Sunday, October 18, 2015

ခင်ပွန်းကောင်းဖြစ်မှ ဖခင်ကောင်းဖြစ်မယ်

“မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ချိုမွှေးတာ ချစ်သမီးလေးရဲ့ ပါးမို့မို့လေးပေါ်မှာ ….. ငှက်ကလေးများရဲ့ တေးချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားချိန်မှာ …အို သမီးအတွက် ဘာမဆိုရင်ဆိုင်ရဲခဲ့ ….ရင်ထဲက ရတနာတစ်ပါး…အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား …သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ ….”  ထူးအိမ်သင်ရဲ့ ဒီသီချင်းလေးကို နားထောင်ရတိုင်းမှာဖခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာ ရဲ့ကြီးမားနက်ရှိုင်းပုံကို ခံစားမိကြမှာပါ။ မိခင်ဆိုတာ ရင်သွေးကို ၀မ်းထဲမှာ စတင် လွယ်ပိုး သွေးချင်းဆက်ထားသလိုပဲ ဖခင်ဟာလည်း ရင်သွေးကို မိခင်ဗိုက်ထဲမှာကတည်းက အရမ်းကို ချစ်မြတ်နိုးနေတတ်ကြပါတယ်။ ဒါပေမဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကြိုတင်လေ့လာပြီး ပြင်ဆင်ထားကြပါရဲ့လား။

မိန်းမအများစုဟာ သဘာဝကိုက မိခင်စိတ် ရှိခြင်း၊ အိမ်မှုကိစ္စတော်တော်များများကို အပျိုဘ၀ ကတည်းက တာဝန်ယူလုပ်ခဲ့ရခြင်းစတဲ့ အချက်တွေ ကြောင့် မိန်းကလေးတော်တော် များများဟာ ဇနီးတာဝန်၊ မိခင်တာဝန်တွေကို အလိုလိုသိမြင်တတ် မြောက်ပြီး ဖြစ်နေတတ်ပါတယ်။ ခင်ပွန်းကောင်း ဖခင်ကောင်းဖြစ်ဖို့ လူပျိုဘ၀တည်းက ကြိုတင် လေ့လာထားတဲ့ ယောက်ျားတွေရှိနိုင်ပေမဲ့ ယောကျာ်းအများစု ကတော့ မိသားစု ဘ၀နဲ့ မိဘတာဝန် စတာတွေကို ကြိုတင်လေ့လာထားခြင်း မရှိတဲ့အတွက် သားသမီးလေး တွေက “ပေပေ” ဆိုပြီး မပီကလာပီကလာ ခေါ်တတ်လာမှသာ ဖခင်ဘ၀ကို စတင်လက်ခံလေ့ရှိကြ ပါတယ်။ ခင်ပွန်းတာဝန်ကို ကျေပွန်သူဟာ ဖခင်တာဝန်ကိုပါ ကျေပွန်တဲ့သူ အလိုလိုဖြစ်သွားမှာပါပဲ။ မိခင် ဖခင် နှစ်ဦးစိတ်သဘောညီမျှ ချစ်ကြတဲ့ မိသားစုရဲ့ သားသမီးဖြစ်ရတာလောက် ကံကောင်းတာဟာ မရှိတော့ပါဘူး။ အနာဂတ်ရဲ့ ရတနာလေးများ ကံကောင်းခြင်းများစွာကို ဖန်တီးပေးနိုင်တဲ့ ပဉ္စလက်ပိုင်ရှင် ဖေဖေတွေအတွက် ရင်သွေးကိုယ်ဝန်နဲ့ ဖေဖေ့တာဝန်  ကို သိထား သမျှ ရေးသား  တင်ပြလိုက်ပါတယ်။

ပထမဆုံးရင်သွေးကို ကိုယ်ဝန်ဆောင်ရချိန်ဟာ မိခင်လောင်းအတွက်  ကြည်နူးမှု၊ စိုးရိမ် ပူပန်မှု၊ ပျော်ရွှင်မှု စတဲ့ ခံစားချက်များစွာရောပြွမ်းနေတဲ့ မမေ့နိုင်စရာ ကာလတစ်ခုဖြစ်ပါတယ်။ ဒီလိုကာလမှာ ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို အထူးလိုအပ်ကြပါတယ်။ ရင်သွေးလေးရဲ့ဖခင်အနေနဲ့ပါ ပိုမိုမျှော်လင့်တတ်ကြတာမို့ ဖခင် လောင်းတွေအနေနဲ့ အမှုမဲ့အမှတ်မဲ့နေမိရင် ကလေးကို မချစ်ဘူးလို့တောင် ထင်မြင်ပြီး ၀မ်းနည်းတတ်ကြပါ တယ်။ ကိုယ်ဝန်ဆောင်ကာလကို မိခင်လောင်းရဲ့တာဝန်ပဲလို့ မယူဆပဲ ကိုယ်တိုင်ပါဝင်တာဝန်ယူမှသာ ဖခင်ကောင်း ပီသမှာဖြစ်ပါတယ်။

