Monday, October 19, 2015

ခင်ပွန်းသည်အနေနဲ့ မိမိရဲ့ ဇနီးသည်ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ မပြောသင့်တဲ့ စကားလေးတစ်ချို့











အမျိုးသမီးတွေ အတွက် ကိုယ်ဝန်ဆောင်ကာလ ဟာ ခက်ခဲတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။အဲဒီလိုအချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ စိတ်ဖိစီးမှုလည်းများတတ်ပါတယ်။ဒါကြောင့် အမျိုးသားခင်ပွန်းသည်များအနေနဲ့ မိမိတို့ရဲ့ ဇနီး ကိုယ်ဝန်ဆောင်နေချိန်မှာ ဇနီးသည်တို့ရဲ့စိတ်ကို အထိအခိုက်မဖြစ်စေဖို့ ရှောင်ကြဉ်သင့်တဲ့စကားလေးအချို့ ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) “မနေ့ည က ငါ အိပ်လို့ကောင်းလိုက်တာ”ဆိုတဲ့စကားမျိုး မပြောမိဖို့ ရှောင်ကြဉ်ပါ။

င်္ဒီစကားလေးက သာမန်လူတစ်ယောက်အတွက် ဘာမှ စိတ်အနှာင့်အယှက်ဖြစ်စရာ စကားမဟုတ်ဘူးဆိုတာ လူတိုင်းနားလည်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အတွက် ဒီစကားလေးက သူမအတွက် အဆင်မပြေတဲ့ စကားလေးဖြစ်နေပါတယ်တဲ့။ အထူးသဖြင့် ခင်ပွန်းသည်တစ်ယောက်ဆီမှ ဒီလိုစကားမျိုးကို ကိုယ်ဝန်ဆောင်ဇနီးသည်တွေဟာ ဘယ်လိုမှ မကြားချင်ကြပါဘူး။ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်ဆောင်ကာလ ဟာ တကယ့်ကို သက်တောင့်သက်သာ မရှိလှဘဲ ပင်ပန်းလွန်းလို့ပါဘဲ။သူများတွေ သက်တောင့်သက်သာနဲ့ အိပ်ပျော်နေနိုင်ချိန်မှာ ကိုယ်ဝန်ကြီးနဲ့ အမျိုးသမီးတွေအတွက်တော့ လွယ်လွယ်ကူကူ အိပ်စက်နိုင်ဖို့ဆိုတာ တကယ်မလွယ်ကူလှပါဘူး။ ဗိုက်ထဲမှ ကလေးက ကန်လိုက်ဆောင့်လိုက် နဲ့ မကြာခဏ ဆီးသွားလိုက်နဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေနဲ့က အိပ်ရေးဝဝ မအိပှ်နိုင်ကြပါဘူး။ဒီလိုအချိန်မျိုး မှာ မိမိ ရဲ့ခင်ပွန်းသည်တွေဆီမှ “ ညက အိပ်လို့ကောင်းလိုက်တာဆိုတဲ့ စကား”က ဇနီးသည်အတွက် ခံစားစရာလေးဖြစ်နေပါတယ်။ ဒါကြောင့် ခင်ပွန်းသည်များအနေနဲ့ မိမိ ရဲ့ ဇနီးသည် ကိုယ်ဝန်ဆောင်နေချိန်မှာ အခုလို အခက်အခဲမျိုး ကြုံနေရချိန်မှာ ဒီလိုစကားမျိုးကို မပြောမိဖို့ ရှောင်ကြဉ်သင့်ပါတယ်။

(၂) “မင်းဘယ်လိုခံစားနေရသလဲဆိုတာ ငါသိပါတယ်” ဆိုတဲ့ စကားမျိုး ကိုရှောင်ကြဉ်ပါ။

ဒီလိုစကားမျိုးကိုလည်း မပြောမိဖို့ လိုပါတယ်။ ခင်ပွန်းသည်အနေနဲ့ စာနာမှုကိုဖော်ပြဖို့ ကြိုးစားပေမယ့် ဇနီးသည်အနေနဲ့ ဒီလိုအချိန်မှာ ဒီလိုစကားမျိုးကို နားလည်ဖို့ခဲယဉ်းနိုင်ပြီး စိတ်ထဲမှာ အဆင်မပြေမှုလေးတွေ ခံစားရတတ်ပါတယ်။ ဥပမာ - ကျမ ခံစားနေရတာကို ရှင်ဘယ်လိုလုပ် သိနိုင်မှာလဲဆိုတဲ့ စိတ်ခံစားမှုလေးတွေဖြစ်ပေါ်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် စကားလေးနဲ့ ပြောနေတာထက် လက်တွေ့ နွေးနွေးထွေးထွေးလေး ကြင်နာယုယပေးလိုက်ခြင်းက ဇနီးသည်အတွက် အင်အားအရှိဆုံးဘဲဖြစ်ပါတယ်။

