Friday, October 23, 2015

ဆယ်ကျော်သက်လေးတွေအပေါ် အမြင်ပြောင်းကြည့်ရအောင်











“ကျမရဲ့ ၁၆ နှစ်အရွယ်သမီးလေးက သူ့ခြေထောက်တွေ မလှလို့ဆိုပြီး ငိုလိုက်တာ မျက်ရည်တွေ ချောင်းစီးမတတ်ပဲဆိုတော့ ကျမမှာ ဘယ်ကနေ စချော့ရမှန်းမသိပဲ ငိုရမလို ရယ်ရမလိုတောင်ဖြစ် မိပါတယ်။ ရယ်ချင်တာက သူ့ခြေထောက်လေးတွေ အရမ်းလှတာ လူတိုင်းရဲ့ မျက်မြင်ဖြစ်နေလို့။ ငိုချင်သလိုဖြစ်မိတာကတော့ သူ့ရဲ့ ၀မ်းပန်းတနည်းဖြစ်နေရှာတဲ့ပုံစံလေးက တကယ့်ကို အားငယ် စိတ်ပူသလိုဖြစ်နေလို့ပါ။ ဘာကြောင့် သမီးလေး အမြင်တွေ ဒီလိုဖြစ်နေတာလဲ။” မိခင်တစ်ဦးဖြစ် တဲ့ Alice Hart-Davis ရဲ့ ပြောစကားလေးပါ။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ၊ မော်ဒယ်တွေနဲ့ အလှအပဆိုင်ရာ မီဒီယာတွေရဲ့ လွှမ်းမိုးမှုကို အဓိကခံစားနေကြရတဲ့ ဒီ ဆယ်ကျော်သက်လေးတွေဟာ သူတို့ဘယ်လောက်ပဲ လှနေပါစေ၊ မလုံလောက်သေးဘူးလို့ထင်နေတာ အမှန်ပါပဲ။

ဆယ်ကျော်သက်အရွယ် မိန်းကလေးအများစုဟာ လှပတဲ့အနုပညာရှင်တွေနဲ့ တူချင်တဲ့ ဆန္ဒပြင်းပြတာ ကြောင့် စိတ်ဖိစီးမှုတွေဖြစ်နေရတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသနပြုလုပ် ချက်အရ သိခဲ့ရပါတယ်။ အလှအပအတွက် ခွဲစိပ်ပြုပြင်ဖို့ကို စိတ်အားထက်သန်တတ်ကြပေမဲ့ အစားအသောက်ကိုကျတော့ ကျန်းမာရေးနဲ့အညီ အချိန်မှန်မှန် စားလေ့မရှိကြပြန်ပါဘူး။ ဒီတော့ ကျန်းမာလှပတဲ့သမီးလေးတွေဖြစ်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ။ ဒီအချက်တွေကို သိနိုင်ဖို့ Alice Hart-Davis နဲ့ သူမရဲ့ သမီးလေး Beth တို့ ပူးပေါင်းရေးသားထားတဲ့ စာအုပ်ထဲက အကြောင်းအရာအချို့ကို ရေးသားတင်ပြ လိုက်ရပါတယ်။

(၁)သမီးလေးကို သူပြုံးနေတဲ့အခါ သိပ်လှကြောင်း ပြောပေးပါ

အရွယ်ရောက်လာတဲ့ သမီးငယ် လှချင်စိတ်တွေများလာတာ၊ ကိုယ့်ကိုယ်ကို မလှဘူးထင်ပြီး ၀မ်းနည်းအားငယ်လာတာကို တွေ့ရတဲ့အခါ မိခင်က စိတ်ပူလာပေမဲ့ မသိချင်ယောင်ဆောင်ပြီး အသိအမှတ်မပြုပေးတတ်ကြပါဘူး။ ဒီလိုလုပ်ခြင်းဖြင့် သမီးလေးဟာ အလှအပနဲ့မသက်ဆိုင်တဲ့ ကလေးအဖြစ် မိဘကထင်မြင်ကြောင်း ပြသရာရောက်ပြီး လှချင်စိတ်လျော့သွားမယ်လို့ ထင်တတ်ကြပါတယ်။ ဒါဆိုရင် မိမိ ဆယ်ကျော်သက်တုန်းက စိတ်ခံစားချက်ကို ပြန်စမြုံ့ပြန်ကြည့် ပါ။ အသက်အရွယ်အရပြောင်းလဲလာတဲ့ သဘာဝကို ဖိနှိပ်တာ၊ မသိချင်ယောင်ဆောင်တာဟာ အကျိုးမရှိဖြစ်စေတတ်ပြီး လမ်းလွဲစေနိုင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သမီးငယ်လေးကို ကြည့်ပြီး ပီတိဖြစ်ကျေနပ်သင့်ကာ သမီးလေးက ဖြူစင်စွာပြုံးရွှင်နေရင် လှပကြောင်း၊ တည်ငြိမ်အေးချမ်းတဲ့ ပုံစံလေးနဲ့ တင့်တယ်ကြောင်းပြောပေးသင့်ပါတယ်။ “သမီးလေးက လှတာပဲ” လို့သာမန်ပြောခြင်း ဟာ မထိရောက်တတ်ပါဘူး။ အမေဆိုတော့ ကိုယ့်သမီးကို လှတယ်ထင်တာပဲဆိုပြီး မယုံမကြည် ဖြစ်တတ်တဲ့အတွက် သူရဲ့ ပြုံးရွှင်နေတဲ့ပုံစံလေးက တင့်တယ်လှပကြောင်း အကျိုးသင့် အကြောင်း သင့်ပြောပြသင့်ပါတယ်။

