Wednesday, December 23, 2015

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးနှင့်လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းအကြောင်း သိကောင်းစရာ

ဆင်ခြေထောက်ရောဂါသည် လတ်တလောသေစေနိုင်သော ရောဂါ မဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဌာန်ပျက်ယွင်းခြင်းကြောင့် လူမှုရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသောရောဂါများတွင် ပါဝင်သော ရောဂါတစ်ခုဖြစ် ပါသည်။ ဤရောဂါသည်  Wuchereria  bancrofti   သန်ကောင်တစ်မျိုးကြောင့် ဖြစ်သော ရောဂါဖြစ်ပြီး ခြင်ကိုက်ခြင်းဖြင့် ကူးစက်သောရောဂါဖြစ်ပါသည်။

သန်ကောင်ငယ်နှင့် သက်ကြီးကောင်ရှိပြီး သက်ကြီးကောင်များမှာ လူတို့ ၏ သားနံရည်ကြောတွင် နေပါသည်။ သက်ကြီးကောင်များ မိတ်လိုက်ပေါင်း ဖက်ပြီး (Microfilaria) လို့ခေါ်သည့် သန်ကောင်ငယ်များ မွေးလာကာ ယင်းတို့သည် လူတို့၏သွေးကြောများနှင့် အဆုတ်၊ အသည်းစသော အတွင်း ကလီစာများတွင် လှည့်ပတ်သွားလာနေပါသည်။ သန်ကောင်ငယ်များသည် ည ၁ဝ နာရီမှ နံနက် ၂ နာရီအတွင်း သွေးကြောများထဲတွင် များပြားစွာ ထွက်ပေါ်လေ့ရှိပြီး ¤င်းအချိန်တွင် ခြင်ကိုက်ရာမှ ခြင်၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက် သန်ကောင်ငယ်များ ကြီးထွားမှုဖြစ်လာပြီးမှ လူကို ကူးစက်မှုပေးနိုင်သော အဆင့်ကိုရောက်ရှိကာ ရောဂါကူးစက်မှု ဖြစ်စေပါ သည်။
ဆင်ခြေထောက်ရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး လူမျိုးမရွေးဖြစ်နိုင်ပါသည်။ ဆင်ခြေထောက်ရောဂါပိုး ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီး မည်သည့်လက္ခဏာမှမပြဘဲ ငုပ်နေတတ်ပါသည်။ဤအဆင့် မှာ ညဥ့်အခါ သွေးဖောက်စစ်ဆေးခြင်း ( Night Blood Survery )   ပြုလုပ် သော်လည်း Microfilaria  မတွေ့နိုင်ပါ။ ရောဂါလက္ခဏာမပြသော်လည်း သန်ကောင်များက သားနံရည်ကြောများကို စတင်ဖျက်ဆီးစပြုနေပြီ ဖြစ်ပါ သည်။ ဤအဆင့်တွင် ရောဂါ ရှိ၊ မရှိ Immunochromato- graphic Test (ICT)  နှင့် စမ်းသပ်မှသာသိရှိနိုင်ပါသည်။ ထိုမှတစ်ဆင့်  ရောဂါလက္ခဏာ မပြသော်လည်း ညဥ့်အချိန်တွင် သွေးဖောက်စစ်ဆေးသည့်အခါ Micro-filaria   ကို တွေ့နိုင်သော (Asymptomatic Parasitaemic)  အဆင့်ကို ရောက်ရှိပြီးနောက် ရောဂါလက္ခဏာအမျိုးမျိုးကို တွေ့နိုင်ပါသည်။

