Thursday, October 29, 2015

အချိန်ကို အကျိုးမဲ့ မကုန်ဆုံးစေဖို့ အလေးထားသင့်တဲ့အရာများ

ကျွန်ုပ်တို့ရဲ့အချိန်တွေကို ဘယ်လိုအရာတွေအတွက် သုံးနေကြပါသလဲ။ လူတိုင်းဟာ စားဝတ်နေ ရေးအတွက် အလုပ်လုပ်ရင်း အချိန်တွေကုန်နေကြပေမဲ့ အေးအေးဆေးဆေး အားလပ်နေချိန် ဟာ၂၄ နာရီမှာ အနည်းဆုံး ၅ နာရီခန့်ရှိတတ်ကြပါတယ်။ အဲဒီအချိန်တွေကို ဘယ်လိုအသုံးချနေ သလဲဆိုတဲ့အပေါ်မူတည်ပြီး ကျွန်ုပ်တို့ရဲ့ဘ၀တန်ဖိုးတွေ ကွာခြားသွားကြမှာဖြစ်ပါတယ်။ ဒီတော့ အချိန်ကိုအကျိုးမဲ့ မကုန်ဆုံးစေဖို့ ဘယ်လိုအရာတွေကို အလေးထားသင့်လဲ ဆန်းစစ်ကြည့်ကြပါ စို့နော်။

TV ကြည့်ခြင်း  နဲ့ စာဖတ်ခြင်း

TV ကြည့်ခြင်းကို အပန်းဖြေမှုတစ်ခုအနေနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စွဲလမ်းမှုတစ်ခုဖြစ်လာခဲ့ ပါတယ်။ အမေရိကန်နိုင်ငံမှ စစ်တမ်းကောက်ယူမှုအရ လူတစ်ဦးဟာ တစ်နေ့မှာ TV ကြည့်ချိန် ၃ နာရီနီးပါးရှိတယ်လို့ဆိုပါတယ်။ လူ့သက်တမ်းအရ တွက်ချက်ရင် TV ကြည့်ချိန်ဟာ ၉ နှစ်ခန့်ရှိ တယ်လို့သိရပါတယ်။ အဲဒီအချိန်တွေမှာ စာဖတ်ခြင်းနဲ့သာ တတ်နိုင်သလောက်အစားထိုးနိုင်ခဲ့ရင် စိတ်လည်းပျော်ရွှင် အသိပညာလည်းတိုးမှာဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ ကမ္ဘာလောက အကြောင်း၊ လူတွေအကြောင်းတွေကို သိလာစေနိုင်တဲ့အပြင် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်နိုင်စွမ်းပါ တိုးလာပြီး မိမိကိုယ်ကိုပိုမိုနားလည်လာမှာဖြစ်ပါတယ်။

မိသားစု နဲ့ အလုပ်

မိသားစုဟာ လူတိုင်းရဲ့ဘ၀မှာ ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ကျွန်ုပ်တို့တွေ ဘ၀မှာ ကြိုးစား ပမ်းစားရုန်းကန်လှုပ်ရှားနေတာဟာ မိသားစုအတွက်ပဲမဟုတ်ပါလား။ ဒါပေမဲ့ အလုပ်တာဝန်တွေ ရဲ့နောက် တကောက်ကောက်လိုက်ရင်းနဲ့ မိမိအလေးထားတဲ့မိသားစုကို လျစ်လျူရှုမိလာတတ်ကြ ပါတယ်။ ငွေကြေးပြည့်စုံမှုဘယ်လောက်ပဲရှိပါစေ မိသားစုနဲ့အတူရှိနေချိန်လောက် မပြည့်စုံနိုင်ပါ ဘူး။ မိသားစုရဲ့နွေးထွေးမေတ္တာကသာ ဘ၀ရဲ့အခြေခံအကျဆုံးလိုအပ်ချက်တွေကို ပြည့်ဝစေ နိုင်တာဖြစ်လို့ မိသားစုနဲ့နေချိန်ဟာ အဖိုးတန်ဆုံးပါပဲ။

