Wednesday, December 23, 2015

ချောင်းဆိုးရောဂါ ဆေးနှင့်အစာ

ချောင်းဆိုးရောဂါ အဖြစ်အများဆုံးအချိန်မှာ မိုးဦးကျနှင့် ဆောင်းဦးအစ ရာသီတွင်ဖြစ်သည်။ လူဝကြီးများထက် လူပိန်များက ပို၍ချောင်းဆိုး ရောဂါဖြစ်ပွားလေ့ရှိသည်။ တစ်နေကုန်အလုပ်လုပ်ပြီး ညနေစောင်းမှ ရေချိုး ရသူများလည်း ချောင်းဆိုးရောဂါဖြစ်လေ့ရှိသည်။ ကလေးများတွင် အချိုလွန်ကဲသောမုန့်များ၊ ရေခဲစိမ် အချိုရည်ဘူးများ စားသုံးမှုများလျှင် ချောင်း အဆက်မပြတ်ဆိုးသော ရောဂါရတတ်သည်။

ယခုခေတ်တွင် ဆီမသန့်၍ဖြစ်သော ချောင်းဆိုးရောဂါတစ်မျိုးကို တွေ့ရများသည်။ အထူးသဖြင့် စားအုန်းဆီကြောင့်ဖြစ်သည်။ စားအုန်း ဆီသည် အေးခဲလွယ်သောအဆီမျိုးဖြစ်သည်။ အကြော်များ ကြွပ်ရွစေသဖြင့် အသုံးများကြခြင်းဖြစ်သည်။ စားအုန်းဆီဖြင့်ကြော်ထားသော အကြော် စားသူများ၏ လည်ချောင်းအစာမျိုပြွန်နံရံတွင် စားအုန်းဆီများ ကပ်ကျန် ခဲ့သောအခါ မပျော်ဝင်နိုင်သဖြင့် လည်ချောင်းယားပြီး ချောင်းဆိုးရခြင်း ဖြစ်သည်။ ထိုဆီကြောင့်ပင် လည်ချောင်းလေပြွန်ရောင်ရောဂါဖြစ်နိုင် သည်။ ကြွပ်ရွနေသောအကြော်စားသူများသည် ရေနွေးကြမ်းပူပူသောက်သင့် သည်။ အစာစားပြီး ရေခဲရေ၊ အအေးသောက်လျှင် စားအုန်းဆီသည် ပို၍ခဲသွားပြီး ချောင်းကြီးဆိုးရောဂါဖြစ်နိုင်သည်ကို အထူးသတိပြုစေလို သည်။

ချောင်းဆိုးခြင်းသည် ရိုးရာဆေးပညာအရ အပူငုပ်သောရောဂါ ဖြစ်သည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ထွက်ရမည့် အပူ၊ အခိုး၊ အငွေ့များကို အအေးဓာတ်က ဖိနှိပ်ပိတ်ဆို့ထားသဖြင့် အပြင်မထွက်နိုင်။ မထွက်နိုင်သဖြင့် တွန်းကန်ရာမှ ချောင်းဆိုးရခြင်းဖြစ်သည်။ မိုးဦးကျနှင့်ဆောင်းဥတုတွင် အနွေးထည်မပါဘဲ အပြင်ထွက်၍ အအေး ပတ်သူ၊ ရေချိုးမှား၍ အအေးပတ်သူ၊ အအေးစာနှင့် ဆီမသန့်သောအစာ အစားမှား၍ ချောင်းဆိုးသူများစွာတွေ့ရသည်။ အချို့မှာ တစ်ရာသီလုံး ချောင်းဆိုးအမြစ်မပြတ်ဘဲ ဖြစ်နေသည်ကို တွေ့ရတတ်သည်။

ရေခဲရေနှင့် အအေးကြိုက်သူ၊ ရေခဲသေတ္တာအတွင်းမှ ရေအေးဘူးကို အမြဲသောက်လေ့ရှိသူများနှင့်Water Cooler ခေါ် ရေအေးစက်မှ အအေးလွန်ကဲသောရေကို သောက်လေ့ရှိသူများမှာ အအေးကဖိနှိပ်သဖြင့် အပူငုပ်လွန်ကဲပြီး ချောင်းဆိုးရောဂါသာမက အသားပတ်ရောဂါနှင့် ချွေးခြောက်ရောဂါ၊ ခြေဖဝါးအက်ကွဲရောဂါ၊ မျက်စိမှ မျက်ရည်ခြောက်ခန်း၍ မျက်သားရောင်သည့်ရောဂါ၊ ဦးခေါင်းတွင် အပူများပြီးဖြစ်သည့် ဗောက်ရောဂါနှင့် ဆံပင်ကျွတ်ခြင်းများပါ ဖြစ်လာနိုင်သည်။

အပူငုပ်ချောင်းဆိုးခြင်းမှကာကွယ်နိုင်ရန် ရောဂါဖြစ်လာမှ ချောင်းဆိုး ပျောက်ဆေးများ သောက်သုံးခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အကောင်း ဆုံးဖြစ်သည်။ ထိုသို့ကာကွယ်ရန် နည်းလမ်းနှင့်ဓာတ်စာများမှာ -
(၁) ရေအေး၊ ညသိပ်ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။

(၂) လူကြီးများ ရေနွေးစပ်ပြီးမှ ရေချိုးပါ။

(၃) ရေမချိုးမီ ရေအေးတစ်ခွက်သောက်ပါ။

(၄) ရှောက်သီး သို့မဟုတ် သံပရာသီးတစ်စိတ်ကို ရေနွေးပူပူတွင်စိမ်ပါ၊ အငွေ့လုံအောင်အုပ်ထားပြီး ရေချိုးပြီးချိန် သောက်ပေးပါက အအေးပတ်ခြင်းမှ ကာကွယ်ပါသည်။
(၅) နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း ဆယ့်တစ်ဆိုသောစကားနှင့်အညီ ရေချိုးပါ။ ညနေစောင်းချိန်နှင့် နေဝင်မိုးချုပ်အချိန် ရေချိုးလျှင် အပူငုပ်ခြင်း၊ ချောင်းဆိုးခြင်းဖြစ်နိုင်ပါသည်။
(၆) ညအိပ်ရာမဝင်မီ ရှောက်သီး သို့မဟုတ် သံပရာသီးအရည် သုံးဇွန်းနှင့် ပျားရည်တစ်ဇွန်း စပ်သောက်ပေးလျှင် အပူငုပ်၍ ချောင်းဆိုးခြင်း၊ လေပူလှန်ချောင်းဆိုးခြင်းမှ ကာကွယ်နိုင်ပါသည်။

(၇) ချောင်းဆိုးလျှင် ပြည်ပန်းညိုရွက် လက်တစ်ဆုပ်ကို ရေဖြင့်စင်အောင် ဆေးအရည်ညှစ်ယူပြီး ဆားလှော်အနည်းငယ်နှင့်စပ်တိုက်လျှင် သက်သာစေနိုင်ပါသည်။
(၈) ကွမ်းရွက်ကို ကန်တော့ကဲ့သို့ပြုလုပ်ပြီး ဆားထည့်ပြီးထုပ်ပါ။ မီးဖုတ် ပါ။ ထိုကွမ်းရွက် ဆားမီးဖုတ်ကို သံပရာရည်ဖြင့်ဖျော်လျှင် ရက်ကြာချောင်းဆိုးရောဂါ၊ ချောင်းကြီးဆိုးရောဂါများ ပျောက်ကင်း စေနိုင်သည်။

(၉) ရှောက်ရွက်ကို ကြက်သွန်ဖြူနှင့်ဆားအနည်းငယ်ခတ်၍ ဟင်းချိုလုပ် သောက်လျှင် ချောင်းဆိုးသက်သာစေသည်။
(၁ဝ) ဒန့်သလွန်ရွက်နှင့် ပြည်ပန်းညိုရွက်တို့ကို တွဲဖက်၍ဟင်းချိုလုပ် ချက်သောက်လျှင် အပူငုပ်ချောင်းဆိုးခြင်းနှင့် အသံဝင်ရောဂါကိုပါ ပျောက်ကင်းစေနိုင်သည်။
(၁၁) ထန်းလျက်(အမည်း)နှင့် ရှောက်သီးကို သိန္ဓောဆားအနည်းငယ် ထည့်၍ ယိုထိုးစားလျှင် ချောင်းဆိုးရောဂါ ပျောက်ကင်းနိုင်သည်။

(၁၂) ချင်းစိမ်း၊ ငရုတ်ကောင်း၊ လေးညှင်းတို့ကို ထန်းလျက်နှင့်ရောကျိုပြီး ပူပူနွေးနွေးသောက်ပေးလျှင် ချောင်းဆိုးရင်ကျပ်ရောဂါ သက်သာ စေနိုင်သည်။

(၁၃) ကညွတ်ဥ(ရှဥ့်မတက်ဥ)နှင့် မုယားကြီးရွက်ကို သကြားခဲနှင့် ကျိုသောက်လျှင် ချောင်းခြောက်ဆိုးရောဂါပျောက်ကင်းနိုင်သည်။
(၁၄) ဒန္တသုခပင်အရွက် လက်တစ်ဆုပ်ကို ရေ ၅ဝ ကျပ်သား၊ (ရေသန့် တစ်ဘူးစာ)ဖြင့်ပြုတ်၊ သကြားချိုရုံထည့်ပါ။ ချောင်းဆိုးသွေးပါရောဂါ သက်သာစေသည်။

(၁၅) ကလေးချောင်းဆိုးလျှင် သနပ်ခါးအမြစ်ကို ဆားအနည်းငယ်နှင့် ရောသွေး၍ ခွံ့ပေးလျှင် သက်သာစေနိုင်သည်။
(၁၆) ချိုးလိုက်လျှင် အစေးများထွက်သည့် ငဖြူကြီးရွက်ခေါ် မရိုးပင် အရွက်ကိုထောင်း၍ အရည်ညှစ်ယူပြီး ဆားအနည်းငယ်ရော ၍တိုက်လျှင် ကလေး၊ လူကြီးချောင်းဆိုး၍ မျက်နှာများ ရောင်အမ်း ခြင်းကို ပျောက်ကင်းစေနိုင်သည်။

(၁၇) ခွေးသေးပန်းရွက်အရည်ညှစ်ရသော သတ္တုရည်ကို ဆားမီးဖုတ်ဖြင့် ရောတိုက်လျှင် ကလေး၊ လူကြီး အဆက်မပြတ်ဆိုးသောချောင်းဆိုးရောဂါကို သက်သာစေနိုင်သည်။
(၁၈) နာတာရှည်ချောင်းဆိုးရောဂါ (လေပူချောင်းဆိုးရောဂါ)အတွက် ကြက်သွန်ဖြူအရည် (အဆီ)ကို နေ့စဉ်တိုက်ကျွေးပေးခြင်း၊ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးခြင်းဖြင့် သက်သာနိုင်သည်ဟု အာယုဗေဒကျမ်းများက ဆိုပါသည်။
ကြည်လွင်မြင့် (မုဒြာ)
Credit;NPE မှကူးယူဖော်ပြသည်။