Thursday, June 2, 2016

ဖူးတံဝင့်လို့ မချီနိုင်သော ပန်းကလေးတစ်ပွင့်



   အသက် (၁၁)နှစ်အရွယ် စတုတ္ထတန်းကျောင်းသားလေး မြတ်ကိုကိုတစ်ယောက် နံနက်လင်းသည်နှင့် ကြုံရတော့မည့် ကျောင်းဖွင့်ချိန်အတွက် လန်းဆန်းတက်ကြွနေသည်။ ကျူရှင်မှ အိမ်ပြန်ပြီး စာအုပ်ချုပ်ဆိုင်တွင် အပ်ထားသည့် ကျောင်းစာအုပ်များ သွားယူခဲ့ သည်။

စာအုပ်ချုပ်ဆိုင်မှအပြန် မေလ ၃၁ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် အိမ်အနီးမှာပင် ကြမ္မာဆိုးကြုံခဲ့ရရှာသည်။ကျောင်းစာအုပ်များရွေးပြီး ကျောပိုးအိတ်ထဲထည့်ကာ အိမ် အပြန်တွင် သူနေထိုင်သည့် လှိုင်မြို့နယ် (၇)ရပ်ကွက် မယ်စီကုန်း လမ်းရှိ လျှပ်စီးဝင်နေသော ဓာတ်တိုင်ကို ကိုင်မိရာမှ ဓာတ်လိုက် ပြီးရေမြောင်းထဲ ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်တောာ့မည့်ကျောင်းသို့သွားရန် ရွေးယူလာသော စာအုပ်များ ထည့်ထားသော ကျောပိုးအိတ်ကို ရှေ့မှသိုင်းလွယ်လျက်ပင် မြတ် ကိုကိုတစ်ယောက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

‘‘ကလေးက ကျောင်းတက်ဖို့ ပြင်ဆင်နေတာ။ စာလည်းတော်တယ်။ (အေ)ခန်းမှာ ကျောင်းတက်ရမှာလို့ ပြောတယ်။ ညနေမှာ သူ့အမေအိမ်မှာ မရှိလို့ရှာရင်းနဲ့ စာအုပ်ယူပြီးအပြန်မှာဖြစ်တာ’’ဟု မြတ်ကိုကို၏ အဘွား ဒေါ်မြမြအေးက တစ်ဦး တည်းသောမြေးငယ်လေး၏ နာရေးဖိတ်စာကို ဝမ်းနည်းစွာ ကြည့်ရင်းပါးပြင်ပေါ်တွင် စီးကျနေသော မျက်ရည်စက်များကိုသုတ်ကာ ပြောသည်။

မြတ်ကိုကို၏ မိခင်သည် ရေ မြောင်းထဲတွင် လဲကျနေသောသား ဖြစ်သူ၏ ရုပ်အလောင်းကို မြင် တွေ့ရအပြီး၌ ပူဆွေးဝမ်းနည်း ကာ ဆောက်တည်မရဘဲ သတိ လစ်သွားသည်။ သားငယ်၏ အ ဖြစ်ဆိုးကို လက်မခံနိုင်ဘဲ ဇွန်လ ၁ ရက်အထိ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေသည်။

လမ်းမတွင် ကလေးငယ်များ ၏အော်သံကြားတိုင်း သားငယ်ပြန်လာပြီဟုဆိုကာ အိမ်တံခါး ဖွင့်ပေးရန်သာ တွင်တွင်ပြောနေသည်။ ပါးစပ်ကလည်း ‘‘သားလေးက ကျောင်းမသွားဘဲ ဘယ်သွားနေလဲ’’ဟု ပြောဆိုနေသည်။

‘‘အခုထိ သူ့သားသေပြီလို့ မထင်သေးဘူး။ ကျောင်းက ဆရာမတွေလာမေးတော့ သူ့သား အတွက် ခွင့်တိုင်နေတယ်။ ကလေးကလည်း အင်မတန်လိမ္မာ တယ်လေ’’ဟု အဘွား ဒေါ်မြမြ အေးက သမီးဖြစ်သူ၏ သောကမီး တောက်လောင်နေပုံကို ပြော သည်။





မြတ်ကိုကို ဓာတ်လိုက်သေ ဆုံးခဲ့သည့် ဓာတ်တိုင်သည် သံ ဓာတ်တိုင်ဖြစ်ပြီး ယခင်နှစ်များကလည်း မကြာခဏဓာတ်လိုက်မှုဖြစ်ပွားနေသော ဓာတ်တိုင်ဖြစ်ကြောင်း မယ်စီကုန်းလမ်းနေသူများက ပြောသည်။

