Saturday, May 28, 2016

လိမ္မာပြီး ကျေးဇူးသိတတ်တဲ့ သားငယ်သမီးငယ်များဖြစ်ဖို့ ပြုစုပျိုးထောင်နည်းများ

ကိုယ့်သားသမီး ရတနာတွေကို ရတာနာတဲ့ သားသမီးတွေ မဖြစ်စေဖို့အတွက် မိဘတွေမှာ တာဝန်ရှိပါတယ်။ ကလေးတွေက ငယ်ရွယ်စဉ်မှာ လိုသလို ပြုပြင်နိုင်တဲ့ ဖယောင်းအသွင်ရှိတာကြောင့် မိဘရဲ့ ပဲ့ထိန်းပြုပြင်မှုက ကလေးတစ်ယောက်ရဲ့ စရိုက်သဘာဝကို အများကြီး သက်ရောက်စေမှာပဲ ဖြစ်ပါတယ်။ သားဆိုး သမီးဆိုးတစ်ယောက်ရှိတဲ့အိမ်က ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတဲ့အိမ်ပဲ ဖြစ်ပါတယ်။ မိဘလည်း စိတ်မချမ်းသာရသလို ညီကိုမောင်နှမတွေလည်း စိတ်မချမ်းသာရပါဘူး။ မိဘအပေါ်သိတတ်ပြီး လိမ္မာတဲ့ သားသမီးတွေဖြစ်ဖို့ မိဘတွေအနေနဲ့ ပြုစု ပျိုးထောင်နိုင်မယ့် နည်းလမ်းတွေကတော့-

၁)မကြာခဏ ငြင်းပေးပါ
ကိုယ်လုပ်ပေးနိုင်တဲ့အရာ ဖြစ်နေရင်တောင် ကလေးတွေတောင်းဆိုတဲ့အခါတိုင်း လွယ်လွယ်လုပ်မပေးပါနဲ့။ တခါတလေတော့ ငြင်းတဲ့ အကျင့်ကိုလုပ်ပေးပါ။

၂)ကျေးဇူးတင်တတ်ပါစေ
 ပါးစပ်နဲ့ပြောရုံ ကျေးဇူးတင်စကားဆိုတတ်တာမျိုး မဟုတ်ဘဲ စိတ်လိုလက်ရနဲ့ သေသေချာချာ ကျေးဇူးတင်တတ်အောင် သင်ကြားပေးပါ။ သူများကို အသိအမှတ်ပြုတတ်တာက တစ်ကိုယ်ကောင်း မဆန်မှုကိုလည်း သင်ပေးရာရောက်ပါတယ်။

၃)အလှူလုပ်တတ်အောင် သင်ပေးပါ
အဝတ်အစားလေးတွေ၊ကစားစရာလေးတွေကို လိုအပ်နေတဲ့လူတွေကို မကြာခဏ လှူပေးတဲ့အခါ ကလေးတွေကိုလည်း ကိုယ်တိုင်ပါဝင်ပါစေ။ မျှဝေခံစားမှုရဲ့ အရသာကို ကိုယ်တိုင်ခံစားရင်း သိလာမှာ ဖြစ်ပါတယ်။

၎)လွှတ်ပေးသင့်တာကို လွှတ်ပေးထားပါ
ကလေးဘဝမှာ သဘာဝရဲ့ လေ့ကျင့်ပေးမှုတွေနဲ့ ကြုံလာရတဲ့အခါမှာ ဂရုအစိုက်လွန်တာမျိုး မဖြစ်ပါစေနဲ့။ဘဝဆိုတာ အဆင်မပြေမှုတွေနဲ့ဖွဲ့စည်းထားတာပါ။အရာရာမှာ ကူညီမဲ့သူကိုပဲ မျှော်နေတတ်တာထက် ကိုယ့်အစွမ်းအစနဲ့ ကောင်းအောင် ဖြေရှင်းနိုင်တာက ပိုပြီးအောင်မြင်မှာပါ ဖြစ်ပါတယ်။

၅)အများကြီး မဝယ်ပေးပါနဲ့
 သင်ဝယ်ပေးနိုင်ပေမဲ့ အများကြီး ဝယ်မပေးပါနဲ့။ သူတို့မှာရှိတဲ့အရာကို တန်ဖိုးထားပြီး ချစ်တတ်အောင် ရောင့်ရဲတတ်အောင် ဒီအချိန်ကစပြီး ပျိုးထောင်ရပါတယ်။ လွယ်လွယ်နဲ့ များများရရင် မြန်မြန်ပျက်စီးတတ်ပါတယ်။ အလေးအနက်ထားလိုစိတ်ရှိအောင် သင်ပေးဖို့အတွက် အလိုလိုက်ပြီး ပြောတိုင်း မဝယ်ပေးပါနဲ့။

၆)ငွေတန်ဖိုး သိအောင်သင်ပေးပါ
 ပိုက်ဆံကို စုဆောင်းတတ်ဖို့ ၊လှူဖို့၊ အရုပ်ဝယ်ဖို့ သုံးစွဲတဲ့ငွေတွေမှာ တန်ဖိုး တစ်ခုစီရှိတာကို သိအောင်ပြောပြပေးထားသင့်ပါတယ်။ သုံးဖို့အတွက်ငွေက ဖြုန်းဖို့မဟုတ်ဘဲ ဘယ်လိုသုံးရင် ကိုယ့်အတွက်ရော အများအတွက်ပါ ဘယ်လိုအကျိုးရှိအောင် လုပ်နိုင်တယ်ဆိုတာကို ကလေးဘဝ အသိဥာဏ်မှာ စွဲသွားအောင် လုပ်ပေးပါ။

၇)အမှားကို ဝန်ခံတတ်အောင် လုပ်ပါ
ကိုယ့်ကြောင့်ဖြစ်တဲ့ အမှားတစ်ခုကို အမှန်အတိုင်းပြောရဲပါစေ။ အမှားလုပ်မိတာထက် မရိုးသားတာက ပိုကြောက်စရာကောင်းတာ၊ ရိုးသားတာက တန်ဖိုးဆိုတာသိအောင် အပြစ်လုပ်ပြီးဝန်ခံခဲ့ရင် အပြစ်ကသတ်သတ် ဝန်ခံတဲ့အတွက် ချီးကျူးတာက သတ်သတ်လုပ်ပေးပါ။ အမှန်ကို မကြောက်တဲ့ကလေးတွေဖြစ်လာအောင် သွန်သင်ဖို့လိုပါတယ်။

Credit: trendmyanmar