    ကိုယ်ဝန်ကို ဆေးခန်းသွားပြတိုင်း လိုက်သွားပေးပြီး ဆရာဝန်နဲ့ကိုယ်တိုင်ဝင်ဆွေးနွေးပါ။ ကိုယ်ဝန်ဆောင်သင်တန်းတွေ ဇနီးက တက်တဲ့ အခါ လိုက်သွားပြီးကိုယ်တိုင်တက်ရောက် သင်ယူပါ။
    ကိုယ့်ဇနီးအပေါ်မှာ အရင်ထက်ပိုတဲ့ သည်းခံစိတ်ရှည်နိုင်မှု၊ နားလည်ပေးနိုင်မှု နဲ့ ကူညီ အားပေးမှု တွေကို စတင်လေ့ကျင့်ပါ။ ကိုယ်ဝန်ဆောင်တွေဟာ ဟော်မုန်းအပြောင်း အလဲကြောင့် စိတ်ခံစားချက်များ နုနယ်နေတတ်ပါတယ်။
    ကလေးကို မိခင်ဗိုက်ထဲမှာကတည်းက စကားပြောပေးပါ။ စာဖတ်ပြပါ။ အဲလိုလုပ်ခြင်းဖြင့် ကလေးဟာ ဖခင်ရဲ့အသံကို မှတ်မိနေမှာဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးကိုလိုက်ပွတ်သပ် ရင်း ဇနီးနဲ့ ပျော်ရွှင်ကြည်နူးစရာအချိန်တွေကို ဖြတ်သန်းပေးခြင်းဖြင့် ဇနီးရဲ့စိတ်လုံခြုံမှု တိုးပွားလာပြီး အားတွေပိုရှိလာစေပါတယ်။
    ဇနီးသည်မီးဖွားခန်းမ၀င်ခင်ကတည်းက မီးဖွားခန်းထဲ ကိုယ်တိုင်လိုက်နိုင်အောင်၊ တခြားလူတွေထက် ကိုယ်က အနီးဆုံးမှာနေပေးနိုင်အောင် ကြိုတင်စီစဉ်ထားသင့်ပါတယ်။ နှစ်ဦးလုံးပိုင်ဆိုင်တဲ့ ဒီရင်သွေး လေးကို လောကကြီးထဲရောက်ရောက်ချင်းကြိုဆိုနိုင်ဖို့နဲ့ ချစ်ဇနီးကို အားပေးကူညီဖို့ ခင်ပွန်းသည်ကို အရမ်းလိုအပ်ပါတယ်။

ကလေးမွေးဖွားလာပြီးတဲ့အချိန်မှာလည်း ကလေးလေးကို နို့တိုက်တာဝန်ကို မေမေက ယူရတဲ့အတွက် ဖေဖေကဘာသိဘာသာနဲ့ အိပ်ရေးပျက်တာမျိုးတောင် မရှိတာလည်း  ရှိတတ်ပါတယ်။ မီးဖွားပြီးခါစ မိန်းမဟာ ဟော်မုန်းအပြောင်းအလဲဒဏ်၊ သားအိမ်အနေအထားပြောင်း လဲမှုဒဏ်တွေကို ခံရတဲ့အပြင် ကလေးကို နို့တိုက်ကျွေးနေရတဲ့အတွက် အစားအသောက် အနေအထိုင်အထူးသတိထားရတဲ့အတွက် စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းလှပါတယ်။ ဒါကြောင့် ကလေးအတွက် တာဝန်တော်တော်များများကို ဖေဖေက ယူသင့်ပြီး ကလေးက နို့ဆာတာကြောင့် မဟုတ်ပဲ အိပ်မပျော်တာတွေ အိပ်ချိန်လွဲတာတွေရှိလာခဲ့ရင် အဖေက တာဝန်ယူချော့သိပ်ပေးသင့် ပါတယ်။ ကလေးကိစ္စ ကူမယ့်သူ မိဘဆွေမျိုးတွေကို ခေါ်ထားပြီး ဖခင်က တာဝန်သိပ်မယူတာဟာ သားသမီးနဲ့သံယောဇဉ်ချိတ်ဆက်မှု နည်းစေနိုင်ပါတယ်။ ကလေးအများစုဟာ အမေပွေ့မှ အငိုတိတ်တယ်ဆိုတာ အမေကချည်းပဲအမြဲချီပိုးထားတာကြောင့်လည်း ပါပါတယ်။ တကယ်တော့ ဇနီးကိုချစ်မြတ်နိုး ငဲ့ညှာတတ်တတ်တဲ့ ခင်ပွန်းကောင်းတိုင်းဟာ ဇနီးနဲ့အတူ သားသမီးကရိကထ ကို ညီမျှစွာခံရင်း သားသမီးအပေါ်တာဝန်ကျေတဲ့ ဖခင်ကောင်းဖြစ်လာမှာ မလွဲမသွေပါပဲ။

Credit: yangonlife မှ ကူးယူဖော်ပြသည်။