Monday, October 26, 2015

မျက်လုံးက ပြောသော ကျန်းမာရေး

  မျက်လုံးသည် စိတ်တံခါးပေါက် ဆိုတာထက် ပိုသော အဓိပ္ပာယ်များ၊ သက်ရောက်မှုများ ရှိသည်။ သို့ဖြစ်သောကြောင့် ကိုယ့်မျက်လုံးကိုယ် ဂရုစိုက်ပါလေ။

မျက်လုံး အနေအထား ပြောင်းလဲမှု သေးသေးလေးများသည် တစ်ကိုယ်လုံး ကျန်းမာရေးကို ညွှန်ပြနိုင်စွမ်းရှိ၏။ မျက်လုံးသည် စိတ်တံခါး ပေါက်သာမက
ခန္ဓာကိုယ်၏ တံခါးပေါက်လည်း ဖြစ်၏။ သို့ဖြစ်ရာ ကိုယ့်မျက်လုံးမှာ သံသယဖြစ်စရာ အပြောင်းအလဲလေးတွေ ပေါ်လာပါက ကိုယ်ပြနေကျ ဆရာဝန်ထံ ဆက်သွယ်ကာ အကြံပြု ဆွေးနွေးပါလေ။
မျက်ခွံပေါ်မှာ အ၀ါစက်လေးတွေ ပေါ်လာရင်။
အ၀ါစက်လေးများ ပေါ်ခြင်းသည် ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောဓာတ် များနေခြင်း ပြယုဂ်ဖြစ်သည်။ ကိုလက်စထရော များနေခြင်းသည် နှလုံးရောဂါ ဖြစ်ပွားစေမည့် အဓိက အကြောင်းရင်း ဖြစ်သည်။ သို့ဖြစ်ရာ မျက်ခွံပေါ်မှာ အ၀ါစက်လေးများ တွေ့လာပြီဆိုလျှင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိလာပြီဟု မျက်လုံးက ကြိုတင် သတိပေးခြင်း ဖြစ်သည်။ ကျွမ်းကျင် ဆရာဝန်ထံ ပြသကာ အကြံဉာဏ် တောင်းခံပါ။

နေထိုင် စားသောက်ပုံ ကျန်းမာအောင် ဂရုစိုက်ပါ။ ဒိန်းမတ် နိုင်ငံတွင် လူပေါင်း (၁၃၀၀၀) ကို  စစ်တမ်း ကောက်ကြည့်သည်။ ပါဝင်သူများ၏ (၄) ရာခိုင်နှုန်းသည်  မျက်ခွံပေါ်တွင် အ၀ါစက်လေးများ ပေါ်နေကြောင်း တွေ့ခဲ့ရသည်။ ထိုသို့ အ၀ါစက်လေးများ ပေါ်နေသူများ၏ (၇၀) ရာခိုင်နှုန်းထိသည် သွေးကြောများ မာကြော တောင့်တင်းလာမည့် အလားအလာ ပိုရှိကြောင်း တွေ့ရသည်။

 သွေးကြောများ မာကြော တောင့်တင်းလာခြင်းသည် သွေးကြောများထဲတွင် အဆီဓာတ်များ စုပုံ အနည်ထိုင်လာခြင်း ပြယုဂ်ဖြစ်သည်။ ထို (၇၀) ရာခိုင်နှုန်း အနက် (၅၀) ရာခိုင်နှုန်းသည် အ၀ါစက် မရှိသူများနှင့် ယှဉ်လျှင် နောက်ဆယ်စုနှစ်များအတွင်း နှလုံးရောဂါဖြစ်ပွားနှုန်း ပိုများလာကြကြောင်း  တွေ့ရှိထားသည်။

