Friday, October 23, 2015

ဒါဟာ မိဘတွေအတွက် နည်းပညာ အထောက်အကူနဲ့ ကလေးထိန်းကျောင်းနည်း အသစ်လား ?










ကလေးလေးတွေဟာ ကြိုတင်မှန်းဆရခက်တတ်ပြီး အရမ်းလည်း ရှုပ်ပွအောင် ကစားတတ်ကြ ပါတယ်။ ချက်ချင်းကြီး အပြောင်းအလဲလည်း မြန် တတ်ကြပါသေးတယ်။ အိပ်ရေး၀၀မအိပ်ရရှာပဲ ကလေးကို အမြဲတမ်း နေ့နေ့ ညည စောင့်ကြည့်နေရတဲ့ မိဘတွေအတွက် ဖြေရှင်းပေးမဲ့နည်းလမ်း တွေကို သိပ္ပံနည်းကျ စမ်းသပ်လေ့လာချက်တွေပြုလုပ်ပြီး အချက်အလက်တွေ စုဆောင်းနေကြ ပါတယ်။

အကျဉ်းသားတွေကို ခြေရာခံစောင့်ကြည့်ဖို့ အသုံးပြုတဲ့ လျှပ်စစ်ခြေပတ်ကို အခြေခံပြီး လေးဘက်တွားအရွယ်နဲ့ ထိုအရွယ်အောက်ကလေးတွေကိုလည်း ခြေရာခံစောင့်ကြည့်နိုင်ဖို့ ခြေပတ်လေးတွေကို ချစ်စဖွယ် ဒီဇိုင်း၊ လှပတဲ့အရောင်လေးတွေနဲ့ တီထွင်လိုက်ပါပြီ။

ကလေးခြေပတ်လေးတွေဟာ ကလေးရဲ့နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်တွေကို အမြဲမပြတ်စောင့်ကြည့် မှတ်တမ်းတင်ပေးတဲ့အပြင် ကလေးဟာ လှုပ်ရှားနေလား၊ မျက်နှာမှောက်ရက် အိပ်ပျော်နေလားဆိုတာတွေကိုပါ သတင်းပို့ပေးပါတယ်။ ကလေးရဲ့အခန်းထဲမှာ စိုထိုင်းဆများနေလား၊ ဆူညံမှုများနေလား၊ အပူချိန်များနေလား စတာတွေကိုပါ မှတ်တမ်းတင် သတင်းပို့ပေးပါတယ်။ အကောင်းဆုံးအချက်ကတော့ ကလေးရဲ့ အပြုအမူတွေကို လေ့လာပြီး ကလေးနဲ့လိုက်လျော ညီထွေဖြစ်အောင် ပြောင်း လဲပေးတဲ့အချက်ပါပဲ။

ဥပမာပြောပြရရင် အဲဒီ ခြေပတ်လေးဟာ ကလေးငယ်အိပ်တတ်တဲ့အချိန်နဲ့ ကြာရှည်မှုကို လေ့လာပြီးနောက် အခန်းအ ပူချိန်ကို ၂ ဒီဂရီခန့်လျှော့လိုက်ရင် ကလေးက မိနစ် ၂၀ ခန့်ပိုအိပ်မှာဖြစ်ကြောင်း သူ့အလိုလို နားလည်သိရှိသွားပြီး မိဘများဖတ်ရှုတဲ့ မော်နီတာဖန်သား ပြင်မှာ သတင်းပို့ပေးပါတယ်။ အသံတွေဆူညံလာရင်လည်း ဒီအသံတွေကြောင့် ကလေးနိုးသွားနိုင် ကြောင်း မိဘများထံ သတင်းပို့ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးအိပ်နေရင် ကလေးအနားမှာချည်းပဲ နေစရာမလိုပဲ တခြားအလုပ်တွေလုပ်ရင်း ကလေးကို စောင့်ကြည့်ပေးထားတဲ့ မော်နီတာ ဖန်သားလေးကို ကြည့်နေပြီး လိုအပ်လာမှ သွားလုပ်ပေးရုံပါပဲ။

