Monday, November 9, 2015

အသက် (၁၀)နှစ်သာ ရှိသေးသည့် ဂီတာဟီးရိုး

  အသက် (၁၀)နှစ်သာ ရှိသေးသော်လည်း ဂီတာကို ကျွမ်းကျင်စွာ တီးခတ်နိုင်ခဲ့သောကြောင့် ဂီတာဟီးရိုးအဖြစ် သတ်မှတ် ထားကြသည်။ အဆိုပါ ကလေးငယ်သည် အမေရိကန် ပြည်ထောင်စုရှိ ထင်ရှားသည့် နေရာများတွင် ဂီတာစွမ်းရည်ကို ပြသခဲ့ပြီး ဖြစ်သောကြောင့် ပါရမီရှင်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် ရိုင်းယားတွင် နေထိုင်သော တိုဘီလီသည် ဂီတာပညာရှင်ကြီး ဘီဘီကင်းကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ထားသည့် အမေရိကန် ပြည်ထောင်စုရှိ Blues ကလပ်တွင် အောလ်စတား တီးဝိုင်းနှင့် တွဲဖက်ဖျော်ဖြေခဲ့သည်။

တိုဘီလီသည်  ကလေးတစ်ဦး ဖြစ်သော်လည်း  တီးဝိုင်းနှင့် တွဲဖက်တီးခတ်ရာတွင် ယင်း၏စွမ်းရည်ကို ပြသနိုင်ခဲ့သည်။ ယင်းဖျော်ဖြေမှုကို အင်တာနက်မှ ကြည့်ရှုသူ အကြိမ်အရေအတွက်သည် (၁ ဒသမ ၅) သန်း ကျော်သွားခဲ့ပြီ ဖြစ်သည်။

မန်ဖစ်တွင်ရှိသည့် ဘီဘီကင်း ကလပ်တွင် ဖျော်ဖြေပြီးနောက်၌ အင်္ဂလန်၏ ရေဒီယို အစီအစဉ်များတွင် ပါဝင်ဖျော်ဖြေသွားဦးမည် ဖြစ်သည်။ တိုဘီလီသည်  အမေရိကန်သို့ သွားရောက်ရာတွင် ပရက်စလေ၏ နေအိမ်ကိုလည်းကောင်း၊ နာမည်ကျော် ဆန်းစတူဒီယိုကို လည်းကောင်း လည်ပတ်ခဲ့သည်။

တိုဘီလီသည် အသက်(၄)နှစ် အရွယ်ကတည်းက ဂီတာကို တီးခတ်ခဲ့ခြင်း ဖြစ်သည်။

တိုဘီလီက မိမိသည် မန်ဖစ်ရှိ ဘီဘီကင်းကလပ်ကို သွားရောက်နိုင်ခြင်း အတွက် အိပ်မက်များ အမှန်တကယ် ဖြစ်လာကြောင်း၊ ပြီးပြည့်စုံသူ မရှိသော်လည်း မိမိသည် ဂီတာကို အကောင်းဆုံး ကြိုးစား တီးခတ်လေ့ရှိကြောင်း၊ ရော့ခ်နှင့် ဘီလူးဂီတတို့ကို တီးခတ်လေ့ရှိကြောင်း၊ သို့သော် မိမိသည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ မရှိကြောင်း၊  (၄) နှစ်အရွယ်တွင် စတင်သင်ယူပြီးနောက် (၆) နှစ်အရွယ်တွင် တီးခတ်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ဟြေကြားခဲ့သည်။

တိုဘီလီ၏ ဖခင်ဖြစ်သူက မိမိ၏သားသည် ဂီတာကို အလွန်ဝါသနာပါကြောင်း၊ ကျောင်းက ပြန်လာသည့် အခါတိုင်း ဂီတာကို စတင်ကိုင်တွယ်လေ့ ရှိကြောင်း၊ သားဖြစ်သူ၏ မွေးနေ့တွင် အမေရိကန်သို့ မိသားစုလိုက် သွားရောက် ပြီး ထင်ရှားသည့် နေရာများကို လိုက်ပို့ပေးခဲ့ကြောင်း၊ ဘီဘီကင်းကလပ်ကို ရောက်ရှိသည့်အခါ ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ တီးဝိုင်းနှင့်အတူ ဖျော်ဖြေတီးခတ်ခဲ့ကြောင်း၊  ယင်းနောက် သားဖြစ်သူ၏ စွမ်းရည်ကို အားလုံးက ချီးကျူးခဲ့ကြောင်း ဟြေကြားခဲ့သည်။

Credit:Messenger မှ ကူးယူဖော်ပြသည်။