မျက်ခွံတွေ ထူအန်းနေရင်။
မျက်ခွံတွေ ထူအန်းနေပြီဆိုလျှင် ကိုယ့်သွေးထဲမှာ ဓာတ်မတဲ့မှု ဖြစ်ပွားနေသည့်  လက္ခဏာဖြစ်သည်။ ဓာတ်မတဲ့မှုကြောင့် သွေးကြောများ ဖောင်းတက်လာခြင်း ဖြစ်သည်။ အကျိုးဆက်အဖြစ် ပထမဆုံး ထင်ရှားသည်မှာ မျက်ခွံတွေ ဖောင်းတက် မို့မောက်လာခြင်း ဖြစ်သည်။ မျက်ခွံသည် နူးညံ့သည့် အရေပြားနှင့် သွေးကြောတို့ဖြင့် ဖွဲ့စည်းထားသည့် အတွက် မျက်ခွံနေရာမှ သွေးကြောများသည် ဦးဆုံး ညိုမည်းဖောင်းတက်လာခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပြီဆိုလျှင် မိမိသည် ဓာတ်မတဲ့သည့် အစားအစာ သို့မဟုတ် သောက်ဆေး၊ လိမ်းဆေးမျိုးနဲ့ ထိတွေ့ထားသလား ပြန်သုံးသပ် ဆင်ခြင်ရမည်။

မျက်လုံး ပြူးထွက်လာရင်။
လည်ချောင်းထဲတွင် ရှိသော သိုင်းရွိုက်ဂလင်းသည် ပိုမှန်ထက် ပိုအလုပ်လုပ်ကာ ဟော်မုန်းများ ပိုထွက်ရှိနေလျှင် မျက်လုံးပြူး ထွက်လာတတ်သည်။ ထိုသို့သော အခြေအနေမျိုးကို ဆေးပညာက အိပ်ဇိုသာမိုဟု ခေါ်ဝေါ်သည်။ အိပ်ဇိုသာမို ဖြစ်ပွားသူများသည် မျက်လုံးပြူးထွက်ခြင်း အပြင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း၊ စိတ်ဂယောက်ဂယက် ဖြစ်ခြင်း၊ သွေးခုန်နှုန်း မြန်လွန်းခြင်း၊ ကျလွန်းခြင်း စသော ပုံမမှန်မှု ခံစားရခြင်းများလည်း ဖြစ်ပွားတတ်သည်။ အိပ်ဇိုသာမိုသည် အထူးသဖြင့် အမျိုးသမီးများတွင် အဖြစ်များတတ်ကြောင်း သိရသည်။

မျက်နက်ကွင်းမှာ အညိုဝိုင်းပေါ်လာရင်။
 စာဖတ်သူ၏ မိသားစုသည် နှလုံးရောဂါ သမိုင်းရှိသည် ဆိုပါက မျက်ကြည်လွှာ မျက်နက်ကွင်း တစ်ဝိုက်မှာ အညိုဝိုင်း ပေါ်လာခြင်းသည် သတိထားရမည့် ကိစ္စဖြစ်သည်။ ထိုသို့ ပေါ်လာခြင်းသည် သွေးတွင်း ကိုလက်စထရောဓာတ် အလွန်မြင့်နေခြင်း သတိပေးချက် ဖြစ်သည်။

ထိုသို့ ပေါ်လာခြင်းသည် နှလုံးဖောက်ပြန်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ ပိုများလာခြင်းကို ညွှန်းဆိုခြင်းလည်း ဖြစ်သည်။ စားသောက် နေထိုင်မှုပုံစံများကို ကျန်းမာရေးနှင့် လျော်ညီအောင် ဆင်ခြင်ဖို့ အရေးကြီး သတိပေးချက်လည်း ဖြစ်သည်။

သတိထားမိပြီး ရက်ပိုင်းအတွင်း အညိုဝိုင်း ဆက်ရှိနေဦးမည်ဆိုလျှင် သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသကာ သွေးတွင်း ဖက်တီး အက်စစ်ဓာတ် နှင့် ကိုလက်စထရောဓာတ်ကို စစ်ဆေးကြည့်သင့်သည်။ မျက်နက်ကွင်းမှာ အညိုဝိုင်းပေါ်ခြင်း ဖြစ်စဉ်သည် အသက် (၆၀) အထက်များတွင် ပိုဖြစ်ပွားတတ်သည်။

Credit: messenger မှ ကူးယူဖော်ပြသည်။