ဒါပေမဲ့ ဒီ Sproutling ကလေးစောင့်ကြည့်ကိရိယာကို ဈေးကွက်မှာ မိတ်ဆက်တင်သွင်းဖို့ စိတ်ပူပန်မှုအချို့ရှိနေပါသေးတယ်။ အခုခေတ်မှာ ကလေးတွေလည်း iPad နဲ့ပဲ အလုပ်ရှုပ်နေပြီး မိဘတွေလည်း ကိုယ့်ဖုန်းနဲ့ကိုယ် စီးမျောနေကြပါတယ်။ ဒီလိုမျိုးအခြေအနေမှာ မိဘတွေဟာ သားသမီးကို သဘာဝအရ သိမြင်နားလည်စောင့်ရှောက်နိုင်စွမ်း ရှိပြီးသား ဖြစ်ရမယ့်အစား ကိရိယာကိုပဲ အလွန်အကျွံအားကိုးပြီး ကလေးနဲ့ မိဘ အလှမ်းဝေးသွားမှာ စိုးရိမ်မိကြပါတယ်။ ဒီကိရိယာလေးက မိဘ၊ သားသမီး ဆက်နွယ်မှုသံယောဇဉ်ကို လမ်းလွဲရောက်စေမှာ ပူပန်မိနေကြ ပါတယ်။ အကြင်နာမေတ္တာကို မက်မောတဲ့ကလေးတွေက ဘယ်လောက်ပဲ ရုပ်ဝတ္တုပြည့်စုံပါစေ မကျေနပ် မပျော်ရွှင်ဖြစ်ပြီး အိပ်မပျော်ဖြစ်တတ်ပါတယ်။

မိဘဆိုတာ သားသမီးကို ပူပန်ချစ်ခင်ရမှာ သဘာဝဆိုပေမဲ့ အခုလို စိတ်ချရတဲ့ ကိရိယာတွေ ပေါ်ပေါက်လာတဲ့အခါ မိဘတွေဟာ အပူအပင်ကင်းပြီး ကလေးအပေါ်ဂရုစိုက်မှုနည်းသွားနိုင် ပါတယ်။ ဒါမှမဟုတ် ကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အများကြီးသိခွင့်ရတဲ့အခါ ပူပန်တတ်တဲ့မိဘတွေလည်း အစိုးရိမ်ကြီးသွားနိုင်ပါတယ်။ ကလေးလေး အသက်ပုံမှန်ရှုနေရဲ့ လား တချက်လေး သွားကြည့်မယ့်အစား ကိရိယာကို တစ်နေကုန်ကြည့်ပြီး ကိုယ့်ကလေးနဲ့ တခြားကလေးနှိုင်းယှဉ်ကာ ပုံမှန်များဟုတ်ရဲ့လားဆိုပြီး ပူပန်အလုပ်များ စိတ်ဖိစီးနိုင်ပါတယ်။

အစိုးရိမ်ကြီးတဲ့ မိဘတွေကို ပြောပြလိုတာကတော့ ဒီကိရိယာလေးဟာ ကလေးတစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို တိတိကျကျပြောပြထားတယ်ဆို တာပါပဲ။ ဆက်စပ်နားလည်မှုအားနည်းတဲ့ မိဘတွေအနေနဲ့ ဒီအသေးစိပ်အချက်အလက်တွေကို ကြည့်ပြီး ကြောက်လန့် ပူပန်သွား နိုင် ပါတယ်။ အချက်အလက်ဆိုတာ နားမလည်တဲ့သူတွေအဖို့ အဓိပ္ပာယ်လည်း မရှိပါဘူး။