အဆိုပါ ဓာတ်တိုင်အခြေရှိ ရေမြောင်းတွင် အလျားတစ်ပေခန့် ရှိ ငါးရှဥ့်နှစ်ကောင်လည်း ဓာတ် လိုက်သေဆုံးနေသည်ကို ဇွန်လ ၁ ရက်က တွေ့ရသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည် သူအများစုအကြား စိုးရိမ်စရာဖြစ် လာသည်မှာ ဓာတ်လိုက်သေဆုံး မည့်အရေးဖြစ်သည်။

မြတ်ကိုကို မကွယ်လွန်မီ တစ်ပတ်တိတိအလို မေလ ၂၄ ရက်ကပင် မင်္ဂလာတောင်ညွန့်မြို့နယ် အထူးလက်မှတ်ရုံပေါက် ဆာကူရာတာဝါရှေ့တွင် အသက် (၁၆)နှစ်အရွယ် မောင်ကံကောင်းတစ်ယောက် ရေအိုင်အတွင်း လမ်းဆင်း လျှောက်ရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။ သို့သော် ဆာကူရာတာဝါ ရှေ့ရေအိုင်အတွင်း လဲကျသေဆုံးသော တောင်ဒဂုံမြို့နယ်နေ မောင်ကံကောင်းမှာ ဓာတ်လိုက်၍ သေဆုံးခြင်းမဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒုဥက္ကဋ္ဌ ဦးညိုမြင့်ကပြောထားသည်။

သို့သော် လူကောင်းပကတိ က ရေအိုင်နေသောနေရာကိုလမ်း ဖြတ်လျှောက်ရင်း ရုတ်တရက် သေဆုံးခဲ့သည်မှာ ဓာတ်လိုက် သောကြောင့်ဟု ပြည်သူများက ယုံကြည်နေသည်။ အလောင်းကို ဆယ်ယူရန်လာသူများပင် ဓာတ် လိုက်မည်စိုး၍ မီးကြိုးဖြတ်ပြီး မှသာ မောင်ကံကောင်း၏ ရုပ် အလောင်းကို ကောက်ယူခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြော သည်။

မြတ်ကိုကို သေဆုံးမှုကို ဆေးစစ်ရာ ဓာတ်လိုက်မှုကြောင့် သေဆုံးသည်ဟု အဖြေထွက်ရှိ ထားကြောင်း လှိုင်မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးကျော်ဆန်းအောင် က ပြောသည်။

‘‘သေဆုံးတဲ့ကလေးအတွက် အရမ်းဝမ်းနည်းရတယ်။ ကျွန် တော့်သမီးကလည်း သူနဲ့အသက် တူပါ။ စတုတ္ထတန်းပါပဲ။ အဲဒါ ကြောင့် ပိုပြီးဝမ်းနည်းရပါတယ်။ ဖြစ်တာတော့ ဖြစ်ပြီးသွားပြီ။ နောက်ထပ်မဖြစ်အောင် ဘယ်လို မျိုး ကာကွယ်မလဲဆိုတာပဲ ကြိုး စားရပါမယ်။ ကျွန်တော်တို့ လျှပ် စစ်ကလူကြီးတွေနဲ့ သွားပြီး တောင်းပန်ပါမယ်’’ဟု လျှပ်စစ် မန်နေဂျာ ဦးကျော်ဆန်းအောင်က စိတ်မကောင်းစွာဖြင့် ပြောသည်။

ဓာတ်ကြိုးအန္တရာယ်များ ကြောင့် ဓာတ်လိုက်လူသေဆုံးမှု သည် ရန်ကုန်မြို့တွင်သာမက နယ်မြို့များ၌လည်း ဖြစ်ပွားခဲ့ သည်။