ရယူခြင်း နဲ့ ပေးလှူခြင်း

ဘ၀မှာ လူတွေကို ကူညီပေးလှူရခြင်းဟာ တကယ့်ပျော်ရွှင်မှုအစစ်အမှန်ဖြစ်ပြီး မိမိကိုယ်ကို ကျေနပ်ကာ ပိုမိုကြိုးစားလိုစိတ်ရှိလာပါတယ်။ “ရလေလိုလေ အိုတစ္ဆေ” စိတ်နဲ့ မိမိအတွက်ချည်းပဲ ကုန်းရုန်းရှာဖွေရယူနေတာမျိုးမဟုတ်ပဲ မိမိထက်ချို့တဲ့သူ သို့မဟုတ် အကူအညီလိုအပ်နေသူတွေ ကို တတ်နိုင်သမျှကူညီခြင်းဖြင့် ကိုယ့်အချိန်တွေဟာ ပိုမိုတန်ဖိုးရှိလာမှာဖြစ်ပါတယ်။

ငွေကြေးချမ်းသာမှု နဲ့ စိတ်ချမ်းသာမှု

ပိုက်ဆံတွေအများကြီးရှာနိုင်ပြီး စိတ်ရောကိုယ်ပါ မကျန်းမာမပျော်ရွှင်သူတွေ အများကြီးရှိကြတာ တွေ့ဖူးကြမှာပါ။ အလုပ်တွေပိတဲ့အခါ စိတ်ဖိစီးမှုတွေများလာပြီး မပျော်ရွှင်နိုင်တော့ပဲ ဘ၀ပန်းတိုင် ရှာမတွေ့ပဲပျောက်ဆုံးသွားတတ်ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ကျန်းမာပျော်ရွှင်အောင် အလုပ်နဲ့ဘ၀ကို ထိန်းညှိပြီး စိတ်ချမ်းသာမှုကိုရှာဖွေရင်း ဘ၀ပန်းတိုင်ကိုရှာဖွေရင်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချသင့်ပါတယ်။

လက်တွေ့လုပ်ခြင်း နဲ့ ရွှေ့ဆိုင်းခြင်း

အပြည့်စုံဆုံး အချိန်အခါကောင်းဆိုတာကို စောင့်ဆိုင်းရင်း အလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့လုပ်နေ ခြင်းဟာ အန္တရာယ်များတဲ့ အချိန်ဖြုန်းခြင်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့ဆန္ဒအိပ်မက်တွေကို အကောင်အ ထည်ဖော်ဖို့အကောင်းဆုံးကတော့ အချိန်မရွှေ့ပဲ လက်တွေ့ကျကျ လုပ်ဆောင်လိုက်ခြင်းပါပဲ။

အပျော်ချစ်သူထားခြင်းနဲ့ ပညာရှာခြင်း

ပညာရှာတယ်ဆိုတာ စာအုပ်ထဲကစာတွေကိုဖတ်ရုံတင်မဟုတ်ပဲ လူမှုဘ၀ရဲ့ အဖြစ်အပျက်တွေ၊ ကမ္ဘာကြီးရဲ့အကြောင်းအရာတွေကို လက်တွေ့ကျကျလေ့လာခြင်းလည်းပါဝင်ပါတယ်။ မိမိဘ၀ အတွက် ပညာရှာနေချိန်မှာ လက်တွဲဖော်ကောင်းနဲ့ တွေ့ဆုံလက်တွဲတာမျိုး ဖြစ်သင့်ပေမဲ့ အပျော်ချစ်သူထားတာမျိုးကတော့ အချိန်ကိုအကျိုးမဲ့စွာအသုံးပြုခြင်းတမျိုးပါပဲ။

Credit: yangonlife မှ ကူးယူဖော်ပြသည်။