Tuesday, October 27, 2015

သင့်မိသားစုမှာ သင် အငယ်ဆုံး ဆိုရင်

 မိသားစု တစ်ခုမှာ အကြီးဆုံးသား၊သမီးတွေက မိဘတွေရဲ့ စည်းကမ်းတွေအောက် မှာ နေကြရတယ်၊ အလတ်ကောင်တွေ မွေး လာတော့ ပိုပြီး ထိမ်းကျောင်းရလွယ်အောင် စည်းကမ်းတွေ တင်းကျပ်လာတယ်။ အငယ်ဆုံးဆိုရင်တော့ ရှိတဲ့ စည်းမျဉ်းတွေကိုလည်း ဖောက်ဖျက်ကြတယ် မဟုတ်ဘူးလား။ ကျွန်မကိုယ်တိုင်က အငယ်ဆုံးဖြစ်နေတော့ ဒါတွေကို
လက်ခံလိုက်တာပေါ့။ ပြီးတော့ မွေးချင်းတိုင်းမှာတော့ ကောင်းကွက်လေးတွေ ရှိတတ်ကြပေမယ့် တစ်မိသားစုလုံး အတွက်တော့ အငယ်ဆုံးကသာ အချစ်ခံရဆုံးပါပဲ။ အောက်ဖက်မှာတော့ မိသားစုတစ်စုရဲ့ အငယ်ဆုံးကလေးတွေဆိုရင် ဘဝကို ဘယ်လို ဖြတ်သန်းရလဲ၊ ဘယ်လို ထူးခြားမှုတွေ ရှိလဲ ဆိုတာ သိနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
၁။ အငယ်ဆုံး ကလေးတွေဟာ အဝတ်အစားဆိုရင် အကြီးတွေရဲ့ အကျတွေပဲ ဝတ်ခဲ့ရတာကြောင့် ကိုယ် ဘာဝတ်ချင်တယ်၊ ဘယ်လို ပုံက ကိုယ်နဲ့ လိုက်ဖက်တယ် ဆိုတာတွေကို မသိကြတာများပါတယ်။ ဒါပေမယ့်လည်း ရုပ်အသွင်အပြင်တွေ၊ ဝတ်စားဆင်ယဉ်မှုတွေနဲ့ ပတ်သက်ပြီး သိပ်ပြီး စိုးရိမ်ကြောင့်ကျမှု မရှိတတ်သူတွေ ဖြစ်တာကြောင့် သိပ်ပြီး ပြဿနာမရှိပါဘူး။

၂။ အငယ်ဆုံးတွေဟာ ပျော်ပျော်နေတတ်ကြတယ်။

 ၃။ သူတို့က အကြီးတွေနဲ့ နှိုင်းယှဉ်ရင် အိမ်ရဲ့တာဝန်တွေ သိပ်ပြီး မယူရတာကြောင့် စိတ်လွတ်ကိုယ်လွတ်နေနိုင်ကြတယ်။

၎။ အကြီးတွေ ဦးနှောက်စားနေရတဲ့ အရာတွေက သူတို့အတွက်တော့ ဟာသ အဖြစ်အပျက်လောက်သာ ဖြစ်နေတတ်တယ်။

 ၅။ အငယ်ဆုံးမို့ ကိုယ်ပြောတာတွေကို အကြီးတွေ၊ မိဘတွေက သိပ်အရေး မစိုက်ကြတာကြောင့် တစ်ဖြည်းဖြည်းနဲ့ အရာရာတိုင်းကို စိတ်ထဲမှာပဲ မြိုသိပ်ထားပြီး နေတတ်သလိုပဲ နေကြပါတော့တယ်။

 ၆။ အငယ်တွေရဲ့ ဘဝတစ်လျှောက်လုံးမှာ မိဘတွေ၊ မောင်နှမအကြီးတွေ၊ အခြား မိသားစုဝင်တွေ၊ ဆရာ/မ တွေဆီက အသိပညာတွေ၊ အကြံဥာဏ်တွေ၊ ပုံပြင်တွေ၊ ပြောသမျှတွေကို ကိုယ် စိတ်ပါပါ၊ မပါပါ ရိုင်းစိုင်းတဲ့ အပြုအမူမျိုး မဖြစ်ရလေအောင် နားထောင်ခဲ့ရတာကြောင့် အခြားသူတွေ ပြောတာကို အာရုံစိုက် နားထောင်တတ်ပြီးသား ဖြစ်သွားတာပေါ့။

၇။ အကြီးတွေထက် ပိုပြီး အလည်သွားရတာကို နှစ်သက်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ခေါင်းပေါ်မျာ အိမ်မှုတာဝန်တွေ၊ စိတ်ပူပန်စရာတွေ မရှိဘူးလေ။

၈။ အကြီး မောင်နှမတွေထက် ပိုပြီး ဖန်တီးနိုင်စွမ်းရှိကြတယ်။ အကြောင်းအရင်းက မိဘတွေကလည်း အကြီးတွေတုန်းကလို ပညာရေးကို လိုက်ပြီး မခြယ်လှယ် တော့တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်ပညာရေး ရွေးချယ်ခွင့် ရတာကြောင့် ဖြစ်ပါတယ်။ ဒီလို အခွင့်အရေးကြောင့် သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေမှာလည်း စည်းဘောင်တွေ မရှိတော့ဘဲ လွတ်လပ်စွာ စဉ်းစားတွေးခေါ် နိုင်တဲ့ အခွင့်အရေးတွေ ရကြပါတယ်။

 ၉။ မောင်နှမ အကြီးတွေကို စံနမူနာယူပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားလေ့ရှိတယ်။

၁ဝ။ မိဘတွေဟာ သားကြီး၊ သမီးကြီးတွေအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ထိန်းချုပ်ခဲ့ ပြီးတဲ့နောက် အငယ်ဆုံးတွေ အတွက်တော့ လျှော့ပေါ့သွား တတ်ကြပါတယ်။

 အငယ်ဆုံးတွေဟာ မိဘတွေ၊ မောင်နှမအကြီးတွေရဲ့ စိတ်ထဲမှာတော့ အမြဲ ကလေးလိုပါပဲ။ ဒါကို မနှစ်သက်စရာ ဘာအကြောင်းတွေများ ရှိနိုင်ပါသလဲ။ သူတို့တွေဟာ မိဘတွေ နောက်ဆုံး ပုခက်လွှဲ သိပ်ခဲ့ရတဲ့ ကလေး၊ ညကြီးမင်းကြီး ဂျီကျပြီ ဆိုလည်း ပြန်ချော့သိပ်ရတဲ့ နောက်ဆုံးကလေး ဖြစ်သလို မောင်နှမတွေ ထဲမှာ ကျောင်းပြီးတာကအစ မိဘတွေ အနေနဲ့ နောက်ဆုံး ဝမ်းသာဂုဏ်ယူ ရတဲ့သူတွေ ဖြစ်ကြပါတယ်။ မိဘတွေကလည်း သားသမီးတွေနဲ့ ပတ်သတ်လို့ အမှတ်ရစရာတွေ အများကြီးထဲမှာမှ အငယ်ဆုံး သားသမီးတွေ အကြောင်းတွေကို ပိုပြီး မှတ်မှတ်ရရ ဖြစ်နေတတ်ကြပါတယ်။

Credit :  ဂန္တဝင် မှ ကူးယူဖော်ပြသည်။