Sunday, June 5, 2016

အဆိုးမြင်စိတ်တွေ ရပ်သွားအောင် ဘယ်လိုလုပ်မလဲ



အဆိုးမြင်စိတ်ဆိုတာ အသိပညာ၊ နည်းဗျူဟာနဲ့ အပြုအမူတွေနဲ့ ပြောင်းလဲနိုင်တဲ့ အလေ့အထ ဖြစ်ပါတယ်။ အဆိုးမြင်စိတ်က ကိုယ့်ရဲ့လုပ်ဆောင်မှုပုံစံကိုပါ ပြောင်းလဲပစ်နိုင်တဲ့အတွက် အကောင်းမြင်စိတ်ကို မွေးမြူပြီး ပျော်ရွှင်စရာကောင်းတဲ့ လူနေမှုနဲ့ လုပ်ငန်းခွင်ဘဝကို ဖန်တီးကြရအောင်လား။

သင့်မှာ အဆိုးမြင်စိတ်တွေ များနေပြီဆိုရင် ရပ်တန့်အောင်လုပ်ဖို့အတွက် ဒီလိုလေးတွေ နေထိုင်တွေးတောပေးဖို့ လိုပါတယ်။

၁။ အိပ်ချိန်မှန်ပါစေ
အဆိုးမြင်တယ်ဆိုတာ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာရပ်တစ်ခုပါ။ တစ်ခါတလေမှာ အိပ်ချိန်နည်းပါးခြင်း ဒါမှမဟုတ် အိပ်ချိန်မမှန်ခြင်းကြောင့် ပိုမိုဆိုးရွားစေပါတယ်။ အဆိုးမြင်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ အိပ်ရေးမဝခြင်းက ဆက်စပ်နေတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ တစ်ည ၆ နာရီထက် အိပ်ချိန်လျော့နည်းသူဟာ စိတ်ဓာတ်ကျခြင်း ဒါမှမဟုတ် စိုးရိမ်စိတ် ပိုတတ်တာကို လေ့လာတွေ့ရှိရပါတယ်။

၂။ ကိုယ့်ရဲ့ အဆိုးမြင်တဲ့အတွေးတွေကို ချရေးပါ
နေ့စဉ်မှတ်တမ်းစာအုပ်ထဲမှာ ကိုယ့်ရဲ့ အဆိုးမြင်တဲ့အတွေးတွေကို ချရေးပြီး အလေးအနက် စဉ်းစားပါ။ ပထမဆုံး အဲဒီအတွေး ဝင်လာချိန်မှာ သင့်အတွေးကို ကျိုးကြောင်းဆီလျော်မှုရှိရှိ တွေးတောဖို့ ကြိုးစားခြင်း မရှိခဲ့ပါဘူး။ ဒါကို စာရွက်ပေါ်မှာ ချရေးလိုက်တဲ့အတွက် သေချာပြန်ကြည့်ပြီး ယုတ္တိရှိမရှိ သေချာပြန်စဉ်းစားနိုင်ပါတယ်။

၃။ အတွေးမခေါင်ပါနဲ့
ကိစ္စရပ်တစ်ခုမှာ ဖြစ်နိုင်ခြေတွေက ကောင်းတာရော ဆိုးတာရော အများကြီးရှိတယ်ဆိုတာ သိထားသင့်ပါတယ်။ အဆိုးရွားဆုံးအခြေအနေကိုပဲ အမြဲတွေးမနေပါနဲ့။

၎။ ထင်ချင်ရာမထင်ဘဲ အချက်အလက်တွေနဲ့ စဉ်းစားပါ
စိတ်ဖိစီးတဲ့အခါ ဒါမှမဟုတ် ဆိုးရွားနိုင်တဲ့ အခြေအနေတစ်ခုကို တွေ့လာတဲ့အခါ သိသာထင်ရှားတဲ့ အချက်အလက်တွေ မရှိဘဲ ယူဆချင်သလို မယူဆပါနဲ့။ ဖြစ်နိုင်ခြေကို စဉ်းစားပြီး ယုတ္တိရှိရှိ တွေးခေါ်ပါ။ ဥပမာ သင့်ချစ်သူက သင့်ရဲ့မက်ဆေ့ကို အကြောင်းမပြန်ဘူးဆိုရင် ဘက်ထရီကုန်သွားတာဖြစ်နိုင်သလို၊ အစည်းအဝေးခန်းထဲ ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အသံမမြည်အောင် လုပ်ထားတဲ့အတွက် မဖတ်ရသေးတာလည်း ဖြစ်နိုင်ပါတယ်။

၅။ အကောင်းဘက်က တွေးပါ။
အဓိကပြဿနာက အဆိုးမြင်စိတ်က အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးလွှမ်းထားတတ်တာပါပဲ။ ကောင်းမွန်တဲ့ရလဒ်ရတာတောင် အဆိုးမြင်စိတ်က ပျောက်မသွားတတ်ဘူး။

ဥပမာ - သင် လစာတိုးပေမဲ့ တချို့သူတွေက သင့်ထက် ပိုရတယ်ဆိုပါစို့။ သူတို့ထက် နည်းလေခြင်းလို့ တွေးပြီး စိတ်ညစ်မယ့်အစား အရင်ဆုံး လစာတိုးတဲ့အတွက် ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲကို အတူဆင်နွှဲလိုက်ပါ။ ကိုယ့်ထက် လစာတိုးနည်းတဲ့သူတွေလည်း ရှိသေးတယ်ဆိုတဲ့ အချက်ကို မမေ့ပါနဲ့။ အဲဒီလိုလေး နေထိုင်တွေးတောလိုက်ရင် သင့်ရဲ့အဆိုးမြင်စိတ်တွေ အတန်အသင့် လျော့ပါးသွားပါလိမ့်မယ်။


Credit : Duwun