မေလ ၂၀ ရက်က မန္တလေး တိုင်းဒေသကြီး စဥ့်ကူးမြို့ အမှတ် (၁) ရပ်ကွက်တွင် မောင်နှမဝမ်း ကွဲတော်စပ်ကြသည့် ကလေးငယ် လေးဦးသည် သရက်သီးကောက် နေစဉ် ဓာတ်ကြိုးပြတ်ကျနေသည့် ခြံစည်းရိုးကို ကလေးငယ်တစ်ဦး က ထိမိခဲ့ရာမှ ဓာတ်လိုက်၍ ကျန်ကလေးငယ်များက ကယ်တင်ရန် ကြိုးစားရင်း လေးဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်ရပ်မှာ လည်း ကြားရသူတိုင်းကိုတုန်လှုပ်ချောက်ချားစေခဲ့သည်။ 7Day မှ ရရှိထားသော စာ ရင်းများအရ ၂၀၁၅ တွင် ဓာတ် ကြိုးပြတ်ကျကာ ဓာတ်လိုက်မှု ကြောင့် သေဆုံးသူအနည်းဆုံး ၁၂ ဦးရှိပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သို့သော် ၂၀၁၆ တွင် ပိုမို များပြားနေပြီး ဓာတ်လိုက်သေဆုံး သူ ၅၀ ခန့်ရှိကာ မေလ၌ ဓာတ်လိုက်သေဆုံးမှု နေ့စဉ်ရှိနေ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက The Voice Daily အား ပြောကြားထား သည်။

ဓာတ်ကြိုးများ ပြတ်ကျမှုနှင့် ဓာတ်တိုင်ချို့ယွင်းချက်များ ကြောင့် လူသေဆုံးမှုများသည် အစိုးရက အရည်အသွေးညံ့ဖျင်း သော ပစ္စည်းများ အသုံးပြုခြင်းနှင့် ကြိုးတပ်ဆင်ရာ၌ နည်းစနစ်မကျ ခြင်း၊ ဓာတ်အားလိုင်းများ၏သက် တမ်း နှစ်ပေါင်းများစွာကြာမြင့် ကာ ဟောင်းနွမ်းနေခြင်းတို့ကြောင့် ဖြစ်ကြောင်း လျှပ်စစ်ပညာရှင် များက ပြောသည်။

ဓာတ်လိုက်မှုအန္တရာယ်ကို ပြည်သူများ ပိုမို စိုးရိမ်လာချိန် တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းပြောစကားက လက် ရှိအခြေအနေကို ပိုမိုမြင်သာစေ ခဲ့သလို ပို၍လည်း ထိတ်လန့်စေ ခဲ့သည်။

ရန်ကုန်မြို့အတွင်း သွယ် တန်းထားသည့် လျှပ်စစ်ဓာတ် ကြိုးများသည် အချိန်မရွေး ပြတ် ကျနိုင်ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၃၁ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း ရုံး ချုပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အသိပေးပြော ကြားထားသည်။

‘‘ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီး ကြိုးလိုင်းတွေက အချိန်မရွေး ပြတ်ကျနိုင်တဲ့ အခြေအနေပါ။ ဒီ အခြေအနေနဲ့ ပတ်သက်လို့ခေတ် စနစ်ကိုက ကျွန်တော်တို့ကိုပေး ထားတဲ့ အခြေအနေပါ။ ဒီအခြေ အနေတွေကို မြှင့်တင်ဖို့ ဘီလီယံ ပေါင်းများစွာ လိုအပ်ပါတယ်’’ဟု ၀န်ကြီးချုပ်ကဆိုသည်။

သို့သော်လည်း မြတ်ကိုကို ဓာတ်လိုက်သေဆုံးခဲ့မှုသည် မတော်တဆကြောင့်သာ ဖြစ်သည်ဟု သက်ဆိုင်ရာ လျှပ်စစ်ဌာနများက အကြောင်းပြသည်။

ဓာတ်တိုင်တွင် တပ်ဆင် ထားသောအရာများ၏ ချို့ယွင်းမှု များကြောင့် လူသေဆုံးမှုများ သည် သက်ဆိုင်ရာ တာဝန်ရှိသူ များကို အမှုဖွင့်၍ တစ်စုံတစ်ရာ အရေးယူခြင်းမရှိကြဘဲ သေမှု သေခင်းဖြင့်သာအမှုဖွင့်ပြီး ပြီးဆုံး ကြသည်။ ဓာတ်ကြိုးကြောင့်ဓာတ် လိုက်သေဆုံးပါက သက်ဆိုင်ရာ လျှပ်စစ်ဌာန၏ တာဝန်ရှိသူကို တာဝန်ယူခိုင်းသည့် အလေ့အထ လည်း မရှိသေးပေ။