၎င်းလက္ခဏာများမှာ ချမ်းတုံ၍ဖျားခြင်း၊ ခန္ဓာကိုယ်တစ်နေရာရာတွင် နီရဲပူလောင်ရောင်ရမ်း၍ နာကျင်ခြင်း၊ သားနံရည်ကြောနှင့် အကြိတ်များ တွင် ရောင်ခြင်း၊ ဆီးသွားသည့်အခါ အဖြူရောင်ပျစ်ချွဲချွဲဖြစ်နေခြင်း၊ အင်ပြင် ထွက်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါကဲ့သို့ ရင်ကျပ်ခြင်း၊  ဘောအောင့်ခြင်း၊ (ရေမုတ္တ) စသည့် လက္ခဏာများ ခံစားရတတ်ပါသည်။ ၄င်းမှတစ်ဆင့် ခြေ ထောက်၊ လက်တဖြည်းဖြည်းကြီးလာခြင်း (တစ်ဖက်တည်းဖြစ်စေ၊ နှစ်ဖက်လုံး ဖြစ်စေ)ဖြစ်လာပြီး နောက်ဆုံးတွင် ခြေ၊ လက်များ ဆင်ခြေထောက်ကဲ့သို့ ဖြစ်လာတတ်ပါသည်။ သန်ကောင်သယ်ဆောင်ထားသော ခြင်ကိုက်ခံရပြီး ရောဂါလက္ခဏာပေါ်ရန်အတွက် ခြောက်လမှ ရှစ်နှစ်အထိ ကြာတတ်ပါ သည်။

ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၁၄ဝဝ သည် ဆင်ခြေထောက်ရောဂါ ကူးစက်နိုင်သည့် အန္တရာယ်ရှိသော နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် နေထိုင် လျက်ရှိပြီး ယင်းတို့အနက် ၆၅ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှဒေသမှ ဖြစ်ပြီး ၃ဝ ရာခိုင်နှုန်းမှာ အာဖရိကနိုင်ငံများနှင့် ကျန်သည့် ငါးရာခိုင်နှုန်းမှာ အပူပိုင်းဒေသနိုင်ငံများဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေသန်း ၁၂ဝ ၌ ဆင်ခြေထောက်ရောဂါ ကူးစက်မှုရှိနေပြီး လူဦးရေးသန်း ၄ဝ ကျော်မှာ ဆင်ခြေထောက်ရောဂါလက္ခဏာတစ်ခုခုကို ခံစားနေကြပါသည်။ လူဦးရေ သန်း ၇ဝ ကျော်မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါ ငုပ်နေသည့် အခြေအနေ တွင်ရှိပါသည်။ အရှေ့တောင်အာရှဒေသဆိုင်ရာနိုင်ငံ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင်နိုင်ငံ ကိုးနိုင်ငံသည် ဆင်ခြေထောက်ရောဂါ အမြစ် တွယ်မှုရှိပြီး ပြည်သူလူထုအတွင်း ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လျက် ရှိ ပါသည်။ ၄င်းနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံ၊  တီမောလက်စ်တေနိုင်ငံများ ဖြစ်ပါ သည်။ သို့ဖြစ်ပါ ၍ ၁၉၉၇ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြိမ် (၅ဝ)မြောက် ညီလာခံမှ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၅၉ အရ ''၂ဝ၂ဝ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး'' ရည်မှန်း ချက်ကို မြန်မာနိုင်ငံအပါအဝင်   ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု ရှိသောနိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြ ပါသည်။