(၂) မိတ်ကပ်လိမ်း အလှပြင်ခွင့်ပေးလိုက်ပါ။

အလှပြင်ပစ္စည်းတွေကို စိတ်ဝင်စားလာတဲ့အခါမှာလည်း စိတ်သဘောကျပြင်ခွင့်ပေးသင့်ပြီး မှန်တင်ခုံနားထိုင်ကာ အပြုသဘော အကြံဥာဏ်ပေးသင့်ပါတယ်။ သူနဲ့လိုက်ဖက်တဲ့ မိတ်ကပ်တွေရွေးချယ်ဝယ်ပေးပြီးနောက် စည်းကမ်းအချို့ကို တိကျစွာ သတ်မှတ်ကာ သဘောတူညီမှုရအောင် ယူလိုက်ပါ။ စည်းကမ်းတွေကတော့ ကျောင်းတက်တဲ့အချိန်နဲ့ လူကြီးမိဘတွေဆီသွားလည်တဲ့အချိန်မှာ မိတ်ကပ်မလိမ်းရန်၊ အပြင်ထွက်ရင်တော့ အမေနဲ့သမီး အတူတူပြင်ဆင်ပြီး သွားမှာဖြစ်ပြီး ညမအိပ်ခင် အသားအရည်ထိန်းသိမ်းဖို့ မိတ်ကပ်သေချာ ဖျက်ရန် နားဝင်အောင်ပြောပြပါ။ တကယ်လို့ မိတ်ကပ်လိမ်းဖို့ကို တားမြစ်လိုက်ရင်တော့ ကလေးက တိတ်တဆိတ်စိတ်ဝင်စားနေတာမျိုးဖြစ်နိုင်ပြီး မိမိကွယ်ရာမှာ အလွန်အကျွံအလှပြင် ကာ လျှောက်လည်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

(၃) လဲလျောင်းအိပ်စက်ဖို့ အချိန်များများပေးလိုက်ပါ။

ဆယ်ကျော်သက်အရွယ်လေးတွေဟာ အိပ်ရတာ အရမ်းကြိုက်ကြပါတယ်။ ဒါဟာ ပျင်းလို့လည်း မဟုတ်သလို ကလန်ကဆန်လုပ်ချင်လို့လည်းမဟုတ်ပါဘူး။ ဆယ်ကျော်သက်တွေရဲ့ ခန္ဓာကိုယ် က ပြောင်းလဲထွက်ရှိလာတဲ့ Melatonin ဓါတ်ကြောင့် အိပ်ချင်စိတ်များနေတာပါ။ အဲဒီဓါတ်ဟာ အမောပန်းခံနိုင်ပြီး သွက်လက်စေတဲ့အတွက် အိပ်ရေး၀၀အိပ်ရတဲ့ ဆယ်ကျော်သက်ကလေးဟာ လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။ ဒီတော့ မိမိရဲ့ ဆယ်ကျော်သက်သားသမီးလေးတွေကို အထွေအထူးကိစ္စမရှိရင် နေ့လည်စာစားချိန်မှ  အိပ်ရာထဖို့ ခွင့်ပြုသင့်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ကိုယ်၊ စိတ်၊ ဦးနှောက် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူများစွာ ပြုနိုင်မှာဖြစ်ပါတယ်။

(၄) ဆံပင်ဆေးဆိုးချင်တာကို အရမ်းလန့်မသွားပါနဲ့။

ခုခေတ်မှာ ဆံပင်ဆိုးဆေးတွေ အရမ်းခေတ်စားလာတဲ့အခါ ကျောင်းတက်ရတဲ့ကာလမှာ မလုပ်ဖြစ် ရင်တောင် ကျောင်းပိတ်ရက်တွေမှာ ဆံပင်ဆိုးချင်စိတ်တွေ ပေါ်လာတတ်ကြပါတယ်။ မိဘအများစု က ကိုယ့်ကလေးက အဲလိုခွင့်တောင်းလာခဲ့ရင် ထိတ်လန့်တကြားနဲ့ ခါးခါးသီးသီး ငြင်းခုန် ပိတ်ပင်တတ်ကြပါတယ်။ ကိုယ့်သမီးလေး သူများမျက်စိထဲ မတင့်မတယ်နဲ့ ပြောဆိုခံရမှာ စိတ်ပူတတ်ကြတော့ သူများနဲ့ တန်းတူ အသစ်အဆန်းကို စမ်းသပ်ကြည့်ချင်တဲ့ ကလေးရဲ့စူးစမ်းစိတ်ကို အတင်းအကျပ်ပိတ်ပင်သလိုဖြစ်သွားတတ်ပါတယ်။