ထို့အတူ လျှပ်စစ်ဌာနက လည်း မြို့သူ၊ မြို့သားများထိခိုက်သေဆုံးမှုအတွက် တာဝန်ရှိ ကြောင်း တောင်းပန်ခဲ့ခြင်းမျိုးမရှိ ဘဲ နစ်နာကြေးပေးသော အစဉ် အလာသာ ရှိလာသည်။

‘‘ထိခိုက်နစ်နာတယ်ဆိုတာ ပေါ့လျော့စွာ တာဝန်ထမ်းလို့ဖြစ် တာ။ ဓာတ်ကြိုးတွေကို ပေါ့ပေါ့ ဆဆထားလို့ ဓာတ်လိုက်သေ တာ။ အဲဒါဆို ဥပဒေအရ အရေး ယူလို့ရတယ်။ ၃၀၄ (က)အရ ပေါ့ဆစွာပြုခြင်းကြောင့် လူသေမှု နဲ့ အရေးယူလို့ရတယ်။ နစ်နာ ကြေးငွေတောင်းလို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးခင် ဇော် (မရမ်းကုန်း)က ဓာတ်လိုက် မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြော ကြားသည်။

စဥ့်ကူးမြို့တွင် ဓာတ်လိုက် သေဆုံးခဲ့သော ကလေးငယ်လေး ဦးကိုလည်း မန္တလေးတိုင်းလျှပ်စစ် ၀န်ကြီးဌာနက တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီသာ နစ်နာကြေးအဖြစ် ပေးအပ်ခဲ့သည်။

မြတ်ကိုကိုသေဆုံးမှုကို ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးဌာန နှင့် အကျိုးတူ လုပ်ကိုင်နေသည့် ဓနရာဇာကုမ္ပဏီတို့က နစ်နာကြေး အဖြစ် ကျပ်သိန်း ၂၀ ပေးအပ်ထားသည်။

မြတ်ကိုကို၏ ဆွေမျိုးများက နစ်နာကြေးထက် သက်ဆိုင်ရာ ဌာနက ၎င်းတို့၏ အပြစ်ကို ပြည် သူများအား ဝန်ခံပေးရန် ပိုမိုလို လာကြောင်း ပြောသည်။

ဓာတ်လိုက်သေဆုံးသူ၏ မိခင် ဒေါ်စန်းစန်းမြင့်အေးသည် မုန့်ဟင်းခါးနှင့် အသုတ်စုံများ ရောင်းချသည့် ဈေးသည်တစ်ဦး ဖြစ်ပြီး ယောက်ျားဖြစ်သူနှင့် ကွဲ ကွာနေပြီး တစ်ဦးတည်းသောသား ဖြစ်သူနှင့်သာ အတူနေထိုင်သူ ဖြစ်သည်။

မယ်စီကုန်းလမ်းရှိ  ဒေါ်စန်း စန်းမြင့်အေး၏ နေအိမ်တွင် မြတ်ကိုကို၏ နာရေးအတွက် ပြင်ဆင် နေသူများ၊ ဒေါ်စန်းစန်းမြင့်၏ ကျန်းမာရေးအတွက် လာရောက် မေးမြန်းနေသူများဖြင့် ဇွန် ၁ ရက် နေ့ တစ်ရက်လုံး လူမပြတ် စည် ကားနေသည်။ အစိုးရသစ်၏ ပထမဆုံး ပညာသင်နှစ်ဖြစ်သော ဇွန် ၁ ရက်တွင် ကျောင်းတက်ရန် စိတ်အားထက်သန်စွာ ပြင်ဆင်ခဲ့ သော ကျောင်းသားငယ်လေးတစ် ယောက်မှာမူ ပညာသင်နှစ် စတင်ရန် ၁၂ နာရီကျော်သာ လိုတော့သောအချိန်တွင် ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်၏ ချို့ယွင်းချက်ကြောင့်  အဖြစ်ဆိုးကြုံတွေ့ကာ ကြွေလွင့်သွားပြီဖြစ်သည်။ ဇွန် ၁ ရက်တွင် သူသွားလိုသော လှိုင်အမက (၂၂)သို့ မရောက်နိုင်တော့ဘဲ  ဇွန် ၂ ရက်၌ ကျောင်းမှ ခေါင်းလောင်းထိုးသံနှင့်အတူ သူ့နာရေးကြေးစည်သံတို့ လေထဲတွင် ပေါင်းစပ် လွင့်ပျံ့လာမည်သာဖြစ်ချေတော့သည်။


Credit: 7 Day Daily