Tuesday, October 20, 2015
ကလေးများနဲ့ ၀မ်းပျက်ဝမ်းလျှောအန္တရာယ်
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ နို့စို့အရွယ်အပါအ၀င် ကလေးတော်တော်များများမှာဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ တခါတလေမှာ မပြင်းထန်ပေမဲ့ တပတ်နီးပါးကြာအောင် ပြင်းထန် လာတဲ့အခါမျိုးမှာ စိုးရိမ်စရာအခြေအနေ ထိဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာက ဘာတွေလဲ
ကလေးဟာ ပုံမှန်အကြိမ်ရေထက်ပိုပြီး ၀မ်းသွားမယ်၊ အရည်တွေများနေမယ်ဆိုရင် ဒါဟာ ၀မ်းပျက် ၀မ်းလျှောဖြစ်တာ ဖြစ်နိုင်ပါတယ်။ ၀မ်းပျက်ဝမ်းလျောဖြစ်တဲ့အခါ ခံတွင်းပျက်ခြင်း၊ ဖျားခြင်း၊ ပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း၊ ၀မ်းထဲ သွေးပါခြင်း၊ ချွဲပါခြင်းတို့ ဖြစ်တတ်ပါတယ်။ ၀မ်းပျက်ဝမ်းလျော ရောဂါဟာ မှန်ကန်စွာကုသမှုမပြုရင် ရေဓါတ်ဆုံးရှုံးမှုများတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရပါတယ် ။ ရေဓါတ်ပြန်လည်ဖြည့်တင်းမှု မြန်မြန်လုပ်နိုင်ဖို့အထူးလိုအပ်ပြီး ဆေးရုံတက်ကုသမှု ခံယူသင့်ပါတယ်။ ၀မ်းပျက်ဝမ်းလျောဟာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တတ်တာမို့ ကူးစက်နိုင်တဲ့အတွက် အိမ်သာသုံးပြီးတဲ့အခါ ရေနွေးနဲ့လောင်းပေးသင့်ပါတယ်။
ဘာတွေလုပ်ပေးရမလဲ
ကလေးကို ဓါတ်ဆား၊ ရေ၊ ရေကျက်အေး၊ အချိုရည်အပျော့ စတာတွေ အဆက်မပြတ်တိုက်ပေး ရပါမယ်။ ဒါပေမဲ့ အချဉ်ဓါတ်ပါတဲ့သစ်သီးဖျော်ရည်တွေ အအေးတွေမတိုက်မိဖို့ သတိပြုရပါမယ်။ နို့စို့ကလေးအရွယ် ဖြစ်နေပါက နို့ကိုအဆက်မပြတ်တိုက်ပေးသင့်ပါတယ်။ ကလေးစားနေကျ အစားအစာတွေကိုလည်း ကလေးကို စားချင်လာအောင်ပြောပြပြီး နည်းနည်းပဲဖြစ်စေ တောက်လျောက်ကျွေးရပါမယ်။ အာဟာရ မှုန့်ဖျော်ပြီးကျွေးနေတာ တိုက်နေတာဆိုရင်လည်း ပုံမှန်အတိုင်းပဲ မပြောင်းမလဲ တိုက်ကျွေး သင့်ပါ တယ်။ ရေနဲ့အတူ ဆားဓါတ်တွေပါ ၀မ်းသွားတဲ့အထဲ ပါသွားတာဖြစ်တဲ့အတွက် ရေဓါတ် ဆုံးရှုံးတဲ့ အပြင် ဆားဓါတ်လည်းဆုံးရှုံးပါတယ်။
ဘယ်လိုအချက်တွေကို ကြည့်ရမလဲ
ကျန်းမာတဲ့ကလေးတွေအနေနဲ့ ခဏတဖြုတ် ၀မ်းသွားရုံ၊ အန်ရုံနဲ့ ရေဓါတ်အလွန်အကျွံဆုံးရှုံမှု မရှိနိုင်ပေမဲ့ ရေဓါတ်ဆုံးရှုံးမှုအခြေအနေကို အောက်ပါအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။
    ဆီးသွားနည်းသွားခြင်း ( နို့စို့ကလေးက၂၄ နာရီအတွင်း ဆီးသွားတာ ၄ ကြိမ်မပြည့်ခြင်း ၊ နို့စို့အရွယ်ထက်ကြီးတဲ့ကလေးက ၈ နာရီကြာတဲ့အထိ ဆီးမသွားခြင်း)
    ရေအလွန်ငတ်ခြင်း
    မျက်ရည်မထွက်တော့ခြင်း
    အသားအရည်ခြောက်ခြင်း
    ပါးစပ်၊ နှုတ်ခမ်းခြောက်ခြင်း
    နှလုံးခုန်မြန်လာခြင်း
    မျက်တွင်းချောင်လာခြင်း
    အသားပြာလာခြင်း
    နို့စို့ကလေးရဲ့ခေါင်းဦးရေပြားပျော့ပြီး ချိုင့်လာခြင်း။
ဓါတ်ဆား (သို့) ရေ၊ သကြား၊ ဆားကို သင့်တင့်အောင်ရောဖျော်ပြီး အခြေအနေပေါ်မူတည်ပြီး တိုက်ပေးသင့်ပါတယ်။ ကလေးက အရသာမကြိုက်ရင်တောင် မှ ချော့မော့ပြီးရအောင်တိုက်ပါ။ ရေသက်သက်ပဲတိုက်ရင် သွေးတွင်းသကြားဓါတ်နဲ့ ဆိုဒီယမ်ဓါတ်ချို့တဲ့သွားနိုင်လို့ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေဟာ စိုးရိမ်ရလဲ
သာမန်ဝမ်းသွားတာဆိုရင် အိမ်မှာပဲ ရေဓါတ်ဖြည့်ပေးရင်း ၀မ်းသွားတာရပ်တဲ့အထိစောင့်နိုင်ပေမဲ့ အောက်ပါအဖြေအနေဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
    ၆ လအောက်ကလေး ၀မ်းလျှောခြင်း
    အန်တာသွေးပါခြင်း
    ၄ နာရီနဲ့ ၆ နာရီကြာထိ အန်နေခြင်း
    အဖျားသွေးရှိခြင်း
    ရေဓါတ်ဆုံးရှုံးမှုများတဲ့လက္ခဏာပြခြင်း
အဲဒီ လက္ခဏာတွေအပြင် ၀မ်းပျက်ဝမ်းလျောတာ ၁ပတ်ကျော်ကြာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသ ဖို့ လိုအပ်နေပါပြီ။ ကလေးများအားလုံး ကျန်းမာကြံ့ခိုင်ရောဂါကင်းဖို့ ဆုတောင်းမေတ္တာပို့သလိုက် ရပါတယ်။
Credit: yangonlife မှ ကူးယူဖော်ပြသည်။