Monday, November 9, 2015

အိန္ဒိယနိုင်ငံ၏ ကိုယ်အလေးချိန် အများဆုံး ကလေးငယ်


အိန္ဒိယနိုင်ငံတွင် မွေးဖွားသော ကလေးငယ်တစ်ဦးသည် ကိုယ်အလေး ချိန် (၁၄) ပေါင်အထိ ရှိခဲ့သောကြောင့် နိုင်ငံ၏ မွေးဖွားစ ကိုယ်လေးချိန် အများဆုံးသူအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။ ယင်းကလေးငယ်ကို (၁၅) မိနစ်အတွင်း သာမန် မွေးဖွားခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ကလေးမိခင်ဖြစ်သူသည် အသက် (၃၆)နှစ် အရွယ်ရှိနေပြီး ယင်း၏ (၉) ဦးမြောက် ကလေးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။

      အူတာပါရာဒက် ပြည်နယ်ရှိ  အိုရိုင်ရီမြို့ရှိ ဆေးရုံတွင် ကလေးငယ်ကို မွေးဖွားခဲ့ခြင်း ဖြစ်ပြီး  ( ၁၄ ဒသမ ၇၇) ပေါင်ရှိသော ယောက်ျားလေး ဖြစ်သူကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ခါတွန်သည် ယခင်ကလေးငယ်များကို နေအိမ်တွင်သာ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး၊ ယခုကလေးကို ဆေးရုံတွင် မွေးဖွားရာတွင်လည်း မည်သည့် အခက်အခဲမှမရှိဘဲ ချောမောစွာ မွေးဖွားနိုင်ခြင်း ဖြစ်သည်။ ဆရာဝန်များကမူ အလွန်အံ့အားသင့်စရာ ဖြစ်ရပ်အဖြစ် ဟြေကြားခဲ့သည်။

      ယင်းကလေးကို မွေးဖွားရာတွင် ပါဝင်ခဲ့သော ဆရာဝန်ဂူတာက အံ့အားသင့်စရာ အလွန်ကောင်းကြောင်း၊ မိမိ၏ ဆရာဝန် အတွေ့အကြုံ (၂၁) နှစ်အတွင်း အထူးခြားဆုံး ဖြစ်ရပ်ဖြစ်ပြီး၊ တစ်ကြိမ်မှ မမြင်ခဲ့ဖူးကြောင်း၊ မွေးဖွားရာတွင် ကလေးငယ်၏ ပခုံးကို မြင်ခဲ့ရပြီးနောက် (၃) မိနစ် လောက်အကြာတွင် မိမိ၏ လက်ထဲကို ရောက်လာကြောင်း၊ ကလေးငယ်သည် လက်ထဲတွင် မဆန့်သော်လည်း အလွန်ချစ်စရာ ကောင်းကြောင်း ဟြေကြားခဲ့သည်။ ကလေးနှင့် မိခင်ရော ကျန်းမာမှု ရှိသော်လည်း ဆေးရုံတွင် ဆေးကုသမှုများ ပြုလုပ်ပေးသွားဦးမည် ဖြစ်သည်။ မိခင်ဖြစ်သူအနေဖြင့် ဆီးချိုရောဂါ မရှိကြောင်း၊ ထို့ကြောင့် ကလေးငယ်သည် သာမန်ကြီးထွားခြင်းသာ ဖြစ်ကြောင်း ဟြေကြားခဲ့သည်။ အိန္ဒိယတွင် ပြီးခဲ့သည်လကလည်း  ( ၁၃ ဒသမ ၁၆ ) ပေါင်ရှိ ကလေးငယ်ကို မွေးဖွားခဲ့သော်လည်း ယင်းကလေး၏ မိခင်ဖြစ်သူသည် ဆီးချိုရောဂါ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။