၎င်းနိုင်ငံ ကိုးနိုင်ငံများတွင် ရောဂါအမြစ်တွယ်မှုကို မြေပုံဖြင့် ဖော်ပြရာ တွင် အမြစ်တွယ်မှုရှိပြီး   လူအားလုံးဆေးတိုက်ရန်  ရည်မှန်းချက်ထားရှိ သော အကောင်အထည်ဖော်ဆောင်ရွက်ရမည့် Units ပေါင်း ၉ဝ၁ ခု ရှိပါ သည်။ ၄င်းအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၃၄ ခု (၃ ဒသမ ၈ ရာခိုင်နှုန်း)၊ အိန္ဒိယနိုင်ငံတွင် ၂၅ဝ ခု (၂၇ ဒသမ ၇ ရာခိုင်နှုန်း)၊   အင်ဒိုနီးရှားနိုင်ငံတွင် ၃၃၇ ခု (၃၇ ဒသမ ၄ ရာခိုင်နှုန်း)၊ မော်လ်ဒိုက်နိုင်ငံတွင်  ၃၄ ခု (၃ ဒသမ ၈ ရာခိုင်နှုန်း)၊ မြန်မာနိုင်ငံတွင် ၄၅ခု (၅ ရာခိုင်နှုန်း)၊ နီပေါနိုင်ငံတွင် ၆ဝခု (၆ ဒသမ ၇ ရာခိုင်နှုန်း)၊ သီရိလင်္ကာနိုင်ငံတွင် ရှစ်ခု (ဝ ဒသမ ၉ ရာခိုင် နှုန်း)၊ ထိုင်းနိုင်ငံများတွင် ၈၇ခု (၉ ဒသမ ၇ ရာခိုင်နှုန်း)နှင့် တီမောလက်စ်တေ နိုင်ငံများတွင် ၄၆ခု (၅ ဒသမ ၁ ရာခိုင်နှုန်း)ဖြစ်ပါသည်။ သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံများတွင် ဆေးတိုက်ကျွေးရန် ရည်မှန်းထားသော အကောင် ထည်ဖော်ဆောင်ရွက်ရမည့်  Units  အားလုံးမှလူများအား ငါးကြိမ်နှင့် အထက် ဆေးတိုက်ကျွေးပြီး ဆင်ခြေထောက်ရောဂါတွေ့ရှိမှုနှုန်းမှာ လူဦးရေ ၁ဝဝဝ လျှင်တစ်ယောက်ထက်လျော့နည်းသွားပြီ ဖြစ်ပါ၍  ဆင်ခြေထောက်ရောဂါ ကင်းဝေးသည့်နိုင်ငံများအဖြစ် ကြေညာနိုင်တော့မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း   ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက် မှာ အောက်ပါရည်ရွယ်ချက်များဖြင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လုပ်ငန်းများကို ၂ဝဝ၁ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါသည်။
  မြန်မာနိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်ခြေထောက်ရောဂါကို ကျန်းမာ ရေးပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားရန်

    လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း (Mass Drug Administration)  ငါးနှစ်ဆက်တိုက်ဆောင်ရွက်ပြီးပါက ပြည်သူလူထုအတွင်း ဆင်ခြေ ထောက်ရောဂါ တွေ့နှုန်း (Antigenaemia)  မှာ လူဦးရေ ၁ဝဝဝ လျှင် တစ်ယောက်ထက်နည်းစေရန်

၎င်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် နည်းဗျူဟာ နှစ်ခုကိုချမှတ်ခဲ့ပြီး ၄င်းတို့မှာ

၁။    ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိသော ဒေသများတွင်လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း (Mass Drug Administration) ဆောင်ရွက်ရန်

၂။    ဆင်ခြေထောက်ရောဂါဝေဒနာ  ခံစားနေရသူများအား  ကုသမှုပေးခြင်း နှင့်ပြည်သူလူထုအခြေပြုမိသားစုအတွင်း    ပြုစုစောင့်ရှောက်မှုပေးခြင်း လုပ်ငန်း ဆောင်ရွက်ရန်ဖြစ်ပါသည်။

လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းမစတင်မီ မြန်မာနိုင်ငံတွင် ဆင်ခြေ ထောက်ရောဂါအမြစ်တွယ်မှုကို သိရှိနိုင်ရန် မြေပုံဖြင့်ဖော်ပြခြင်းကို ဆောင်ရွက်ခဲ့ရာ  ၄င်းအချိန်က ခရိုင်ပေါင်း ၆၅ ခရိုင်အနက် ၄၅ ခရိုင်တွင် အမြစ် တွယ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ၂ဝဝ၁ ခုနှစ်တွင် ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှုများသည် မကွေးတိုင်းဒေသကြီးမှ မကွေးခရိုင်နှင့် သရက် ခရိုင်တွင် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။ ၂ဝဝ၂ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးမှ မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်တွင်လည်းကောင်း၊ ၂ဝဝ၄ ခုနှစ်တွင် ၄င်းခရိုင်များအပြင် မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ခရိုင်များအားလုံးတွင် လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းဆိုသည်မှာ ဆေးတိုက်ကျွေးမည့် ခရိုင်ရှိ လူဦးရေစုစုပေါင်းအနက် နှစ်နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ရောဂါတစ်ခုခုကြောင့် ဆေးစွဲသောက်နေသူများနှင့် အိပ်ရာထဲလဲနေသူမှအပ ကျန်သည့်လူများအားလုံးကို တစ်ပတ်အတွင်း တစ်နှစ်လျှင်တစ်ကြိမ်အနည်းဆုံး  ငါးနှစ်ဆက်တိုက်တိုက် ကျွေးရမည်ဖြစ်ပါသည်။ တိုက်ကျွေးသည့်ဆေးမှာ   DEC(Diethylcarbama-zine Citrate) နှင့် Albendazole  သန်ချဆေးစသည့်နှစ်မျိုးဖြစ် ပါသည်။ အောက်တွင် ဖော်ပြထားသော ဇယားအတိုင်း အသက်အုပ်စုအလိုက် ဆေးကို တိုက်ကျွေးပါသည်။
ဤသို့တစ်နှစ်လျှင်တစ်ကြိမ် ငါးနှစ်ဆက်တိုက် တိုက်ကျွေးခြင်းဖြင့် ရောဂါလက္ခဏာမပြဘဲ ဆင်ခြေထောက်ရှိနေသူများတွင် သန်ကောင်ငယ်များနှင့်သက်ကြီးကောင် များသေဆုံး၍ ရောဂါကင်းစင်မည်။ ခန္ဓာကိုယ်အတွင်း၌ ဆင်ခြေထောက်ရောဂါမရှိသူများတွင် ဆေးအာနိသင်ကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်။  ဆင်ခြေထောက်ရောဂါလက္ခဏာ မပြသောသူများ၏ သားနံကြိတ်ထဲတွင်နေသော သက်ကြီးကောင်များနှင့်၎င်းတို့မှ ဆက်လက်မွေး ထုတ်ပေးသော သန်းပေါင်းများစွာသော သန်ကောင်ငယ်များကို သေစေရန်အတွက် ငါးနှစ်ဆက်တိုက်ဆေးတိုက်ကျွေးရခြင်းဖြစ်ပါသည်။ သန်ချဆေးနှင့်တွဲ၍ တိုက်ခြင်းကြောင့် အူလမ်းကြောင်းတွင်နေထိုင်သော အခြားသန်ကောင် များ သေဆုံးနိုင်ပြီး အထူးသဖြင့် ကလေးများတွင် သန်ကောင်ရောဂါမရှိခြင်းအားဖြင့် စားသမျှအာဟာရကိုလည်း ကောင်းမွန်စွာရရှိမည်ဖြစ်ပါသည်။ လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို သန်ကောင်ရောဂါစီမံချက်နှင့် ပူးပေါင်း၍ ဆောင်ရွက်သွား မှာဖြစ်ပါသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံတွင်   ဆင်ခြေထောက်ရောဂါကင်းဝေးရန်အတွက် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှ မြို့နယ်များနှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ် စုစုပေါင်း ၂ဝ၃ မြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ပြုလုပ်မှာဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေး၊ တမူးနှင့်ကသာခရိုင်များတွင် လူအားလုံးဆေးကျွေးခြင်းကို ငါးနှစ်ဆောင်ရွက်ပြီးစီး၍ ဆင်ခြေထောက်ရောဂါ တွေ့ရှိမှုနှုန်း ပြန်လည်ဆန်းစစ်ရာတွင် ဆင်ခြေထောက်ရောဂါတွေ့ရှိမှုနှုန်းမှာ လူဦးရေ ၁ဝဝဝ လျှင် တစ်ယောက်ထက်နည်းသွားပြီဖြစ်၍ ဆေးတိုက်ကျွေးရန် မလိုအပ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာ၊ ရွှေဘိုနှင့် စစ်ကိုင်းခရိုင်၊ မကွေးတိုင်းဒေသကြီးမှ ခရိုင်အားလုံးတွင် လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို ငါးကြိမ်အထက်  ဆောင်ရွက်ပြီးဖြစ်ပေမယ့်  ဆင်ခြေထောက်ရောဂါတွေ့ရှိမှုနှုန်းမြင့်လျက်ရှိသေးတဲ့အတွက် ၎င်းခရိုင်များတွင်   ဆင်ခြေထောက်ရောဂါတွေ့ရှိမှုနည်းလာစေရန် ယခုနှစ် လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို ပိုမိုအားဖြည့်၍ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ခြေထောက်ရောဂါအမြစ်တွယ်မှုမရှိသည့် ခရိုင်များမှာ ကချင်ပြည်နယ်မှ ပူတာအိုခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မော်လိုက်ခရိုင်နှင့် ခန္တီးခရိုင်၊ မကွေးတိုင်းမှ  ဂန့်ဂေါခရိုင်၊ ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်မှလွဲ၍ ကျန်သည့် မြို့နယ်များ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်မှ ခရိုင်များအားလုံးဖြစ်ပြီး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်မလိုအပ်သော်လည်း ဆင်ခြေထောက်ရောဂါလက္ခဏာရှိသော လူနာများရှိ၊မရှိ စုံစမ်းကြည့်ရှု နေရမည်ဖြစ်ပါသည်။