(၃) အစားအသောက် ကိုကန့်သတ်တဲ့စကားမျိုး မပြောမိဖို့ ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင်နေချိန်မှာ အမျိုးသမီးများအနေနဲ့ အစားအသောက်ပျက်နေတဲ့ကာလလွန်မြောက်သွားရင် အရာရာတိုင်းဟာ စားချင်စရာလိုဖြစ်နေတတ်ကြပါတယ်။ စားချင်တဲ့အာသီသဖြစ်လာခဲ့ရင်လည်း အဲဒီအစားအစာကို အားရပါးရစားတတ်ကြပါတယ်။ဒီလို အာသီသဆန္ဒပြင်းပြနေချိန်မှာ ခင်ပွန်းသည်အနေနဲ့ ဟိုဟာ မစားရ ဒီဟာ မစားနဲ့လို့ ကန့်သတ်ချုပ်ချယ်ခြင်းဟာ လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် စိတ်ထိခိုက်ခံစားရမှုကို ဖြစ်စေတတ်ပါတယ်။ဒါကြောင့် မိမိတို့ရဲ့ အမျိုးသမီး ကြိုက်တဲ့ အစားအသောက်တွေကို မကန့်သတ်ဘဲ သူမရဲ့ ဆန္ဒအတိုင်း စားသောက်ခွင့်ပြုလိုက်ခြင်းက အကောင်းဆုံးဘဲဖြစ်ပါတယ်။

(၄) မိမိစိတ်ထင်တာကို လျောက်မပြောမိဖို့ ရှောင်ကြဉ်ပါ။

မိမိတို့ရဲ့ ဇနီးသည်များ ကိုယ်ဝန်ဆောင်နေချိန်မှာ ကိစ္စတစ်စုံတစ်ရာ ဟာ အမှန်တကယ်ဖြစ်နေခဲ့ရင်တောင် အမျိုးသမီးအား သက်ရောက်မှု ဖြစ်စေမယ့်အရာဆိုလျင် မပြောမိဖို့ ရှောင်ကြဉ်သင့်ပါတယ်။

(၅)ဇနီးသည်ရဲ့ ကိုယ်ဝန်ဆောင်အနေအထားကို မစနောက်မိပါစေဖို့ ရှောင်ကြဉ်ပါ။

အမျိုးသမီးအများစု ဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာ ခြေထောက်တွေ ဖောရောင်တာကို ကြုံတွေ့ကြရပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မိမိဇနီးရဲ့ ကိုယ်မူဟန်အနေအထားကို ဝေဖန်တာတွေ၊ စနောက်တာတွေကို မပြုလုပ်မိဖို့ ရှောင်ရှားသင့်ပါတယ်။ ဒါတွေဟာအလှအပကိုခုံမင်နှစ်သက်တတ်တဲ့ အမျိုးသမီးများအတွက် မထင်မှတ်မိတဲ့ စိတ်ထိခိုက်စရာလေးတွေဖြစ်တတ်ပါတယ်။

(၆)မွေးဖွားခြင်းနဲ့ပတ်သက်ပြီး မိမိတို့ရဲ့ အလိုဆန္ဒအတိုင်းမပြောမိဖို့ ရှောင်ကြဉ်ပါ။

ခွဲစိတ်မွေးဖွားတာက ဈေးကြီးလွန်းတယ်။ သဘာဝအတိုင်းမွေးဖွားတာက ပိုကောင်းမယ်ဆိုတဲ့ မိမိရဲ့ အလိုဆန္ဒကို လည်း မပြောမိဖို့ ရှောင်ရှားသင့်ပါတယ်။ ပြီးတော့ ဒီလို အမြဲတမ်း ကိုယ်ဝန်ဆောင် နေရင်ပိုကောင်းမယ်ဆိုတဲ့ စကားမျိုး ကို လည်း မပြောမိဖို့ ရှောင်ရှားသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိခင်စိတ်အပြည့်အဝကြောင့် ကိုးလလွယ်ဆယ်လဖွား ဘဝ ကို ရင်ဆိုင်ဖြတ်သန်းနိုင်ကြပေမယ့် အမြဲတမ်းကိုယ်ဝန်ဆောင်ရခြင်းဘဝကို နှစ်သက်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုမျိုးအပြောအဆိုတွေကိုလည်း ဇနီးသည်အား မပြောမိဖို့ ရှောင်ရှားစေလိုပါတယ်။

ဒါတွေဟာ ခင်ပွန်းသည်များ အနေနဲ့ စကားတွေကို မပြောမိခင် မှာ အရင်ဆုံးကြိုတင်စဉ်းစားပြီး ရှောင်ရှားစရာလေးတွေဘဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ခင်ပွန်းသည်များ အနေနဲ့ ပြောလိုက်တဲ့ စကားတွေက ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ရပေမယ့် ဇနီးသည်တွေ အတွက် အရင်နဲ့ မတူတဲ့ စိတ်ဓာတ်ခံစားချက်လေးတွေကြောင့် မိမိရဲ့ အပြောအဆို တစ်ချက်မှာ အများကြီးခံစားတတ်နိုင်တယ်ဆိုတာ နားလည်သဘောပေါက်ပြီး မိခင် ကျန်းမာရေးကောင်းမွန်မှ ကလေးရဲ့ ကျန်းမာခြင်းဆီသို့လှမ်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မိမိတို့ရဲ့ ဇနီးသည်များ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ပျော်ရွှင်ကျန်းမာနိုင်ဖို့ ဒီရှောင်ရှားစရာစကားလေးတစ်ချို့ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Credit: yangonlife မှ ကူးယူဖော်ပြသည်။