Thursday, June 2, 2016

လေထုညစ်ညမ်းမှုကြောင့် ကိုယ်ဝန်ပျက်ကျနိုင်

 လေထုညစ်ညမ်းမှု မြင့်မားသောဒေသများတွင် နေထိုင်ရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

အထူးသဖြင့် လေထုညစ်ညမ်းမှု မြင့်မားသော ဒေသများမှ ကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်သက် ခြောက်လ နောက်ပိုင်းတွင် ကိုယ်ဝန် ပျက်ကျနိုင်ခြေ ပိုများကြောင်း သုတေသီတို့က သတိပေးသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ကလေး (၁၀၀၀) မွေးဖွားလျှင် (၁၈ ဒသမ ၄) ဦးသည် အသက်မပါဘဲ မွေးဖွားလာခြင်း ဖြစ်ကြောင်း စစ်တမ်းရလဒ်များက ဖော်ပြသည်။ ရောဂါကူးစက်ခြင်း၊ နေမှု ဘ၀ပုံစံမှားယွင်းခြင်း တို့သည် ကိုယ်ဝန်ပျက်ကျစေသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်ဟု ယေဘုယျ သတ်မှတ်ထားကြသည်။

လေထုညစ်ညမ်းမှုနှင့် ကိုယ်ဝန်ဆောင် ကျန်းမာရေးဆိုင်ရာ ယခင်က လုပ်ထားပြီးသား စစ်တမ်း (၁၃) စောင်ကို ဒိန်းမိတ် သုတေသီအဖွဲ့က ပြန်လည်သုံးသပ်ကာ စစ်တမ်းတစ်စောင် ထုတ်ပြန်သည်တွင် ကားမီးခိုး ညစ်ညမ်းမှုန်နှင့် စက်ရုံများက ထွက်သော မီးခိုးမှုန်များသည် ကိုယ်ဝန်ဆောင်များ အတွက် အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

အစိုးရများ အနေဖြင့် ကားမီးခိုးနှင့် စက်ရုံမီးခိုးများထဲတွင် လူကိုဒုက္ခပေးသော ညစ်ညမ်းမှုန်များ နည်းနိုင်သမျှ နည်းအောင် တစ်ဖက်က ဆောင်ရွက်ကြရမည် ဖြစ်သလို၊ ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ဖြစ်နိုင်ပါက ကိုယ်ဝန်ဆောင်ချိန်တွင် လေထုသန့်ရှင်းသည့် ကျေးလက်ဒေသများတွင် သွားရောက် နေထိုင်သင့်ကြောင်း စစ်တမ်းက အကြံပြုထားသည်။

 ကိုပင်ဟေဂင် တက္ကသိုလ် သုတေသီများ၏ တွေ့ရှိချက်အရ လေထု တစ်ကုဗမီတာလျှင် ညစ်ညမ်းမှုန် (၄) မိုက်ခရိုဂရမ်ခန့် တိုးလာတိုင်း ကိုယ်ဝန်ဆောင်များ ကလေးပျက်ကျနိုင်ခြေ (၄) ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

““ကိုယ်ဝန်ပျက်ကျတဲ့ ကိစ္စကို ကမ္ဘာ့ကျန်းမာရေး ပြဿနာအဖြစ် မရှုမြင်ကြသေးဘူး။ ကိုယ်ဝန်ဆောင် တစ်ဦးချင်းရဲ့ ချို့ယွင်းချက်ကြောင့်လို့ပဲ သဘောထားနေကြတုန်းပဲ။ တကယ်ဆိုရင် ပတ်ဝန်းကျင် သက်ရောက်မှုဟာ ကိုယ်ဝန်ပျက်ကျမှု အပေါ် အများကြီး လွှမ်းမိုးမှုရှိပါတယ်”” ဟု စစ်တမ်းအဖွဲ့ ခေါင်းဆောင် ဒေါက်တာမာရီပီဒါဆန်က ပြောသည်။

 ဗိုက်ထဲတွင် ရင်သွေးသေဆုံးရမှု အများစုမှာ သန္ဓေသားသို့ အာဟာရဓာတ်များ ပေးပို့နေသော ချက်ကြိုးတွင် ရောဂါဝင်သဖြင့် အာဟာရများ မကူးသန်းနိုင်တော့ခြင်းကြောင့် ဖြစ်ပွားရတတ်သည်။ မျိုးဇီဇဆိုင်ရာ ချို့ယွင်းခြင်းကြောင့် ချက်ကြိုး လုပ်ငန်းဆောင်တာ ကမောက်ကမ ဖြစ်တတ်သလို၊ လေထုညစ်ညမ်းမှုန်များကဲ့သို့ ပြင်ပသက်ရောက်မှုကြောင့်လည်း ကမောက်ကမ ဖြစ်ရတတ်သည်။ မိခင် ဆေးလိပ်၊ အရက်သောက်ခြင်း၊ အ၀လွန်ခြင်း၊ မိခင် အသက်ကြီးလွန်းခြင်း တို့ကြောင့်လည်း ချက်ကြိုး လုပ်ငန်းဆောင်တာ ကမောက်ကမ ဖြစ်ရကြောင်း တွေ့ရှိထားသည်။

လေ့လာတွေ့ရှိချက်များကို Occupational and Environmental Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit:Messenger