ဘာပဲဖြစ်ဖြစ် အကောင်းဆုံးမဟုတ်တောင် ဒီကိရိယာလေးဟာ ကလေးရဲ့ကိုယ်မှာ အလွယ်တကူ တပ်ဆင်ထားနိုင်ပြီး ကျန်းမာရေးအချက်အလက်တွေကို စုဆောင်းပေးဖို့ အထိရောက်ဆုံးပါပဲ။ ကလေးခြေပတ်ကိရိယာလေးကို ပျော့ပျောင်းတဲ့ ပိတ်သားလေးနဲ့ပြုလုပ်ထားပြီး အ၀တ်လျှော်စက် နဲ့ လျှော်လို့ရပါတယ်။ အာရုံခံကိရိယာကတော့ ကြိုးမဲ့အားသွင်းနိုင်ပြီး ကျန်းမာရေးအဆင့်မီ ဆီလီကွန်နဲ့ ပြုလုပ်ထားပါတယ်။

ဒီကိရိယာ မပေါ်ပေါက်သေးခင်ကတည်းက ကလေးစောင့်ကြည့်ကိရိယာတွေ ရှိခဲ့ပြီးသားပါ။ Mimo ကုမ္ပဏီမှ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်၊ လှုပ်ရှားမှုနဲ့ အိပ်တဲ့ပုံစံတွေကို သတင်းပို့တဲ့ ကိရိယာလေး တစ်ခုကို တီထွင်ခဲ့ပါသေးတယ်။ Owlet ကုမ္ပဏီကလည်း ကလေးရဲ့အပြုအမူတွေကို သတင်းပို့ ပေးတဲ့ခြေပတ်လေးတွေ တီထွင်ရောင်းချခဲ့ပါတယ်။

အခု တီထွင်ထားတဲ့ Sproutling ခြေပတ်လေးကတော့ ကလေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေအပြင် အလင်းရောင်၊ ဆူညံမှုစတဲ့ ပြင်ပသက်ရောက်မှုတွေ ကိုပါ ထိန်းကွပ်ပေးပါတယ်။ မိဘတွေကို လမ်းညွှန်ချက်၊ အမြင်နဲ့ အကြံဥာဏ်တွေပေးနိုင်တဲ့ စက်လေးတွေကို ပေါင်းစပ်ထားတယ်။ ဒီခြေပတ်လေးကို တီထွင်သူတွေဟာ လူအများရဲ့ နေ့စဉ်ဘ၀ကို လေ့လာပြီး အတွေ့အကြုံအများကြီးကို အခြေခံကာ တီထွင်ထားခြင်းဖြစ်ပါတယ်။ ဒီတီထွင်ရေးအဖွဲ့မှာ ဆေးကုမ္ပဏီ၊ Apple ကုမ္ပဏီ၊ Google ကုမ္ပဏီနဲ့ တခြား လျှပ်စစ်ပစ္စည်းကုမ္ပဏီမှ ပညာရှင်များ ပါဝင်ပါတယ်။

ထုတ်လုပ်သူ ပညာရှင်ဖြစ်သူ Bruce ကတော့ သူ့ကလေးတွေကိုလည်း စမ်းသပ်အသုံးပြုခဲ့ပြီး ဒီ Sproultling ခြေပတ်လေးဟာ ဖြန့်ဝေရောင်းချတဲ့ အခါ အောင်မြင်မယ်လို့ ယုံကြည်လျှက်ရှိပါတယ်။ လေးဘက်တွားအရွယ် ကလေးတွေအတွက်အပြင် နည်းနည်းကြီးတဲ့ကလေးတွေအတွက်လည်း တီထွင်လျှက်ရှိနေပါတယ်။

ဒါပေမဲ့ ကလေးရဲ့ ကိုယ်မှာ လျှပ်စစ်ပစ္စည်းကို ၀တ်ဆင်ထားရတာကို မကြိုက်တဲ့မိဘတွေလည်း ရှိနိုင်ကြောင်း Bruce က သိရှိထားပါတယ်။ ဒါကြောင့် Bruce ပြောကြားခဲ့တာက “ဒါဟာ လူတိုင်းအတွက် မရည်ရွယ်ပါဘူး။ ကလေးကို နည်းပညာ အားမကိုးပဲ ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ချင်တဲ့ မိဘတွေ အများကြီးရှိမယ်လို့ ယုံကြည်မိပါတယ်” လို့ပြောကြားသွားပါတယ်။

Credit: yangonlife မှ ကူးယူဖော်ြ်ပသည်။