုင်သည့် အန္တရာယ် သုံးဆခန့် မြင့်မားကြောင်း သုတေသီများက ပြောသည်။

စက်မှုထွန်းကားသော နိုင်ငံများတွင် ကိုယ်ဝန်ဆောင်အမျိုး သမီးများကို ကိုယ်ခံအားကောင်းစေရန် ကာကွယ်ဆေးများထိုးနှံပေး ခြင်းမှာ ကြုံတွေ့နေကျဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်း အလေ့အထမရှိဖြစ်နေသည်။

ဗိုင်းရပ်စ်ပိုးကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်ခံအား စနစ်ထိခိုက်ခဲ့သည့် အမျိုးသမီးများမှ မွေးလာသော ကလေးငယ်များသည် ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ် မူမမှန်မှုများဖြစ်နိုင်သည့် အန္တရာယ်ပိုများကြောင်း လေ့လာမှုများက ဖော်ပြသည်။

ယခုလေ့လာတွေ့ရှိမှုများက ဆင်းရဲသော၊ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို သိသိသာသာ လျှော့ချနိုင်ရန် အထောက်အကူပြုနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

တုပ်ကွေးရောဂါကြောင့် တစ်နှစ်လျှင် ကမ္ဘာတစ်ဝန်း သေဆုံး သူ ၂၅၀,၀၀၀ နှင့် ၅၀၀,၀၀၀ ကြားရှိကြောင်းသိရသည်။ ကိုယ်ဝန် ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များသည် တုပ်ကွေးရောဂါ နှင့် ဆက်စပ်သော ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မား ပြီး ယင်းရှုပ်ထွေးမှုများကြောင့် အလွယ်တကူ သေဆုံးမှုဖြစ်ပေါ်လာ နိုင်သည်။ ခြောက်လထက်ငယ်သော ကလေးငယ်များအတွက် ခွင့် ပြုထားသည့် တုပ်ကွေးကာကွယ်ဆေးမရှိသောကြောင့် အထူးသဖြင့်ကလေးများ အလွယ်တကူ ရောဂါကူးစက်ခံရနိုင်ကြောင်း သိရသည်။

Credit : 7Day Daily