ဒီတော့ ပထမ ဘာအရောင်ဆိုးချင်လဲ မေးကြည့်ပါ။ မလိုက်ဖက်လွန်းတဲ့ ပန်းရောင်၊ စိမ်းဝါရောင် မျိုးဖြစ်နေပါက အေးအေးဆေးဆေးနဲ့ ရွှေအိုရောင်၊ မဟော်ဂနီရောင်၊ အညိုရင့်ရောင် ဆိုးကြည့် သင့်ကြောင်း၊ ဆံပင်ပျက်စီးမှုနည်းကြောင်း လှည့်ပတ်ပြောကြည့်ပါ။ ဒါပေမဲ့ ဆံပင်ပျက်စီးတာကို တော့ ရှောင်လွှဲမရကြောင်းနဲ့ ကိုယ်နဂိုဆံသားလှလှလေးကို ပြန်ရဖို့ အရမ်းကြာသွားမှာဖြစ် ကြောင်းတော့ ရှင်းပြပေးပါ။ ကိုယ့်ကလေးပဲဆိုပြီး တစ်ချက်လွှတ်အမိန့်သုံးတာဟာ မိမိလည်း လေကုန်သက်သာကာ ထိရောက်သလိုထင်ရပေမဲ့ ကလေးရဲ့တွေးခေါ်လက်ခံပေးမှုနဲ့ ဝေးကွာကာ မိမိကွယ်ရာမှာ တဇွတ်ထိုး လုပ်မိအောင် တွန်းအားပေးသလိုဖြစ်နိုင်ပါတယ်။

(၅) မိမိကိုယ်ကို အလိုမကျဖြစ်တတ်တဲ့စိတ်ကို နည်းလမ်းတကျ ဖြေရှင်းဖယ်ရှားပေးပါ

ဆယ်ကျော်သက်ကလေးတွေဟာ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်ကာ အတွေးလွန်ပြီး အချိန်ဖြုန်း တတ်တယ်လို့ အများက ယူဆကြပါတယ်။ ဒါဟာ အမှန်ပဲဆိုပေမဲ့ တကယ်တမ်းလည်း လိုအပ်တဲ့ အချက်ပါပဲ။ ကလေးဘ၀ကနေ လူကြီးဘ၀ပြောင်းလဲဖို့ အားယူနေတဲ့ တစ်ဆစ်ချိုးကာလလေးမှာ ပြင်ပကိုယ်ခန္ဓာပြောင်းလဲမှုနဲ့ အတူ စိတ်ခံစားချက်၊ အတွေးအခေါ်တွေပါ မလွဲမသွေပြောင်းလဲလာ ကြတာပါပဲ။ လူကြီးမိဘတွေအနေနဲ့ ဒါကိုလက်ခံနားလည်ပေးနိုင်မှာသာ သူတို့ကို မှန်ကန်စွာ လမ်းညွှန်နိုင်ဖို့ နီးစပ်မှာဖြစ်ပါတယ်။

“ကလေးဖြစ်ပြီး ဒါမျိုးလုပ်စရာလား၊ ဒါမျိုးဖြစ်စရာလား” လို့ ယူဆလိုက်ခြင်းက သူတို့ရဲ့ပြောင်းလဲကြီးထွားမှုဖြစ်စဉ်အတွက် အများကြီးဆိုးကျိုးသက်ရောက် စေပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုအလိုမကျစိတ်၊ လှချင်စိတ်၊ အိပ်ချင်စိတ်များခြင်း စတာတွေဟာ ဆယ်ကျော်သက်တွေရဲ့ လက္ခဏာရပ်တွေ ဖြစ်ကြောင်း လက်ခံပေးပြီး ပြဿနာတွေကို တိုင်ပင်ဆွေးနွေးချင်လာအောင် လမ်းဖွင့်ပေးသင့်ပါတယ်။ ကိုယ် ငယ်ငယ်တုန်းကလည်း ဒါမျိုးတွေဖြစ်ဖူးကြောင်း အမှန်အတိုင်း ၀န်ခံကာ သူတို့ ရဲ့ အမြင်၊ ခံစားချက်ကို လေးနက်စွာ နားထောင်သုံးသပ်ပေးခြင်းဖြင့် ပိုမိုရွှင်လန်းတက်ကြွပြီး ယုံကြည်မှုအပြည့်ရှိတဲ့ ဆယ်ကျော်သက်လေးတွေကို ပျိုးထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Credit:  yangonlife မှ ကူးယူဖော်ပြသည်။