ယခုတိုက်ကျွေးမည့်ဆေးများဖြစ်သည့်  DECE နှင့်Albendazole    ဆေးများသည် ထင်ရှားသောဘေးထွက်ဆိုးကျိုးများမရှိပါ။ DEC ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးမှာ  မူးဝေခြင်း၊ အော့အန်ခြင်း၊ ယားယံခြင်း၊ မျက်နှာ၊ အထူးသဖြင့် မျက်လုံးဝန်းကျင်တွင် ရောင်ရမ်းလာခြင်း၊ ရံဖန်ရံခါ ဖျားခြင်း၊ အရေပြားအဖုအပိန့်ထွက်ခြင်းနှင့်လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် အကျိတ်များထွက်ကာ နာလာခြင်းတို့ဖြစ်ပါသည်။ ALbendazole  ၏ ဘေးထွက်ဆိုးကျိုးမှာ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်ပါသည်။  ၎င်းဘေးထွက်ဆိုးကျိုးများသည် ဆေးသောက်ပြီး  ၂၄ နာရီအတွင်း ဖြစ်တတ်ပါသည်။   Alben-dazoleသည် အစာလမ်းကြောင်းမှလွဲ၍  ကျန်သည့်ခန္ဓာကိုယ်အစိတ် အပိုင်းများကို ထိခိုက်မှု (Systemic Side Effect )  မရှိပါ။
ဆင်ခြေထောက်ရောဂါ၏  သဘာဝအရ  DEC သောက်ပြီးလျှင် ဆင်ခြေထောက်ပိုးများ သေကျေပျက်စီးသွားသည့်အတွက် ယင်းတို့မှ ထွက်လာသော ဓာတ်ပစ္စည်းများကြောင့် ခန္ဓာကိုယ်တွင်  ဖျားနာခြင်း၊ အင်ပြင်ထွက်ခြင်း၊ ခြေလက်များကိုက်ခဲ၍မသယ်ချင်ဖြစ်ခြင်း၊ ယောကျာ်းများတွင် ဝှေးစေ့ရောင် ခြင်း၊ ခြေထောက်အနည်းငယ်ရောင်လာတတ်ခြင်းတို့ ဖြစ်တတ်ပါသည်။
ယင်းတို့သည် ဆေးသောက်ပြီး ၂၄ နာရီကျော်လျှင် စတင်ပေါ်လာပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်သွားမည် ဖြစ်ပါသည်။
၎င်းဘေးထွက်ဆိုးကျိုးများအတွက် B6 ပေးခြင်း၊ဓာတ်ပစ္စည်းများကြောင့် ဖျားလျှင်  Paracetamol  ၊ အင်ပြင်ထလျှင်  Anti histamine  စသည်တို့ကို တစ်နေ့လျှင် တစ်ပြားတစ်ကြိမ်၊ တစ်ပြား နှစ်ကြိမ်စသဖြင့် တိုက်ကျွေးခြင်း ဖြင့် သက်သာပျောက်ကင်းစေပါသည်။ သက်သာပြီးသည့်အခါ DEC  ၆ မီလီဂရမ် /ကိုယ်အလေးချိန်xတစ်နေ့သုံးကြိမ်ခွဲ၍x ၁၂ ရက် (ဥပမာ-ကိုယ် အလေးချိန် ၅ဝ ကီလိုဂရမ် ရှိသောလူဖြစ်ပါက စုစုပေါင်း ၃ဝဝ မီလီဂရမ် ကျွေးရမည် ဖြစ်ရာ ၁ဝဝ မီလီဂရမ် တစ်နေ့ သုံးကြိမ် x၁၂ ရက်) တိုက်ကျွေး ရန်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ဆေးသောက်ပြီး မူးဝေခြင်း၊ ဖျားခြင်းစသော လက္ခဏာများဖြစ်ပါက မိမိအားဆေးတိုက်ခဲ့သောအဖွဲ့အား သတင်းပို့ရန်၊ ဆေးတိုက်အဖွဲ့မှလည်း သက်ဆိုင်ရာကျန်းမာရေး တာဝန်ခံအား သတင်းပေးပို့ခြင်း၊ လိုအပ်ပါက ဆေးရုံပို့ခြင်းတို့ကို ပြုလုပ်ရပါမည်။
ယခုနှစ်လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲပြီး လူဦးရေစာရင်းကောက်ယူခြင်း၊ လိုအပ်သောဆေးဝါးများကို မှာယူခြင်း၊ ဆေးများကို မြို့နယ်များသို့ဖြန့်ဝေခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ၊ ဆေးတိုက်လမ်းညွှန်များကို ဖြန့်ဝေခြင်း၊ လုပ်ငန်းများကိုဆောင်ရွက်ပြီးစီးပြီး ဖြစ်ပြီး၊ သက်ဆိုင်ရာ  အာဏာပိုင်အဖွဲ့အစည်း များအား အသိပေးဆွေးနွေးခြင်း၊ပည်သူလူထုအားကျန်းမာရေး ပညာပေးခြင်းနှင့် ဆေးတိုက်ရာတွင်ပါဝင် မည့် ဆေးတိုက်အဖွဲ့ဝင်များကို ဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ သေသေချာချာ သင်ကြားပို့ချခြင်းသည် အလွန်အရေးကြီးပါသည်။ သို့မှသာ ဆေးတိုက်အဖွဲ့ဝင်များ အိမ်တိုင်ရာရောက် မိမိရှေ့တွင် ဆေးတိုက်ကျွေးခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သော ဆေး၏ဆိုးကျိုးများကို လျော့နည်းစေနိုင်မည် ဖြစ်ပါသည်။
ဆေးကို ညနေပိုင်းအစာစားပြီးမှ သောက်ရမည်ဖြစ်ပါ၍ ဆေးလာကျွေးသည့်အချိန် အိမ်တွင် လူအများစုထားရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှတာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာမှလူမှုရေး လုပ်ငန်းစိတ်ဝင်စားသူများမှ ပြည်သူလူထုများအား ဆေးတိုက်ကျွေးရာတွင် ပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ရန် လိုအပ်ပါသည်။
ဒေါက်တာနီနီအေး၊ ဒုတိယညွန်ကြားရေးမှူး(ဆင်ခြေထောက်)
Credit; NPE မှကူးယူဖော်ပြသည်။